နိုဝင်ဘာ ၄၊ ၂၀၂၅
NN (VOM)
တအာင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (TNLA) ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ ရဲအချုပ်ခန်းကနေ အချုပ်သား သုံးဆယ်ကျော် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုလ (နိုဝင်ဘာ) ၁ ရက်နေ့ ညပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး TNLA ရဲတပ်ဖွဲ့ဘက်က ရှာဖွေမှုတွေ လုပ်နေတယ်လို့ ကွတ်ခိုင်မြို့ခံ တယောက်က ပြောပါတယ်။
“ဆေးသမားတွေ နဲ့ ခိုးဆိုးလုနှိုက်တွေ လို့ ပြောတယ်။ သုံးဆယ်ကျော်တယ်။ အရေအတွက် အတိအကျတော့ မသိဘူး။ အခုထိတော့ မိတယ်ဆိုတဲ့ အသံမကြားသေးဘူး” လို့ ဆိုပါတယ်။
ကွတ်ခိုင် ရဲစခန်း အချုပ်ခန်းဟာ ခိုင်မာတောင့်တင်းတဲ့ အဆောက်အအုံဖြစ်တာကြောင့် အခုလို လူဆယ်နဲ့ချီ ထွက်ပြေးတယ်ဆိုတဲ့အပေါ် မြို့ခံတွေ ကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
“ရဲစခန်းက အပျက်အစီးလည်း မရှိဘူးနော်။ ဒီလောက်လုံခြုံနေတာကို လူတွေ အခုလို ထွက်ပြေးတယ်ဆိုတော့ တမင်များ လွှတ်ပေးလိုက်သလား ထင်ရတယ်” လို့ ကွတ်ခိုင်မြို့ခံ တယောက်က ပြောပါတယ်။
ကွတ်ခိုင်မြို့တွင်းမှာ မူးယစ်ဆေးသမားတွေ ပိုများလာပြီး ခိုးဆိုးလုနှိုက်မှုတွေ ပိုများလာနေချိန်မှာ အခုလို အချုပ်သားတွေ ထွက်ပြေးသွားတာကြောင့် ပိုစိုးရိမ်နေရတယ်လို့ မြို့ခံတွေ ပြောပါတယ်။
“အရင်က ကိုးကန့်တပ်ဖွဲ့ကလည်း လုံခြုံရေးလုပ်ပေးတာရှိတယ်။ အခု ကိုးကန့်အဖွဲ့တွေက အရင်လို မလုပ်နိုင်တော့ဘူး။ တအာင်းအဖွဲ့ကလည်း လုံခြုံရေး ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ သူခိုးတွေ များလာတယ်” လို့ ကွတ်ခိုင်မြို့ခံ တယောက်က ပြောပါတယ်။
ကွတ်ခိုင် ရဲစခန်းကနေ အချုပ်သားတွေ ထွက်ပြေးတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ TNLA ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၂၀၂၇ စစ်ဆင်ရေးကာလမှာ ကွတ်ခိုင်မြို့ကို TNLA နဲ့ MNDAA တပ်ဖွဲ့တို့ ပူးတွဲတိုက်ခိုက် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ပူးတွဲလုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ပုံ CJ ကွတ်ခိုင်မြို့အား တွေ့ရစဉ်
