စတိတ်စင်ပေါ်မှာ ညစ်ညမ်းစကားတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် ဖမ်းဆီးခံရတယ်လို့ သတင်းထွက်​ပေမယ့် မိသားစုက​တော့ ​ဘေးကင်းတယ်လို့ဆို

နိုဝင်ဘာ ၄ – ၂၀၂၅
SN (VOM)
စတိတ်စင်ပေါ်မှာ ညစ်ညမ်း စကားလုံးတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် Wink Owens ကို လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးထားပြီး ပုဒ်မ သုံးခုနဲ့ တရားစွဲဆိုထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏမှာ ကျင်းပခဲ့တဲ့ Overflow Festival ဖျော်ဖြေပွဲမှာ စတိတ်စင်ပေါ်ကနေ ကွန်ဒုံးဝေရင်း ညစ်ညမ်း စကားလုံးတွေ ပြောဆိုခဲ့တဲ့ ရက်ပါ အဆိုတော်တယောက်ရဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် လူထုကြား ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ညစ်ညမ်းစကား ပြောဆိုခဲ့သူကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ လူထုကြား တောင်းဆိုမှုတွေ ရှိနေပြီး လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲဒီ ရက်ပါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ နိုဝင်ဘာ ၃ ရက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ အဲဒီ အဆိုတော်ရဲ့ ဦး​လေး​တော်စပ်သူက “သူကတော့ အဖမ်းမခံဘူး။ ရှောင်လိုက်နိုင်တယ် ​ဘေးကင်းပါတယ်” လို့ ပြောပါတယ်။
ဒါပေမယ့် အဆိုတော် ယုန်လေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ အဲဒီ အဆိုတော်ကို ဖမ်းဆီးသွားပြီဖြစ်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။
“ဖမ်းသွားပါပြီ။ မနောက်ဘူး ဖြစ်စေချင်လို့ မဟုတ်ဘူး။ ဖြစ်နိုင်တာ ပြောပြတာ။ အဲ့လို အပြောအဆိုနဲ့ ရောက်သွားတာဆိုတော့ သူ့ကို စင်ပေါ်မှာ သူပြောသလို သူ့ကို လုပ်ခံရနိုင်တယ်။ အထဲမှာ ကွန်ဒုံးတော့ မရှိလောက်ဘူး။ လူငယ်တစ်ယောက်ကို မလှောင်ပါဘူး” လို့ ရေးသားထားပါတယ်။
ဒါအပြင် အဲဒီ ညစ်ညမ်းစကားတွေ ပြောဆိုခဲ့တဲ့ အဆိုတော်နဲ့ ပတ်သက်လို့ ၎င်းရဲ့ အစ်ကိုတယောက်လို ဖြစ်နေတဲ့ သူကလည်း အဆိုတော် ယုန်လေးကို လာရောက် ရှင်းပြရာမှာ ၎င်းဟာ ငလျင်မှာ မိသားစု ကိုးယောက် သေဆုံးထားပြီး သူ့အစ်ကိုအရင်းကလည်း ကြိုးဆွဲချ သေဆုံးထားတာဖြစ်ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။
“စိတ်တွေ မငြိမ်၊ စိတ်ကျရောဂါ ဖြစ်နေလို့ပါတဲ့။ အားလုံးကိုလည်း တောင်းပန်ထားပါတယ်တဲ့။ စိတ်မငြိမ်ရင် Show ပွဲကို ပေးမဆိုသင့်ဘူး။ တော်တော်လေး အခြေနေဆိုးပါတယ်။ D ဝင်တာလား၊ ရိုင်းတာကို ဘောင်မဝင်ဘဲ ဂေါ်ချင်တာလား မသဲကွဲဘူး” လို့ အဆိုတော် ယုန်လေးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
စတိတ်စင်ပေါ်မှာ ညစ်ညမ်းစကားတွေ ပြောဆိုခဲ့တဲ့ အဆိုတော်ဟာ မန္တလေးမြို့မှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး ၎င်းနဲ့ နီးစပ်သူ တယောက်ကတော့ ပြီးခဲ့တဲ့ ငလျင်မှာ အဲဒီ အဆိုတော်ရဲ့ မိသားစုတွေ ဘာမှမဖြစ်ခဲ့ဘဲ ၎င်းရဲ့ ဦးလေး၊ အဒေါ်တွေနဲ့ ဝမ်းကွဲမောင်နှမ ကိုးယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ ငလျင်မှာ ပြိုကျတဲ့တိုက်က ၎င်းရဲ့ အမျိုးအိမ်ပေါ်ကို ပိခဲ့တာဖြစ်ပြီး ပြိုတဲ့အိမ်ကို သူက ရန်ရှာတာမျိုးရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိ စတိတ်စင်ပေါ်မှာ ညစ်ညမ်းစကားတွေ ပြောဆိုခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ၎င်းကို ဖမ်းဆီးဖို့အတွက် မန္တလေးမြို့က သာသနာသန့်ရှင်းရေး ဝိသောဓနီအဖွဲ့က မစိုးရိမ်ဖေးမ လက်တွဲကူ ဆိုတဲ့ သံဃာတော်တပါးရဲ့ အကောင့်ကနေ လှုံဆော်ထားသလို အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာတော် တချို့ကလည်း ရုပ်သံဖိုင်နဲ့တကွ ဖမ်းဆီးဖို့ တိုက်တွန်းတဲ့ ပို့စ်တွေ ရေးသားထားတာ တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်ကလည်း “နေ့ကြီးရက်ကြီးမှာ ဖရုသဝါစာ စကားတွေနဲ့ ပြောဆိုသွားတာဟာ ဘာသာတရားကို စော်ကားတာပါပဲ။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ DJ သမားလည်း အရေးယူခံရတာပဲ။ အခုလည်း အမှတ်မရှိကြဘူး။ လက်ခံလို့မရတဲ့ အမှားပါ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ Overflow Team ကလည်း မနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ အသိပေး တောင်းပန်စာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာ “ပထမဆုံးအနေနဲ့ လတ်တလော ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး Overflow Team ဘက်ကနေ အနှူးအညွတ် တောင်းပန်ချင်ပါတယ်။ ဒါဟာ ထင်မှတ်မထားဘဲ ဖြစ်ခဲ့တာဆိုပေမယ့် လူမှုရေးအရ မသင့်တော်တဲ့ စကားတွေ၊ အသုံးအနှုန်းတွေ ပါသလို ယဉ်ကျေးမှုအရလည်း ရုပ်ဆိုး အကျည်းတန်စေခဲ့တာကြောင့် ဒီလိုကိစ္စမျိုး နောက်နောင် ဘယ်တော့မှ ထပ်မဖြစ်အောင် သေချာ ကြပ်မတ် ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်” လို့ ရေးသားထားပါတယ်။
ဒါကြောင့် အခုပွဲအပြင် နောက်ပိုင်း ပွဲတွေကနေစပြီး အဆိုတော် Wink နဲ့ Bkho Bain ကို Overflow က လက်တွဲဖြုတ်လိုက်ပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ထပ် ပြည်သူတယောက်ကလည်း “ကိုယ်ဆို ကိုယ့်ညီမလေးတွေနဲ့ သွားတာ။ ကိုယ့်နားမှာလည်း ကိုယ့်ထက်ငယ်တဲ့ ကလေးတွေချည်းပဲ။ မိန်းကလေး အများစုလည်း ကိုယ့်နားမှာ ရှိကြတယ်။ လာမိတာ မှားပြီလို့ တွေးမိတဲ့အထိပါပဲ။ တခြား artist တွေထက်တောင် အချိန် တော်တော်ကြာကြာ ပေးထားတာမြင်တော့ ပွဲစီစဥ်သူတွေကို တော်တော် အံ့သြမိတယ်။ အုပ်စုလိုက်ကြီး တက်ပြီး စရိုက်ဆန်ပြနေတာကို ကြည့်ခဲ့ရတဲ့ အချိန်တွေ နှမြောမိတယ်” လို့ ဆိုပါတယ်။
ဒါအပြင် နောက်ထပ် ပြည်သူတယောက်ကလည်း ဒီဖြစ်စဉ်ဟာ အတူယူမှားနိုင်တဲ့ အရာမျိုးဖြစ်ပြီး ခေတ်လူငယ်တချို့ရဲ့ ရိုင်းမှ လူအများကြား ထင်ပေါ်မှု ရှိနိုင်တယ်၊ ခေတ်မီတယ် ဆိုတဲ့ အမြင်ကို ပြင်သင့်တယ်လို့ ပြောပါတယ်။
“ရိုင်းပြတဲ့ ပြောဆိုမှုတွေတော့ Stage ပေါ်မှာ ဘယ်နည်းနဲ့မှ မလုပ်သင့်ဘူး။ အခုက အရမ်း လွန်လွန်းအားကြီးတယ်။ စိတ်မငြိမ်ဘူးဆိုရင်လည်း နဂိုကတည်းက ပေးမဆိုသင့်ဘူး။ တယောက်တည်း မဟုတ်ဘူး။ အဖွဲ့လိုက် ပြောသွားတာ” လို့ သူက ပြောပါတယ်။
အဲဒီ ရုပ်သံဖိုင် ပျံ့နှံ့ခဲ့ပြီးနောက် ရက်ပ်အဆိုတော် Wink Owens ကလည်း ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် တောင်းပန်မှု ပြုလုပ်ခဲ့တာကို တွေ့ရပြီး အဲဒီ တောင်းပန်စာမှာ မိဘပြည်သူများအပေါ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် အနှူးအညွတ် တောင်းပန်ပါတယ်လို့ ပြောဆိုထားသလို နောက်နောင် မဖြစ်အောင် ဆင်ခြင်ပါ့မယ်လို့ ကတိပြု ရေးသားထားတာကို တွေ့ရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW