အာဖဂန်မှာ ၅ ဒဿမ ၂ အဆင့်ငလျင် ထပ်လှုပ်၊ သေဆုံးသူ ၁၄၀၀ ကျော်ရှိလာ



ကဘူးလ်၊ စက်တင်ဘာ-၃-၂၀၂၅
ရတီ(VOM)

အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ ရစ်ချ်တာစကေး ၆ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက် နှစ်ရက်အကြာမှာ ၅ ဒဿမ ၂ အဆင့်ရှိ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်က ဒီဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူ ၁၄၀၀ ကျော်သေဆုံးပြီး ၃၀၀၀ လောက်ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်အစိုးရက ဆိုပါတယ်။ ငလျင်ကြီးအပြီး ကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ မြေပြိုမှုတွေကြောင့် လမ်းတွေပိတ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲဖြစ်နေပါတယ်။

တောင်တန်း‌ဒေသရှိ ကျေးရွာတွေမှာ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးအဖွဲ့တွေကို ရဟတ်ယာဉ်တွေနဲ့ စေလွှတ်ထားပါတယ်။ ရုရှားတနိုင်ငံတည်းကပဲ တရားဝင် အသိအမှတ်ပြုထားတဲ့ တာလီဘန်အစိုးရကတော့ နိုင်ငံတကာအကူအညီတောင်းခံထားပါတယ်။

ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေထုတ်ပေးပြီး ဗြိတိန်ကလည်း ဒေါ်လာ ၁ဒဿမ ၃ သန်း ကူညီပေးဖို့ ကတိပြုထားပါတယ်။ အာဖဂန်နစ္စတန်မှာ ငလျင်မကြာခဏလှုပ်ခတ်မှုတွေကြုံခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ရက်က ငလျင်ကတော့ နှစ်အနည်းငယ်အတွင်းမှာ အပြင်းထန်ဆုံးတခုဖြစ်ပါတယ်။

အင်္ဂါနေ့မနက်က ထပ်လှုပ်တဲ့ ငလျင်ငယ်ရဲ့ ဗဟိုချက်က ဂျလာလာဘတ်မြို့ကနေ ၃၄ ကီလိုမီတာ (၂၁ မိုင်) အကွာမှာရှိပြီး အနက်က ၁၀ ကီလိုမီတာပဲရှိတဲ့ ငလျင်တိမ်တခုလို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကဆိုပါတယ်။
ကူနာ ပြည်နယ်က အဆိုးရွားဆုံးဒဏ်သင့်ဒေသဖြစ်တဲ့ ဆောကိုင် ခရိုင်မှာလည်း မနေ့က ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရတယ်လို့ ဆိုပါတယ်။ အခုလက်ရှိအချိန်ထိ ပျက်စီးမှုဒဏ်ရာရမှုအသစ်တွေရှိလာတယ်ဆိုတဲ့ သတင်းတော့မရှိသေးပါဘူး။

ကူနာ ပြည်နယ်က ကျေးရွာတွေကနေ အသက်ရှင်သူတွေကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်နေရပါတယ်။ ဒီပြည်နယ်မှာပဲ သေဆုံးဒဏ်ရာရမှုအများဆုံးဖြစ်ခဲ့တာပါ။မာဇာ ချိုင့်ဝှမ်းရဲ့ နေရာတွေဟာ မြေမျက်နှာသွင်ပြင် အလွန်ကြမ်းတမ်းလွန်းတဲ့အတွက် ရဟတ်ယာဥ်တွေ ဆင်းသက်ဖို့ အခက်အခဲရှိတယ်လို့ တာလီဘန်တာဝန်ရှိသူတယောက်က ပြောပါတယ်။

Ref:BBC
Photo:Getty Images

VOM Telegram Channel: https://t.me/VOMNEWS2023/15791

Related posts

Leave a Comment

VOM News

FREE
VIEW