ဆူးငှက်
စလေကိုယ်တော်ကြီး သပိတ်ပေါ်က သတင်းစာတွေ
————————————————————
မနက်စောစော အိမ်သို့ ဆွမ်းခံကြွလာသည့် စလေကိုယ်တော်ကြီးက ဦးကြီးလှတင်၏ လှဂုဏ်ရည် ဓာတ်ပုံတိုက်မှ သတင်းစာများ ယူလာတာ ကျွန်တော် ပြောခဲ့ဖူးပါသည်။ စလေကိုယ်တော်ကြီး၏ သပိတ်ဖုံးပေါ်မှာ အရင်ကတော့ မန္တလေးမြို့ထုတ် လူထုသတင်းစာနှင့် ရန်ကုန်မြို့က ထုတ်ဝေသော ကြေးမုံသတင်းစာတို့ ပါသည်။ ကျွန်တော် လေးတန်းအောင်သည့် နှစ်မှာပဲ လူထုသတင်းစာ မပါတော့။ နောက် ကြေးမုံသတင်းစာ ပါမလာတော့။ ထိုသတင်းစာများ အစား လုပ်သားပြည်သူ့နေ့စဉ် ဟူသော သတင်းစာ ပါလာသည်။ ကျွန်တော် ငါးတန်းရောက်တော့ ဦးကြီးဘထွန်းအိမ်မှာ ဆွမ်းခံရင်း နားကာ ဆေးလိပ်ဖွာနေတတ်သော စလေကိုယ်တော်ကြီး သပိတ်ဖုံးပေါ်မှာ ပါလာသည့် သတင်းစာများကို အပြေးအလွှား သွားဖတ်သည်။
သည်လိုနှင့် ဦးကြီးချို၏ အလုပ်ကုတင်ဘေးက ဂျာနယ်တွေ ဖတ်လိုက်၊ ရေချိုးသွားရင် ကျော်ကျော့်အိမ်က အရီးဒေါ်လှရှင်း အိပ်ရာဘေး စင်ပေါ်က မဂ္ဂဇင်းတွေ တမေ့တမော ကြည့်လိုက်၊ အိမ်ရောက်တော့ ကိုမောင်ဒွေး ပေးလိုက်သည့် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကိုလှန်လိုက်၊ ကိုကိုထွန်းရွှေ၏ စာအုပ်စင်က ယူထားသည့် ရွှေကိုင်းသား၏ မန္တလေးဟူသော စာအုပ်ကို ဖွင့်လိုက်နှင့် ကလေးဘ၀ အဖော်အပေါင်း အများသူငါနှင့် ဆော့ကစားရမည့် အချိန်တွေက စာအုပ်နှင့် ချောင်ကုတ်နေတော့သည်။ နဂိုက ကြောက်တတ်သူအဖို့ ပိုလို့ လူတောမတိုးတော့။
ပူပူလောင်လောင် ကြာဆံဟင်းတစ်ခွက်
————————————————
မှတ်မိပါသေးသည်။ ထိုကာလများအတွင်း ဘုရားပွဲရာသီမှာပေါ့။ ဝမ်းကွဲ အစ်မများက ဘုရားပွဲ တစ်ပွဲကို သွားကြမည်။ ဆွေမျိုးမကင်းရှိသူတစ်ဦးက အားလုံးကို ဖိတ်ထားလို့ ဖြစ်သည်။ ညနေစောင်းတော့ ဝမ်းကွဲ အစ်မများက ဖီးလိမ်းပြင်ဆင်ပြီး ဘုရားပွဲသွားကြသည်။ ထိုစဉ် အစ်မတစ်ယောက် အိမ်မှာ ကုတ်၍ မဂ္ဂဇင်းစာအုပ်ကို ခေါင်းထိုးနေသော ကျွန်တော့ကိုလည်း အစ်မတွေက လိုက်ခဲ့ဖို့ခေါ်သည်။ ထို့ကြောင့် ဝတ်လက်စအင်္ကျီ ကြယ်သီးပြုတ်၊ ဘောင်းဘီတို ချုပ်ရိုးပြဲနှင့် လိုက်သွားတာပေါ့။ ဘုရားပွဲဖိတ်ထားသည့် အိမ်ရောက်တော့ မှောင်နေပြီ။ မီးရောင်တထိန်ထိန်မှာ ဧည့်ခံကျွေးမွေးနေတာမို့ အိမ်ထဲက စာပွဲ အသီးသီးမှာ ဧည့်သည်တွေရှိသည်။ အစ်မတွေကို ဧည့်ခေါ်သူက လွတ်သည့်စာပွဲမှာ နေရာချပေးကာ ကြွေပန်းကန်များတွင် ကြာဆံဟင်းများကို ကြွေရည်သုတ် လိုက်ချိုင့်ကြီးနှင့် ပန်းကန်စေ့ လိုက်ထည့်ပေးသည်။
အငွေ့တထောင်းထောင်း ပူပူနွေးနွေး ကြာဆံဟင်းက မွှေးလှချည့်။ ကြက်သားဖတ်တွေ၊ ငါးဖယ်လုံးတွေ ကလည်း များလှချည့်။ ကျွန်တော့်ရှေ့က ပန်းကန်ထဲလည်း ကြာဆံဟင်းထည့်ပေးတော့ ဘေးနားချထားသည့် ဇွန်းလေး ကောက်ကိုင်ကာ စားရန် မွှေလိုက်သည်။ ထိုစဉ် အိမ်ရှင်က ရောက်လာကာ အစ်မတွေကိုတွေ့တော့ ဝမ်းသာကြောင်း၊ ဘယ်သူမပါဘူးလား၊ ဘယ်ဝါမပါဘူးလား ဖြည်းဖြည်းသုံးဆောင်ကြပါ။ အသားဖတ်တွေ ထည့်ထည့်ပေးလိုက်ပါဦး စသည်ဖြင့် ရွှန်းရွှန်းဝေအောင် ဧည့်ဝတ်ပြုပြီး ကျွန်တော့်ကို မြင်သောအခါ “ဟောတော်၊ ဘယ်သူများလဲလို့၊ မင်းက ကလေးလေ၊ လူကြီးတွေကြားထဲ ရှုပ်နေမှာပေါ့၊ လာခဲ့လာခဲ့ ဒီမှာမစားနဲ့၊ ဒို့နဲ့ လိုက်ခဲ့” ဟု ခေါ်လို့ ကိုင်လက်စ ဇွန်းလေး ချကာ လိုက်သွားသည်။
အိမ်ရှင်က အိမ်မကြီးဘေး မီးဖိုချောင်လေး ရှေ့က စာပွဲခုံလေးမှာ ထိုင်ခုံလေးချပေးပြီး ထိုင်ခိုင်းသည်။ ထို့နောက် မီးဖိုထဲက သံဇလုံဟောင်းတစ်ခု ယူပြီး စာပွဲပေါ်တင်ထားသည့် သောက်လက်စ ချန်ထားရစ်သော ကြာဆံဟင်းတွေ စုကာ ဇလုံထဲထည့်ပြီး “ ရော့ ဒီမှာပဲစား၊ ဒါတွေက အသန့်တွေနော်” ဟု ပြော၍ ဇလုံကို ကျွန်တော့်ရှေ့ထိုးပေးသည်။ ကျွန်တော်က သောက်လက်စ ပန်းကန်ထစ်လုံးထဲက ဇွန်းတစ်ချောင်းကိုယူသည်။ ဇလုံထဲက ကြာဆံဟင်းကို မွှေသည်။ ဘာလို့မှန်းမသိ ကျွန်တော် ဇလုံထဲက ကြာဆံဟင်းတွေကိုပဲ မွှေနေမိပြီး မသောက်ဖြစ်တော့။ ကျွန်တော် အိမ်ထဲက အစ်မတွေနား ပြန်သွားရမှာ ကြောက်နေသည်။
ထို့ကြောင့် အိမ်အပေါက် အမှောင်ရိပ်ကပဲ အစ်မတွေကို စောင့်နေတော့သည်။ အစ်မတွေထွက်လာတော့ “ကြာဆံဟင်းတွေ သောက်ခဲ့ရဲ့လား၊ ဒို့က ဆနွင်းမကင်းတွေ ပေးမလို့ ကြည့်နေတာ နင်က မရှိတော့လို့” ပြောပါ၏။ နောက်ရက် နောက်လ နောက်နှစ်တွေမှာ အစ်မတွေ အပြင်ထွက်တိုင်း ခေါ်မှာစိုးလို့ သူတို့မမြင်အောင် နည်းပေါင်းစုံနှင့် ရှောင်နေမိတော့သည်။ ကျွန်တော် ပိုလို့ လူတောမတိုးတော့ပြီ။ ထို့ကြောင့် ကြီးသည့်အထိ ဆွေမျိုးရင်းချာများ၏ ပွဲလမ်းအခမ်းအနားများမှာပင် ပန်းကန်ဆေးချောင် မှာပဲ နေကာ လွန်ရောကျွံရော ရှေ့ထွက်တာမျိုးက မုန့်ပွဲပြင်တာမျိုးပဲ ဖြစ်ခဲ့ပါ၏။ ဆရာကြီးရွှေဥဒေါင်းစကားနှင့် ပြောရလျှင် ငယ်စဉ်က စူးခဲ့သည့် ဆူးတစ်ချောင်း၏ ဒဏ်ရာများဟု ဆိုရမည်။
ဘွိုင်လာ မီးထိုးအလုပ်သမားကြီးက လပေးယူတဲ့ သတင်းစာ
—————————————————————-
ဤသို့ဖြင့် ၆တန်းနှစ်လောက်ရောက်တော့ မန္တလေးမှာ ဟံသာဝတီသတင်းစာ ထုတ်ဝေမည်ဟု ကြေညာသည်။ ထိုသတင်းက မန္တလေးအတွက် မျှော်လင့်နေကြသည့် သတင်းဖြစ်သည်။ မန္တလေးသည် ရှေးကတည်းက ကိုယ်ပိုင် သတင်းစာတွေ အသီးသီးရှိသတဲ့။ မနက်လင်းသည်နှင့် မန္တလေးမြို့ထုတ် သတင်းစာမျုားဖြင့် ဝေဆာခဲ့ကြသည်တဲ့။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မန္တလေးမြို့ထုတ် သတင်းစာများ ရပ်နားသွားကြရာ လူထုသတင်းစာတစ်စောင်သာ ကျန်ခဲ့ရာမှ ဆက်လက်ထုတ်ဝေခွင့် မပေးတော့သဖြင့် မန္တလေးထုတ် သတင်းစာ မရှိတော့သည်ကို မြို့လူထုက စိတ်ပျက်လက်ပျက် ဖြစ်နေကြတာတဲ့။ အခုတော့ ဟံသာဝတီသတင်းစာကို မန္တလေးက ထုတ်ဝေမည် ဆိုတော့ ဝမ်းမြောက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်နေ့ ၃ကျပ် ၁၅ပြားသာရရှိသော ဆီစက်ဘွိုင်လာမီးထိုး အလုပ်သမား အဘ က ဟံသာဝတီသတင်းစာကို တစ်လလျှင် ၆ကျပ်ပြား၄၀ ကြိုတင်သွင်းပြီး နေ့စဉ် ယူတော့သည်။
ဟံသာဝတီသတင်းစာ စတင်ထွက်သည့်နေ့က မနက်စောစောကတည်းကပင် သားအဖနှစ်ယောက် သတင်းစာ မျှော်ကြသည်။ အရပ်ထဲက ဦးရေဝိုင်း အိမ်တွင်နေသော သတင်းစာကိုယ်စားလှယ် ကိုဉာဏ်ရှိန်၏ စက်ဘီးဘဲလ်သံနှင့်အတူ သော့ခတ်ထားသော ဝင်းပေါက်သံတံခါးကြားက သတင်းစာကို ပြေးယူသည်။ ပုံနှိပ်မင်နံ့ပင် မပျောက်သေးသော သတင်းစာတစ်စောင်ကို မနက်စောစော ဖတ်ရသည့် အရသာက စွဲလမ်းသွားတော့၏။
အလယ်တန်းက သူငယ်ချင်းကောင်း
——————————————–
ဤသို့ဖြင့် လူကောင်သေးသေး ကလေးအဖော်နည်းသော ကျွန်တော်သည် စာမျက်နှာနှင့် စာလုံးတွေ ကြား၌သာ ခေါင်းထိုးနေပြီး ကျောင်းစာအပေါ် အာရုံစိုက်မှုက လျော့နည်းလာ၏။ ၅တန်း ၆တန်းနှစ်တွေက စာမေးပွဲတိုင်း အဆင့် ၅ ၊ ၆ နောက် မရောက်ခဲ့သူသည် ၇တန်းနှစ်မှာ အဆင့် ၁၀ကျော်သာမက အင်္ဂလိပ်စာမှာ ကျရှုံးသည့် စာမေးပွဲများပင် ရှိလာသည်။ အတန်းဖော်ဖြစ်သော (ကို) တင်မြင့် နှင့် (မ) ခင်ဝင်းရီ က စာမေးပွဲတိုင်း အဆင့် ၁ နှင့် ၂ ချည်း ဗိုလ်စွဲနေရာ ကျွန်တော်နှင့် စာသင်ခုံ တစ်ခုံတည်း ထိုင်သော (ကို) တင်မြင့် က သူငယ်ချင်းကောင်း ပီသစွာဖြင့် အရင်စာမေးပွဲလို မိဘခေါ်ပြီး အတိုင်ကြားမခံရရန် ကျောင်းစာကို ဂရုစိုက်ရန် သတိပေးခဲ့တာ မှတ်မိနေသည်။ တကယ်တော့ အသက် ၁၂နှစ် ၁၃နှစ်အရွယ် ကလေးတစ်ယောက်က လူကြီးစိတ်ဖြင့် သတိပေးမှုက သူငယ်ချင်းကောင်း ပီသခြင်းမို့ ကျေးဇူးတင်စရာ ကောင်းလှသည်။
တကယ်တော့ အဋ္ဌမတန်းရောက်သည် ဆိုတာနှင့် သိပ်္ပံ- ဝိဇ်္ဇာဟူသော ကြိမ်လုံးကြီးက ကျွန်တော့်ကို ခြောက်လှန့်နေသည်။ လူကြီးတွေကလည်း သိပ်္ပံဘာသာတွဲရရှိစေဖို့ တွန်းအားပေးသည်။ ဆိုလိုတာက အချိန်ပြည့် ပြင်ပစာအုပ်တွေနှင့် တကုတ်ကုတ် ဖြစ်နေတာ လျှော့ပြီး၊ ကျောင်းစာကိုပဲ ဖိဖိစီးစီးလုပ်ဖို့ ကြပ်မတ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြင်ပစာအုပ်များ ဖတ်ရှုခြင်းကို ပျော်မွေ့ လာသည်နှင့် အမျှ ထိုစာအုပ်များပါ စွဲနစ်ခဲ့သော စာပုဒ်၊ စာကြောင်းများကိုလည်း အမှတ်တရ ရေးသား စုဆောင်း မှတ်တမ်းတင်ခြင်း ဖြစ်ပါသည်။ ထိုမှတ်တမ်းများကား ကျောင်းသုံးဗလာစာအုပ်များ၏ ပထမဆုံး စာမျက်နှာပဲ ဖြစ်သည်။ ဥပမာဆိုပါတော့၊ မြန်မာမှတ်စုအားလုံး၏ ပထမဆုံးစာမျက်နှာတွင် ပုဂံ သာရပါတံခါးပုံကို ကောက်ကြောင်းဆွဲပြီး ထိုတံခါး၏ အပြိုအပျက် အုတ်တံတိုင်းတွင် “မြန်မာစာ”ဟူသော စာလုံးလေးကို ပုဂံခေတ် စာလုံးပုံစံနှင့်“ထု”ဖော် ရေးဆွဲသည်။ စာလုံး မှာအုတ်တွေကွာလိုကွာ၊ လှပ်လိုလှပ်။
ထို ပန်းချီဒီဇိုင်းအောက်တွင် လက်ရေးဖြင့် “မြားနှင့်လွှားနှင့်၊ လှံဓားဝံ့၍ မင်းမင့်ဦးဆောင်း၊ ရန်အပေါင်းကို နှင်ပေါင်းရကား သင်တံခါးတည့်။”ဟူသော ကဗျာကို ရေးကာ ““မင်းသုဝဏ်”ဟု ရေးသူ နာမည်ကိုပါ ထည့်သွင်းထားသည်။ စာအုပ်များကိုလည်း အတွင်းစာသာမက စာအုပ်မျက်နှာဖုံးများကိုလည်း သဘောကျကာ ကူးဆွဲဖြစ်သည်။ ထိုမျှမက ဟံသာဝတီသတင်းစာ၏ အခါကြီးရက်ကြီး အထူးထုတ်မျက်နှာဖုံးပန်းချီတွေကြောင့် သတင်းစာဟောင်းတွေ ဖြတ်သိမ်းသည်။ ပန်းချီနှင့် တစ်နွယ်ငင် တစ်စင်ပါ စာတွေပါ ဖတ်ပြီး သဘာဝအလှတွေသာမက ဘဝ၏ အရုန်းအကန် ကောက်ကြောင်းများကိုလည်း ခံစားတတ် လာ၏။
ထမင်းစား လက်မှတ်တဲ့
————————–
သည်လိုနှင့် အဋ္ဌမတန်းရောက်သောအခါ ကံကောင်းသည်က အတန်းပိုင် ဆရာမက အင်္ဂလိပ်စာသင်သည်။ အသင်အပြက အလွန်ကောင်းလှသည်။ ထို့ကြောင့် ကျွန်တော် အားနည်းသော အင်္ဂလိပ်စာက အတန်းပိုင် ဆရာမကြောင့် အမီလိုက်နိုင်လာသည်။ စာသင်နှစ်အစရောက်သည်နှင့် ကျွန်တော်က ကျောင်းသားငယ်မို့ အတန်းပိုင်ဆရာမက ရှေ့ဆုံးခုံမှာ နေရာချထား ပေးသည်။ သူ့စားပွဲနှင့်မျက်နှာချင်းဆိုင် ကပ်လျက်။ ထို့ပြင် ကျောင်းခေါ်ချိန် စာအုပ်များ၊ မြေဖြူပုံးနှင့် duster စသော သင်ကြားရေး ကိရိယာများ သိမ်းဆည်းရန်လည်း တာဝန်လည်း ယူရသည်။ ကျွန်တော်က ထိုနေရာ ထိုခုံမှာမထိုင်ချင်။ ထိုအလုပ်များကို မလုပ်ချင်လို၍ မဟုတ်ပါ။ ရှေ့ဆုံးခုံမှာ ထိုင်တော့ စာများများ မေးခံရမှာ စိုးရိမ်၍ ဖြစ်သည်။ တကယ်တော့ ကျွန်တော်က စာမတော်လှပါ။ ၇၅ % မျှ စာမရမှာ သေချာလို့ ဖြစ်သည်။ သို့သော် မတတ်နိုင်တော့။
ဖြစ်ချင်တော့ အဋ္ဌမတန်းစာသင်နှစ်၏ ပထမနေ့များမှာပင် အတန်းပိုင် ဆရာမက ကျွန်တော့်စာအုပ်တွေ ယူကြည့်တော့၏။ ကျွန်တော် ထိုင်နေသော နေရာမှ တစ်မုဟုတ်ချင်း ကွယ်ပျောက် သွားချင်လှသည်။ စာအုပ်တိုင်း၏ အရှေ့မျက်နှာမှာ ကျွန်တော် လက်စွမ်းပြချက် တွေချည်း မဟုတ်ပါလား။ ကျွန်တော် ဝါသနာကို မဖုံးနိုင်၊ မဖိနိုင်ဘဲ ကျောင်းသင်ခန်းစာကို လျစ်လျူရှုမှု သက်သေခံ များပါတကား။ အင်မတန် စည်းကမ်းကြီး၍ အရိုက်ကြမ်းလှသည် ဟူသော အဋ္ဌမတန်း အတန်းပိုင်ဆရာမက ကျွန်တော်ကို အတန်းရှေ့လူလယ်ကောင် မတ်တတ်ရပ်၍ သူ့လက်စွဲတော် ကြိမ်လုံးဖြင့် အရှက်ကွဲအောင် လက်စွမ်းပြ တော့မှာလား။
သို့သော် ကျွန်တော်၏ ကလေးဘဝတွင် ဝမ်းသာမဆုံးနှင့် အားအတက်ရဆုံး တစ်နေ့ကို ပြောပါဆိုလျှင် ထိုနေ့ကိုပဲ မဆိုင်းမတွ ပြောရမည်။ ယခု ပြန်စဉ်းစား အခုပြန်၍ ကျေနပ်ပီတိ ဖြစ်မိ၏။ လက်လုပ်လက်စား မိဘနှစ်ပါးက မွေးဖွား၍ လက်လုပ် လက်စား အသိုင်းအဝိုင်းမှာပင် ကြီးပြင်းကာ ပင်ကိုကလည်း ပညာရေးမှာ သာမန်အဆင့်သာ ရှိသော ကျွန်တော့်အဖို့ ရှေ့ဘဝခရီးများတွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရေးကို အားနည်းချည့်နဲ့စွာ အခက်အခဲများနှင့် ရင်ဆိုင် တွေ့နိုင်မှုက သေချာခြင်းအတွက် အရွယ်နှင့်အလိုက် တနုံ့နုံ့ စိုးရိမ်ပူပန် အားငယ်နေသည်။ ထိုအားငယ်မှုတွေ ကလည်း ဟန်မဆောင်နိုင်အောင် သိသာနေသည်။ ထိုသို့သော အချိန်၌ အတန်းပိုင်ဆရာမသည် ကျွန်တော့် စာအုပ်များ၏ ပထမစာမျက်နှာများကို တစ်အုပ်ပြီးတစ်အုပ် အံ့အားတသင့် လှန်ကြည့်ပြီး ကျွန်တော့်ကို နှစ်လိုဖွယ် အပြုံးများဖြင့် ဝမ်းသာအားရ ပြောလိုက်တာက“ငါ့သား မင်းဘဝမှာ ထမင်းအတွက် မပူရတော့ဘူး။ ထမင်းစား လက်မှတ်ကို အခုကတည်းက ရနေပြီပဲ၊ ငါ့သား အသက်ငယ်ငယ်လေးပဲ ရှိသေးတာ ။ ဆက်ကြိုးစား။ ထူးထူးချွန်ချွန် လူသား တစ်ယောက်ဖြစ်စေရမယ်”တဲ့။
ကျွန်တော်ဝမ်းသာလွန်းလို့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာသည်။ ဆရာမကလည်း ပြုံး၍ ကြည့်နေ၏။ ဆရာမ မျက်ဝန်းတွေကလည်း ဖြည်းဖြည်းချင်း ကျွန်တော်၏ သိမ်ငယ်နေသော အငုံ့စိတ်ကို ကျေပျက်စေဖို့ အားပေး အားတက်စေသော အတန်းပိုင်ဆရာမကား မန္တလေး အမှတ်၂၁ အ.ထ.က ၏ အဋ္ဌမတန်းဘီ အတန်းပိုင်ဆရာမ ဒေါ်လှလှသန်း ဖြစ်ပါ၏။ တမလွန်က ဆရာမကို ဦးချ ကန်တော့လိုက်ပါသည်။
ဆူးငှက်
