နိုဝင်ဘာ ၆ – ၂၀၂၅
SN (VOM)
တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး မဲလက်မှတ်တွေနဲ့ ငွေကြေး လိမ်လည်မှုတွေ ရှိနေတယ်လို့ ကိုယ်တိုင် ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ် ပြုလုပ်သူတွေဆီက သိရပါတယ်။
Car Lucky Draw page တွေဟာ 000 မှ ၉၉၉ အထိ ဂဏန်းသုံးလုံးပါ လက်မှတ်တွေကို ကားအမျိုးအစားအလိုက် တစောင်ကို ကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းကျော်အထိ လိမ်လည် ရောင်းချနေကြတာဖြစ်ပြီး ကံစမ်းမဲကိုတော့ ထိုင်းထီ(ချဲ)ရဲ့ နောက်ဆုံးဂဏန်း သုံးလုံးနဲ့ တိုက်ကာ မဲဖွင့်ပေးနေတယ်လို့ သိရပါတယ်။
အဲဒီလို ရောင်းချပေးရာမှာ Facebook လို ဆိုရှယ်မီဒီယာတွေပေါ်မှာ အခကြေးငွေပေး Boost ထိုးထားတဲ့ ကြော်ငြာတွေမှာတော့ ကံစမ်းမဲ တစောင်ကို ကျပ် သုံးသောင်းခွဲ သတ်မှတ်ထားပြီး အစောင် ၁၀၀၀ ရောင်းချတာဖြစ်ကာ မဲအစောင်အရေအတွက် အားလုံးကုန်မှ သိန်း ၃၅၀ ရရှိတာဖြစ်ပေမယ့် ကံစမ်းမဲပေါက်ရင်ပေးမယ်ဆိုတဲ့ကားက သိန်းထောင်ကျော်တန်ကားဖြစ်နေတယ်လို့ ကိုယ်တိုင် ကြုံရသူတယောက်က ပြောပါတယ်။
“မဲဖောက်ပေးတဲ့ ကားက သိန်း ထောင်ချီတန်တဲ့ ကားတွေ။ လိမ်တာလို့ မန့်ရင်လည်း block သွားကြတာ။ Kpay နံပါတ်တွေ ပါနေပေမယ့်လည်း အလိမ်ခံရလို့ ရဲတိုင်ရင်တောင် ၆၆ နဲ့ သက်ဆိုင်တာဆိုတော့ ဖုန်းနံပါတ်ပေးရ၊ ဘာပေးရနဲ့ အလိမ်ခံရတဲ့သူတွေပဲ နစ်နာတာ။ အမှန်ဆို ဘဏ်စနစ်နဲ့သုံးပြီး ငွေကြေး လိမ်လည်တာနဲ့ ပတ်သက်ပြီး အရေးယူဖို့ရာ အထူးဥပဒေ ပြဋ္ဌာန်း၊ လွယ်လွယ်ကူကူ လုပ်လို့ရတာကို နွဲ့တင်လုပ်နေသေးတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကားကံစမ်းမဲ ဖောက်ပေးနေတဲ့ Page တွေဟာ ကားအကောင်းစားတွေကို မဲဖောက်ပေးနေတာ ဖြစ်တဲ့အပြင် တချို့သော Page တွေကတော့ အပိုဆုအနေနဲ့ Click 160 ဆိုင်ကယ် အသစ်ကြီးနဲ့အတူ Iphone 17 Pro Max ဖုန်း အသစ်စက်စက်တို့ကိုလည်း လက်ဆောင်ပေးမယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။
ကားကံစမ်းမဲနဲ့ ပတ်သက်လို့ ကိုယ်တွေ့ကြုံရသူ နောက်တယောက်ကလည်း
“မဲပေါက်လို့ ဖုန်းဆက်ရင် မရတော့ဘူး။ စာပို့ရင်လည်း ပို့မရတော့ဘူး။ အကုန် block လုပ်သွားပြီ။ ပြီးတော့ သူတို့ပေးတဲ့ လိပ်စာတွေကလည်း အလွဲတွေ။ တချို့ကတော့ တကယ် ရောင်းချနေတဲ့ ဆိုင်ကြီးတွေရဲ့ လိပ်စာတွေပေးပြီး လုပ်စားကြတယ်။ တချို့ကျတော့လည်း တကယ်မရှိတဲ့ လိပ်စာတွေပေးပြီး လိမ်ကြတယ်။ တကယ်တမ်း သူတို့ပေးတဲ့ လိပ်စာ စုံစမ်းကြည့်ရင် အဲဒီနေရာမှာ သူတို့ပြောတဲ့ဆိုင်က လုံးဝ ရှိမနေဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ လိမ်လည် ရောင်းချနေတဲ့ ကားကံစမ်းမဲ Page အများစုဟာ အမှန်တကယ် အရောင်းအဝယ် ပြုလုပ်နေတဲ့ ကား showroom တွေနဲ့ ကားကုမ္ပဏီတွေက Page တွေ၊ ဓာတ်ပုံတွေကို ကူးယူဖော်ပြပြီး လိမ်လည်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ကား showroom ဖွင့်လှစ်ထားသူ တယောက်ကတော့ အမှန်တကယ် ရောင်းချနေတဲ့ မည်သည့်ဆိုင်မဆို မဲလက်မှတ်တွေ ရောင်းချကာ သုံးလုံးဂဏန်းနဲ့တိုက်ပြီး ကားမဲ ဖောက်ပေးတာမျိုး မလုပ်ကြဘူးလို့ ပြောပါတယ်။
“ကားမဲဖောက် ရောင်းတယ်ဆို အဲဒါ လိမ်နေတာပါ။ ကျွန်တော့်ဆိုင်ကိုလည်း messenger ကနေ ကားမဲဝယ်ချင်လို့ ဆိုပြီး လာမေးကြတာ ရှိတယ်။ အဲဒါမျိုး မလုပ်ဘူးလို့ ပြောရင်လည်း ကျွန်တော်တို့ဆိုင် နာမည်နဲ့ ကြော်ငြာထားတာ တွေ့လို့ပါဆိုပြီး ပြောကြတယ်။ အဲဒီတော့ ပြောချင်တာက အလိမ် Page တွေအများကြီး၊ ပုံမှားရိုက်နေကြတာ အများကြီး ရှိနေပါတယ်။ ဒါကြောင့် customer တွေ အနေနဲ့က ဘယ်သူမဆိုပေါ့၊ အကယ်၍ ကားမဲ ကြော်ငြာထားတာ တွေ့တယ်ဆိုရင် အဲဒါ လိမ်နေတာလို့သာ မှတ်လိုက်ပါ။ အဲဒါဆို ဘယ်သူမှ အလွယ်တကူ အလိမ်ခံရာတော့မှာ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
လက်ရှိကားကံစမ်းမဲရောင်းတာမှာ နာမည်ကြီးတဲ့ တယောက်ကို VOM က ဆက်သွယ်မေးကြည့်တော့ မီဒီယာဆို မဖြေပါရစေနဲ့လို့သာ ပြန်ကြားပါတယ်။
ဒီလို မသမာမှုလုပ်နေတာနဲ့ ပတ်သက်လို့ ကားလောကသားတယောက်ပြောတာက
“တကယ်ပေါက်လို့ပေးရင် ကားကအစုတ် တိုက်ကြေကားလိုဟာတွေပေးတာ၊ ကုန်ကုန်ပြောရရင် ချဲဒိုင် နှစ်လုံးဒိုင်ဆီကမှ ရဲတွေလိုင်းကြေးရသေးတယ်၊ ကားကံစမ်းမဲ အွန်လိုင်း ငလိမ်တွေက ကင်းလွတ်နေပုံရတယ်။ သူတို့လုပ်စားနေတာ အရေးယူသင့်တယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ ကားမဲအပြင် တချို့သော Page တွေကတော့ ဆိုင်ကယ်တွေကို မဲဖောက် ရောင်းချပေးနေတာ၊ အိမ်ခြံမြေမဲဖောက်တာတွေကို တွေ့ရပြီး အဲဒီ လူတွေက KBZ pay၊ Wave Pay စတဲ့ mobile banking တွေနဲ့ ပေါ်ပေါ်ထင်ထင် ရောင်းချကာ လိမ်လည်မှုတွေ ပြုလုပ်နေတာ ဖြစ်ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ အခုအချိန်အထိ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်တာမျိုး မတွေ့ရသေးပါဘူး။
Photo – CJ
