ဝါရှင်တန် ၊ စက်တင်ဘာ-၃-၂၀၂၅
ရတီ (VOM)
တရုတ်သမ္မတ ရှီကျင်းပင်ဟာ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေနဲ့ပေါင်းပြီး အမေရိကန်ကို ဆန့်ကျင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားမှာ တရုတ်သမ္မတက မဟာမိတ်နိုင်ငံခေါင်းဆောင်တွေနဲ့ တက်ရောက်နေချိန်မှာ ထရန့်က အခုလို မှတ်ချက်ပြု စွပ်စွဲလိုက်တာပါ။
အမေရိကန်ကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်နေတဲ့ ဗလာဒီမာပူတင်နဲ့ ကင်ဂျုံအွန်းတို့ကို လေးစားပါတယ် လို့ ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံများကြား ဆက်ဆံရေး နွေးထွေးမှုဟာ ကမ္ဘာ့ဇာတ်ခုံမှာ အမေရိကန်အတွက် စိန်ခေါ်မှု ဖြစ်စေတယ်ဆိုတဲ့ ယူဆချက်ကို ထရန့်က ယခင်က ပယ်ချခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က တရုတ်နိုင်ငံကို ပေးအပ်ခဲ့တဲ့ ကြီးမားသော ထောက်ပံ့မှုနဲ့ သွေးမြေကျခဲ့ရတာတွေကို ထရန့်က ဖော်ပြခဲ့ပါတယ်။ တရုတ်ရဲ့ အောင်ပွဲနဲ့ ဂုဏ်ကျက်သရေကို ရှာဖွေရာမှာ အမေရိကန်တွေ အများအပြား သေဆုံးခဲ့ပြီး သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုအတွက် မှန်ကန်စွာ ဂုဏ်ပြုအမှတ်ရကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း ထရန့်ကဆိုပါတယ်။
ရှီကျင်းပင်ဟာ ကင်ဂျုံအန်၊ ပူတင်တို့နဲ့ ကင်နှင့်ပူတင်အပါအဝင် နိုင်ငံ့ခေါင်းဆောင် ၂၆ ယောက်က ချီတက်ပွဲသို့ တက်ရောက်ခဲ့ပြီး လေ့လာသူအချို့ကတော့ ဒါဟာ သူတို့ကို ကြဉ်ဖယ်ထားတဲ့ အနောက်နိုင်ငံများအတွက် သတင်းစကားအဖြစ် ရှုမြင်ထားပါတယ်။
စစ်ရေးပြပွဲမှာတော့ နျူကလီးယား ပဲ့ထိန်းဒုံးကျည်တွေနဲ့ ရေအောက်ဒရုန်းအကြီးစားတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါအပြင် တိုက်ချင်းပစ် ဒုံးကျည်အသစ်၊ အသံထက်မြန်တဲ့ လက်နက်တွေပစ်လွှတ်စင်သစ်၊ လေဆာလက်နက်အသစ်နဲ့ စက်ရုပ်ခွေးတွေ အပါအဝင် အဆင့်မြင့် စစ်လက်နက်ကိရိယာသစ် အမြောက်အများကို ထုတ်ဖော်ပြသခဲ့ပါတယ်။
Ref:BBC
Photo:Getty Images/Reuteer
