လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၇)

ဆူးငှက်
ဦးလေးလှနှင့် ဒေါ်ဒေါ်လူထုဒေါ်အမာတို့က လူငယ်တွေကို မြေတောင်မြှောက်ပေးသည်က အစဉ်အလာလိုဖြစ်သည်။ ကြီးပွားရေးစာအုပ်တိုက်ကို စတင်ထူထောင်သည်မှာ ၁၉၃၈ ဇူလိုင်လဖြစ်သည်။ ကြီးပွားရေးစာအုပ်တိုက်မထူထောင်မီ ၁၉၃၄ ခုနှစ်လောက်ကတည်းက ကြီးပွားရေးမဂ္ဂဇင်းကို အယ်ဒီတာ ကိုလှ ကထုတ်ဝေနေပါပြီ။ ထိုခေတ် ထိုအခါကထုတ်ဝေသော ကြီးပွားရေးမဂ္ဂဇင်းသည် လူငယ်များ ကျန်းမာသန်စွမ်းပြီး ပညာတွေတတ်၊ အမြင်တွေကျယ်ကာ တိုင်းပြည်လွတ်လပ်ရေး ကြီးပွားရေးလမ်းကြောင်းကို စိတ်အားထက်သန်စွာ ကြံဆောင်ကြစေဖို့ ရည်ရွယ်ခဲ့သည်။ ထို့ကြောင့်လည်း ကြီးပွားရေးမဂ္ဂဇင်းက ထိုခေတ် ထိုအချိန် အခြားမဂ္ဂဇင်းစာစောင်များမှာ ပါလေ့ရှိသော မိန်းကလေးလှလှနှင့် မျက်နှာဖုံးမျိုးမဟုတ်ဘဲ ကျိုးနေသော ထီး ပေါက်နေသော စည်ရှေ့မှာ မားမားရပ်နေသော လူငယ်ပုံမျိုး၊ ကြွက်သားအပြိုင်းပြိုင်းနှင့် ပုဆိန်ကို တအားလွှဲပေါက်နေသော လူငယ်ပုံမျိုး၊ စူးဆောင်ကိုင်ပြီး တစ်စုံတစ်ခု ဖန်တီးနေသော လူငယ်ပုံမျိုး၊ မြန်မာပြည်မြေပုံပေါ်က အပင်ကို ရေလောင်းနေကြသော ယောက်ျားပျို၊ မိန်းမပျိုပုံမျိုးတွေပဲဖြစ်သည်။
မဂ္ဂဇင်းအတွင်းမှာလည်း လူငယ်များ စုပေါင်းလမ်းလျှောက်လေ့ကျင့်ကြသော ဓာတ်ပုံသတင်းလို၊ ကာလကတ္တားမှာ ကျင်းပသော ကိုယ်ကာယအလှပြိုင်ပွဲတွင် ဇော်ဝိတ်ကြီးဗိုလ်စွဲသွားသော သတင်းမျိုး၊ ပညာချွန်သော ကျောင်းသားတွေ အထ္တုပ္ပတ္တိ အကျဉ်း၊ မဟာဝိဇ္ဇာဘွဲ့ရ မောင်သိန်းဟန် အင်္ဂလန်သွားပြီး စာကြည့်တိုက်ပညာသင်ယူသည် အကြောင်း၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရ မောင်အစန်း၊ အင်္ဂလန်မှာအိုင်စီအက်စ်အုပ်ချုပ်ရေး ပညာသွားရောက်သင်ယူသည့် အကြောင်း၊ နေသူရိန်၏ “မကြောက်တရား” ဆောင်းပါးများ။ ဦးတင့်ဆွေ(ဘီအေ-ဘီအမ်)က မန္တလေးတွင် လူမျိုးခြားများ စီးပွားရေးလက်ဝါးကြီးအုပ်ထားသည့် အကြောင်း၊ ဝါးခယ်မ ဦးဘထွား(ရှေ့နေ)က ဒိစတြိတ်ကောင်စီလူကြီးများ လာဘ်စားသည့် အကြောင်း၊ ကလေးစာပေအကြောင်း၊ မှော်ဘီဆရာသိန်းကြီး၏ ရှေးဟောင်းနှောင်းဖြစ် စာတမ်းစသောစသော လူငယ်များ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း ဆောင်းပါးများ၊ ပြဇာတ်များ၊ စာတမ်းများ ထည့်သွင်းထားသည်။
အသက် ၂၃ နှစ်အရွယ်မှာပဲ ကြီးပွားရေးမဂ္ဂဇင်းကို လူငယ်များကြီးပွားရေးအသင်းခွင့်ပြုချက်ဖြင့် အယ်ဒီတာ တာဝန်ယူကာ ကြီးပွားရေးကိုလှက ထုတ်ဝေသလို တစ်ဖက်ကလည်း သူ့ ပထမဆုံးလုံးချင်းစာအုပ်ဖြစ်သော “ဆိုဗီယက်ရုရှား”နှင့် “ထိပ်ဆုံးသို့” ဆသည့် စာအုပ် ၂ အုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ကြီးပွားရေး စာအုပ်တိုက်အနေနှင့် ပထမဆုံးထုတ်ဝေသည့် စာအုပ်မှာ ကာတွန်းဦးဘဂျမ်း၏ “ကိုပြူးနဲ့ မပြုံး”ရုပ်ပြကာတွန်းဖြစ်သည်။ မဂ္ဂဇင်းရော စာအုပ်တိုက်ရော ပြိုင်တူလုပ်ကိုင်နေရာက ၁၉၃၉ ခုနှစ် နိုဝင်ဘာလတွင် မန္တလေးသူ၊ သပိတ်မှောက်ကျောင်းသူ မအမာနှင့် အကြောင်းပါပြီး မဂ္ဂဇင်းရော စာအုပ်တိုက်ပါ မန္တလေးရွှေ့ပြီး မန္တလေးအခြေစိုက် ထုတ်ဝေပြနသည်။
မန္တလေးရောက်ပြီးမကြာခင်မှာဒုတိယကမ္ဘာစစ်ဖြစ်သောအခါ တစ်မိသားစုလုံး မန္တလေးခွာပြီး မတ္တရာဘက် စစ်ပြေးကြသည်။ မတ္တရာနယ် ကပိုင်ရွာတွင် စစ်ခိုစဉ် ကြီးပွားရေးစာအုပ်တိုက်အနေနှင့် “လူထုဂျာနယ်”ကို စတင်ထုတ်ဝေနေပါပြီ။ ၁၉၄၅ ခုနှစ် ဇူလိုင်လကစပြီး ထုတ်ဝေခြင်းဖြစ်သည်။ ၁၅ ရက် တစ်ကြိမ်ထုတ်ဂျာနယ်သည် စစ်ကြီးအတွင်းမို့ စက္ကူဖြူမရှိလို့ မီးခြစ်ပုံးခွံအပြာရောင်စက္ကူများနှင့် ထုတ်ဝေကြရ၏။ စစ်ပြေးနေရင်း “လူထုဂျာနယ်”အပြင်၊ သားဦးယောက်ျားလေး အတွက် “ဆုထူးပန်ယောက်ျား”ဟူသော စာအုပ်အပါအဝင် စာအုပ် ၂ အုပ်လည်း ထုတ်ဝေခဲ့သည်။
၁၉၄၆ ခုနှစ်ဧပြီ ၁၉ ရက်နေ့တွင် လူထုသတင်းစာကို စတင်ထုတ်ဝေသကဲ့သို့ို၊ ၁၉၅၉ ခု ဇန်နဝါရီလမှာ လူထုဂျာနယ်ထုတ်ဝေမှု ရပ်နားခဲ့သည်။ လူထုသတင်းစာ၏ အယ်ဒီတာချုပ်များအဖြစ် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ တာဝန်ယူခဲ့ကြသည်။ လူထုသတင်းစာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေဂုဏ်ဒြပ်များ ဖြစသော အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေးများကို ဆက်လက် သယ်ဆောင်ခဲ့သည်။ မြန်မာ့သတင်းစာသမိုင်း၌ “သိက္ခာရှိသောသတင်းစာ”အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့သည်။ ထို့ကြောင့်လည်း အဆက်ဆက် အစိုးရများ၏ မျက်စိစပါးမွှေးစူး ခံရကာ ဖိနှိပ်မှုများလည်း ဆက်တိုက်ခံခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် အစိုးရက သတင်းစာတိုက်ကို မိုင်းခွဲဖျက်ဆီးခဲ့၏။ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှတို့လည်း အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခဲ့သည်။ လူထုအယ်ဒီတာများ လူထုနှင့် ပတ်သက်သူ တွေကိုလည်း မျက်မုန်းကျိုးကာ အပြစ်မရှိ အပြစ်ရှာဖမ်းဆီးခဲ့သည်။ သတင်းစာကိုလည်း ၁၉၆၇ ခု ဇူလိုင်လ ၇ ရက်နေ့တွင် ဆက်လက်ထုတ်ဝေနိုင်ခြင်းမရှိအောင် လုပ်ငန်းလိုင်စင်ချထားမှု ရပ်ဆိုင်းခဲ့သည်။ သတင်းစာမရှိတော့သော နောက်မှာပင် ရန်ညှိုးရန်စမပြေသေး၍ လူထုဒေါ်အမာကို ဖမ်းဆီးထောင်ချကာ သားဖြစ်သော ညီပုလေးကို ဖမ်းဆီး ထောင်ချခဲ့သည်။
လူထုကြီးပွားရေးစာအုပ်တိုက်သည် မင်းဒဏ်လည်း အကြိမ်ကြိမ်သင့်ခဲ့သလို သဘာဝဘေးဒဏ်အဖြစ် ၁၉၈၄ ခုနှစ် မတ်လ ဦးကျားကြီးဝင်း မီးဘေးတွင် ပုံနှိပ်တိုက်အလုပ်ရုံနှင့်ဂိုဒေါင်များ မီးဘေးသင့်ခဲ့သည်။ ၁၉၈၄ ခုနှစ်၊ မတ်လ၂၄ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ မန်္တလေးမြို့လယ် ဦးကျားကြီးဝင်းက စတင်လောင်ကျွမ်းလိုက်သော မီးက မန်္တလေးတစ်မြို့တစ်လုံးသာမက နိုင်ငံနဲ့အဝှမ်း တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ မန်္တလေးကို မြို့နယ် (၄)မြို့နယ်ပိုင်းခြားထားသည့် အနက် မြို့နယ် (၃)မြို့နယ်က အိမ်ခြေပေါင်း (၂၃၀၀)ကျော်ကို ပြာကျစေခသည်။
၁၉၈၄ခုနှစ်မီးဘေးအပြီးမှာ စက်တစ်လုံးမှမရှိတော့သော အခြေအနေ၊ သားဖြစ်သူ ထောင်တန်းကျနေသော အခြေအနေကနေ မိခင်မုဆိုးမကြီးနှင့် အိမ်မှာ ကျန်ရစ်သော သမီးများကဦးစီးပြီး လုပ်ငန်းပြန်လည် လည်ပတ်ကြရ၏။ ထို အခြေအနေတွင် စာအုပ်က သုညမှ ပြန်လည် နာလံထူကာ လုပ်ဆောင်ရသော်လည်း ယခင်မူလ မူဘောင် ရပ်တည်ချက် သဘောထားအတိုင်း ဒေါ်ဒေါ်က ဦးဆောင်သည်။ လူထုသတင်းစာရှိသော ကာလက ကဲ့သို့ လူငယ်များကို မြေထောင်မြှောက်သည်။ မိတ္ထီလာတက္ကသိုလ်က ကိုဝင်းတင့်၊ ကိုကျော်စိုးဝင်း(ဆရာကြည်လင်အေး)၊ ပန်းချီ ညီညီ၊ စိုးဝင်းငြိမ်း၊ ကွန်ပြူတာ ကိုအောင်မင်း၊ ဒီဇိုင်းမောင်အေးချို၊ မောင်မြင့်ဖေ၊ ကိုမျိုး၊ နွယ်နီ၊ နှင်းနှင်း၊ မိုးသူဇာ၊ မြမြဝင်း၊ မခိုင် စသည့် လူငယ်များဖြင့် စာအုပ်တိုက်ကို ဒေါ်ဒေါ့် သမီး မတင်ဝင်းက ဦးဆောင်၍ ပြန်လည် နိုးထသည်။ ပုံနှိပ်စက်ဖက်က လူဟောင်းများအပြင် ဒေါ်ဒေါ့်တူများဖြစ်သော ကိုဘိုလေး၊ ကိုချစ်ဆွေတို့က ဝိုင်းဝန်းသည်။ ဆရာကျော်ရင်မြင့်၊ ဆရာညီစေမင်းနှင့် ကျွန်တော်တို့က စာတည်းစာပွဲတွေမှာပေါ့။\
\
ဒေါ်ဒေါ်က သူ့တိုက်မှာ သူချမှတ်ထားသည့် မူဘောင်နှင့် ကိုက်ညီသည်ဟု လက်ခံယုံကြည်မှုဖြင့် ကျွန်တော်တို့ကို လွတ်လပ်စွာ ဖန်တီး လုပ်ဆောင်ခွင့် ပေးခဲ့သည်။ ကျွန်တော်က မတောက်တခေါက် ဒီဇိုင်းလေး ခြစ်တတ်လေသောအခါ တိုက်ထုတ် စာအုပ်များ၏ အပြင်အဆင်ပိုင်းသာမက စာအုပ်မျက်နှာဖုံးများလည်း ရေးဆွဲစေခဲ့၏။ စာအုပ်နှင့် မပတ်သက်သော ဒေါ်ဒေါ် ပါဝင်တာဝန်ယူရသည့် လုပ်ငန်းအချို့တွင် ကျွန်တော့်ကို ဒီဇိုင်းတာဝန်များကိုလည်း စိတ်ချစွာ ပေးခဲ့ဖူးသည်။ ထိုအကြောင်းများကို ပြန်လှန်စဉ်းစားမိတိုင်း “ ကျွန်ုပ်နှင့် မတန်မရာ အလုပ်များ” ဟူသော ခေါင်းစီး စကားလုံးပဲ ပေါ်လာပါ၏။ ဒီလိုပါ။
သက္ကရာဇ် ၁၃၆၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၉၈ – ၉၉) တွင် ပရိယတ္တိ သာသနဟိတ အသင်းကြီး အနှစ် ၁၀၀ ပြည့်ပါသည်။ ထိုအသင်းကြီးက သမိုင်းအရ သာမက အစဉ်အလာကြီးမားသော အသင်းကြီးမို့ မင်းကွန်းဆရာတော်ကြီးကိုယ်နှိက်က သာသနာ့ဖခင်အသင်းကြီးဟု တင်စားခဲ့သည်။ (ပရိယတ္တိသာသနဟိတအသင်းကြီးထက် သက်တမ်း ၂နှစ် ပိုကြီးသော မလွန်ဈေးဆန်လှူ အသင်းကြီးကို သာသနာ့မိခင် အသင်းကြီးဟုလည်း ဆရာတော်ကြီးက နှိုင်းခိုင်းခဲ့ပါ၏) ။ ပရိယတ္တိသာသနဟိတအသင်းကြီးက သီပေါမင်းပါတော်မူအပြီး ၁၀နှစ်ကျော် အကြာတွင် တစ်ပါးကျွန်အောက် သာသနာမှေးမှိန်မည်ကို ကြောင့်ကြသော မန္တလေးမြို့မိမြို့ဖကြီးများက အမြော်အမြင်ကြီးစွာ တည်ထောင်ခဲ့ကြပြီး နာမည်ကျော် သကျသီဟစာမေးပွဲဖြင့် သာသနာ့အာဇာနည်များ ကြည်ညို ပူဇော်နိုင်ခဲ့ကာ ပရိယတ္တိသာသနာ့ အကျိုးကို နှစ်ပေါင်းရာကျော် ထိန်းသိမ်းခဲ့ ထိန်းသိမ်းဆဲ ထိန်းသိမ်းလတ္တံ့ အသင်းကြီးဖြစ်သည်။ ထိုအသင်းကြီးက အနှစ် ၁၀၀ ပြည့်သောအခါ ကြုံခေါင့်ကြုံခဲ ရာပြည့်ပွဲ ကျင်းပရေးအတွက် ကော်မီတီဖွဲ့ရာတွင် ဒေါ်ဒေါ့်က နာယကတာဝန်ယူခဲ့ပါ၏။ စာရေးဆရာ သတင်းစာ ဆရာမကြီးသာမက မြို့မိမြို့ဖ အနေနှင့်ရော အသင်းကြီး စတင်ထူထောင်သူ ၁၂ဦးတွင် ဒေါ်ဒေါ့် အဘိုး ဆေးရိုးကုန်သည်ကြီး ဦးဖြိုးအောင်လည်း ပါဝင်ခဲ့သောကြောင့် မျိုးဆက်အမွေ မြေးတစ်ယောက်အနေနှင့်ရော အသင်းကြီး၏ နာယကအနေနှင့် ဒေါ်ဒေါ့်ကို ဦးထိပ်ထားကြပါ၏။
အသင်းကြီး ရာပြည့်ပွဲအတွက် ၁၉၉၆ခုနှစ် မေလ ၁၁ရက်နေ့က မလွန်သာသနာ့ဗိမာန်တော်ကြီးတွင် အစည်းအဝေးကျင်းပခဲ့ရာ ဒေါ်ဒေါ်ကခေါ်သောကြောင့် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့် ကျွန်တော်လည်း လိုက်ပါခဲ့ရပါ၏။ ထိုအစည်းအဝေးတွင် မြတောင်ဆရာတော်၊ ဗန်းမော်ဆရာတော်၊ ဘုရားကြီးတိုက်ဆရာတော်ကြီးများနှင့် သြဝါဒါစရိယ ဆရာတော်ကြီးများက ဒေါ်ဒေါ့်ကို ရာပြည့်အထိမ်းအမှတ် စာစောင် ထုတ်ဝေရေး၊ မော်ကွန်းကျောက်စာပြုစု၍ မော်ကွန်းကျောက်စာဗိမာန် စိုက်ထူရေးတာဝန်များ ပေးအပ်ခဲ့သည်။ အစည်းအဝေးက ပြန်ရောက်သည်နှင့် ဒေါ်ဒေါ်က သူ့စိတ်ကူးတွေကို ကျွန်တော်တို့ ပြောပြရာတွင် အထူးသဖြင့် ရာပြည့်ကျောက်စာကို စကျင်ကျောက် အရိုင်းတုံးတွင် စာသားနေရာသာ ချောပြီး ကျစ်လျစ်သောအရေးအသားများဖြင့်မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ၊ သက္ကတ္တဘာသာများနှင့် ရေးထိုးလိုသည်။ ဗိမာန်တော်ကြီးကို မကွယ်ရန်နှင့်၊ ဗိမာန်တော်ကြီး ဗိသုကာ ဆင်ဝင်နှင့် ဆရာဆိုင်ကြီးကိုယ်တိုင် ပြုလုပ်ထားသော တိုင်ဆင်းနယား ပန်းတော့လက်ရာကိုလည်း အနှောက်အယှက်မဖြစ်ရန် ကျောက်စာတိုင်ကို အုတ်လှေကား အလောတော် အဆင့်များအပေါ် အမိုး အဆောင်မပါ လဟာပြင်မှာ ထားလိုသည်ဟု ဆိုသည်။ ထို့ကြောင့် ကျောက်စာတွင် ရေးထိုးမည့် စာသားများကို ဒေါ်ဒေါ်ကိုယ်တိုင်ပြုစုသည်။ ပြုစုပြီးသော စာများကို ကွန်ပြူတာစာစီပြီး သင့်တော်သည့် အရွယ်ချဲ့သည်။ စိတ်ကြိုက် စာလုံးအရွယ်တွင် ရရှိလာမည့် စာခွင်ဧရိယာ ပမာဏကိုတွက်ချက်ပြီး စကျင်ကျောက်တုံး အရွယ်အစား ခန့်မှန်းပုံဖော်သည်။ ထို့နောက် ဒေါ်ဒေါ်က ကျွန်တော့်ကို “ မင်း.. အဲဒီ ကျောက်တုံးပုံစံနဲ့ ဗိမာန်ကြီးရှေ့မှာ စိုက်ရမယ့် ပုံစံကို အတိုင်းအထွာတွေနဲ့ ပုံဆွဲပေး၊ ဒို့ လာမယ့်အစည်းအဝေးမှာ တစ်ခါတည်း တင်မယ်” တဲ့။ ကိုင်း…၊ ကျွန်တော်က ဗိသုကာလည်းမဟုတ်၊ မြန်မာမှု ပညာရှင်လည်းမဟုတ်၊ ပန်းချီဆရာလည်း မဟုတ်၊ သို့သော် ဒေါ်ဒေါ်ကိုယ်တိုင် ခိုင်းတော့ “ကျွန်ုပ်နှင့်မတန်မရာအလုပ်” ကို အားထုတ်ကြည့်ရမှာပေါ့။
ဤသု့ိဖြင့် ဆရာကြီးဦးအေးမြင့်တို့၊ ဆရာဦးဝင်းမောင်(တမ္ပဝတီ) တို့ ဆောင်းပါးများ၊ မြန်မာမှုဒီဇိုင်းများကို ရှာဖွေ ဖတ်ရှု လေ့လာရပါ၏။ မလွန်သာသနာ့ဗိမာန်ကြီးဆီ အခေါက်ခေါက်သွားကာ အရှေ့ကွက်လပ် အကျယ်အဝန်း၊ ရှေ့က မြင်ကွင်းတွင် နယားရုပ်နှင့် ဆင်ဝင် အနေအထား၊ ကျောက်စာအမြင့်နှင့် ဗိမာန်ကြီးပြာသာဒ် မြင်ကွင်းအချိုးစသည်တို့ တတ်သမျှ ကြည့်ရှုတွက်ချက်ပြီး နမူနာပုံကြမ်း ရေးဆွဲလိုက်ပါသည်။ ဒေါ်ဒေါ်က ထိုပုံကြမ်းများဖြင့် အစည်းအဝေးတင် အတည်ပြုချက် ယူတော့ အားလုံးက သဘောတူကြ သတဲ့။ ထို့ကြောင့် သတ်မှတ် အရွယ်အစား စကျင်ကျောက်တုံးရှာတော့လည်း အဆင်သင့်တွေ့သတဲ့။ ကျောက်စာ အတွက် ဒေါ်ဒေါ့် စာသားများကိုဗန်းမော်ဆရာတော်နှင့် ဘုရားကြီးဆရာတော်တို့က ထပ်မံ ဖြည့်စွက်၍ အတည်ပြုခဲ့သည်။ ထို့နောက် ကျောက်စာရေးထိုးခြင်း၊ စိုက်ထူခြင်း စသည့် လုပ်ငန်းစဉ်များကို ဆက်တိုက်ဆောင်ရွက်ရာ ပွဲတော်အမီ ပြီးမြောက်ခဲ့ပါ၏။ ကျောက်စာနှင့်ပတ်သက်၍ စာသား ကျောက်တုံး တို့ကို ဒေါ်ဒေါ့် စိတ်ကြိုက် ဆောင်ရွက်နိုင်သော်လည်း အောက်ခံအုတ်ခုံ အချိုးက ဒေါ်ဒေါ်လိုချင်သည့် အကျယ်အဝန်းနှင့် အမြင့်ကို စရိတ်စက အကြောင်းပြကာ လျော့ချလိုက်ပြီး၊ ကျောက်စာ စကျင်ကျောက်တုံးပေါ် အဆောင်တစ်ခု အုပ်မိုးလိုက်သည်။ ဒေါ်ဒေါ့်မှာ စိတ်တိုင်းမကျသဖြင့် တပျစ်တောက်တောက် ပြောမဆုံး။ “ ဒို့ ကော်မီတီလူကြီးတွေက အမြင်တယ်ကျဉ်းတာကိုး။ သေးသေးနုတ်နုတ် အဖြစ်ပဲလုပ်တတ်တာ၊ ကျောက်တုံးက အမိုးမပါရင် ရေရှည်မခံစိုးလို့တဲ့၊ ဖြစ်သလို သွပ်မိုးလိုက်ကြတာ၊နောက်ကဗိမာန်ကြီးမှအားမနာ” ဟု စိတ်မကောင်းခြင်းဖြင့် ပြောပါသည်။
၁၉၉၈ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် ဗြဟ္မစိုရ်အသင်းစတင်ထူထောင်ရန် တောင်စလင်းတိုက်သစ်တွင် အစည်းအဝေးခေါ်သည်။ ဤကဲ့သို့ နာမှုကူညီရေးအသင်းတစ်သင်း မန္တလေးမှာ အရေးတကြီးလိုအပ်နေလို့ ဒေါ်ဒေါ်က ဖွဲ့ချင်နေတာကြာပြီ။ မန္တလေးမှာ သုသာန်တွေ မြို့ပြင်ပြောင်းရွေ့လိုက်တော့ နာရေးကိစ္စတွေမှာ မြို့လူထုအဖို့ အတော်ကသီလင်တ ဖြစ်ကြရ၏။ နေရေးထက် သေရေးခက်ဟု ပြောစမှတ်ပြုကြရသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဒေါ်ဒေါ်က မြို့လူထုအတွက် မွတ်စလင်နိဗ္ဗာန်ဆော် အသင်းကဲ့သို့ နာမှု ကူညီရေးအသင်းဖွဲ့သင့်ကြောင်း ပြောဆို ရေးသားလေ့ရှိသည်။ သို့သော် အယူသီးလွန်းသော ကိုယ့်လူမျိုးများအတွက် ခက်ခဲလှသော အလုပ်ဖြစ်နေ၏။ ထိုအချိန်တွင် တောင်စလင်းတိုက်သစ်ဆရာတော် ဦးတိက္ခနှင့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ နဒီမြန်မာဦးအောင်ခိုင်တို့ကလည်း နာမှုကူညီရေးအသင်းအတွက် စိတ်အားထက်သန်ကြသောအခါ အခြားစိတ်ဝင်စားသူ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စာပေအနုပညာရှင်များ ပါဝင်သော အစည်းအဝေးကို တောင်စလင်းတိုက်သစ်တွင် ကျင်းခြင်းဖြစ်သည်။ ထိူ အစည်းအဝေးသို့ ဒေါ်ဒေါ်နှင့် အတူ ဆရာကျော်ရင်မြင့်၊ ဆရာသိုက်ထွန်းသက် နှင့် ကျွန်တော်တို့လည်း တက်ရောက်သည်။ အစည်းအဝေးက သြဝါဒါစရိယဆရာတော် ၉ပါး၊ ဒေါ်ဒေါ်အပါအဝင် နာယက ၉ဦး၊ ဥက္ကဋ္ဌ အငြိမ်းစားကောလိပ်ကျောင်းအုပ်ကြီး ဦးသန်းဗုလ်၊ ဒု – ဥက္ကဋ္ဌ ဦးအောင်ခိုင် ဦးဆောင်သော ကော်မီတီကို ဖွဲ့စည်းခဲ့၏။ ကျွန်တော်တို့ ၃ယောက်စလုံး အမှုဆောင်ထဲ ပါဝင်ခဲ့ကြပြီး နောက်ပိုင်းတွင် ဆရာကျော်ရင်မြင့်ပဲ ဆက်လက် ပါဝင်နိုင်ကာ ဒေါ်ဒေါ့်ကို အများဆုံး ကူညီနိုင်ခဲ့ပြီးအတွင်းရေးမှူး တာဝန်အထိ လှုပ်ရှား ထမ်းဆောင်သွားခဲ့သည်။
နောက်ပိုင်း အသင်းဖွဲ့စည်းပြီးနောက် အသင်းအမှတ်အသား လိုဂိုအတွက် ဒီဇိုင်းကို ဒေါ်ဒေါ်က ကျွန်တော့်အား တာဝန်ပေးပြန်ပါ၏။ ထို့ကြောင့် ယိုင်းပင်းကူညီမှု၊ ပေါင်းစည်းညီညွတ်မှု၊ ဖြေဖျောက် နှစ်သိမ့် မှု နှင့်ဗြဟ္မစိုရ်တရား၄ပါးကို ဖော်ဆောင်သော လိုဂိုကို လူထု ကွန်ပြူတာဒီဇိုင်း မောင်အေးချို အကူအညီဖြင့် ကျွန်တော် ရေးဆွဲပေးခဲ့ပါ၏။ ဒေါ်ဒေါ်က နှစ်သက်သဘောကျစွာဖြင့် သုံးစွဲခဲ့ရာ ယနေ့တိုင် ဗြဟ္မစိုရ်အသင်းကြီးက သုံးစွဲလျက်ရှိပါသည်။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW