မနီလာ၊ အောက်တိုဘာ-၁-၂၀၂၅
ရတီ(VOM)
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၇၀ နီးပါးရှိလာကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။
ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ဆိုင်ရာ သိပ္ပံဌာနက ဆူနာမီ သတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီး ပင်လယ်ရေမျက်နှာပြင် လှိုင်းအတက်အကျကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေ သိသိသာသာ ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။
စီဘူးပြည်နယ်အစိုးရကတော့ သဘာ၀ဘေးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာထားပြီး လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိဖို့နဲ့ ငလျင်သင့်သူတွေကို အကူအညီပေးရေးအတွက် အပူတပြင်းတွေ လုပ်ဆောင်နေပါတယ်။ ငလျင်ကြောင့် ဒဏ်ရာရသူတွေနဲ့ အခြားသူတွေကို ဆေးရုံအဆောက်အအုံပြင်ပမှာ ကုသမှုတွေ ပေးနေပါတယ်။
အင်္ဂါနေ့က ၆ ဒဿမ ၉ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲငလျင် ၆၁၁ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင် မီးတောင်ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။ ငလျင်သင့်ဒေသက လူတွေကတော့ မနေ့ညက လမ်းပေါ်ထွက် အိပ်ခဲ့ရတယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြည်သူတွေအနေနဲ့ သတိရှိရှိနေထိုင်ကြဖို့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ထားပြီး ငလျင်သင့်ပြည်သူတွေနဲ့အတူ များစွာ စိတ်ထိခိုက်ရတယ်လို့ ပြောပါတယ်။
ငလျင်ဟာ ဆန်ရီမီဂျီယို အပါအဝင် စီဘူမြောက်ပိုင်းမှာ အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အစားအစာနဲ့ ရေအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်သားတွေအတွက် အထောက်အကူဖြစ်စေဖို့ အကြီးစားစက်ကိရိယာတွေကို တောင်းဆိုထားကြောင်း ဆန်ရီမီဂျီယို ဒုတိယမြို့တော်ဝန်က ပြောပါတယ်။
“မိုးသည်းထန်စွာရွာနေပြီး လျှပ်စစ်မီးမရှိတာကြောင့် အကူအညီလိုအပ်နေပါတယ်၊ အထူးသဖြင့် ငလျင်ကြောင့် ထောက်ပံ့ရေးလိုင်းတွေ ပျက်စီးသွားတဲ့နောက် ရေရှားပါးလာတဲ့အတွက် မြောက်ပိုင်းမှာ အကူအညီလိုအပ်နေပါတယ်” လို့ သူက ဆိုပါတယ်။
Ref:BBC
Photo: CEBU GOVERNOR’S OFFICE/ GETTY IMAGES
