ကျောက်ဆည်က မိသားစုနှစ်စု ကားတစီးတည်းနဲ့ အတူခရီးသွားရင်း အဆက်အသွယ်မရ ပျောက်ဆုံးနေ

နိုဝင်ဘာ ၈ – ၂၀၂၅
SN (VOM)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မိသားစုနှစ်စုဟာ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို ကားတစီးတည်းနဲ့ အတူတူ ခရီးသွားနေရာကနေ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပျောက်ဆုံးနေသူတွေဟာ ကျောက်ဆည်မြို့ KK ဖိနပ်ဆိုင်မှ ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင်နဲ့ ကျောက်ဆည်မြို့၊ ညောင်ရွေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နဲ့ သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
၎င်းတို့ဟာ တန်ဆောင်တိုင် ပိတ်ရက်ဖြစ်တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးဘက်ကို ကားနံပါတ် 7M-9611 နဲ့ ဘုရားဖူးခရီး ထွက်သွားကြတာဖြစ်ပြီး လက်ရှိမှာ အဲဒီ ကားနဲ့အတူ ခြောက်ယောက်လုံး အဆက်အသွယ်မရ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုအချိန်အထိတော့ ဘာသတင်းမှ မရသေးဘူး။ သူတို့က တညအိပ်ပဲ ဆိုပြီး‌တော့ ပုဂံကို သွားလိုက်ကြတာ။ နိုဝင်ဘာ ၂ ရက်‌နေ့ကတည်းက အဆက်အသွယ် မရတော့တာ။ ဖုန်းတွေလည်း အကုန် စက်ပိတ်ထားတယ်။ သွားကြတာကတော့ လူကြီး လေးယောက်၊ ကလေး နှစ်ယောက်ပါ” လို့ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာ ၎င်းတို့ ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ လူပျောက် တိုင်ကြားထားတယ်လို့ သိရပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲဖြစ်ကာ အခုအချိန်ထိ ထူးခြားမှု မရှိသေးဘူးလို့ သူက ပြောပါတယ်။
“သူတို့နဲ့ နောက်ဆုံး အဆက်အသွယ် ရတဲ့အချိန်က သူတို့ ပုပ္ပါးဘက် သွားနေတယ်လို့ ပြောတယ်။ နိုဝင်ဘာ ၂ ရက်နေ့ကပေါ့။ အဲဒီနောက်ပိုင်း အဆက်အသွယ် ပြတ်သွားတာ။ ဖုန်းတွေအကုန်လုံးလည်း စက်ပိတ်သွားတယ်။ အွန်လိုင်းလည်း မတက်တော့ဘူး” လို့ သူက ပြောပါတယ်။
ဒါကြောင့် ပုဂံ – ညောင်ဦး – ပုပ္ပါးဘက်က ဒေသခံတွေအနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝိုင်းဝန်း စုံစမ်းပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။
“အခု သူတို့ပျောက်နေတာ တပတ်လောက် ရှိနေပြီဆိုတော့ တခုခု ဖြစ်တယ်ဆိုရင်လည်း ဘာပဲဖြစ်ဖြစ် သတင်းလေးဘာလေးတော့ ကြားရမှာပေါ့။ အခုက ဘာသတင်း အစအနမှကို မကြားရဘဲနဲ့ ပျောက်နေတာဆိုတော့ တော်တော်တော့ ထူးဆန်းနေတယ်။ အားလုံးကလည်း စိတ်ပူနေကြတယ်” လို့ သူက ပြောပါတယ်။
အခြေအနေ တစုံတရာ ထူးခြားမှု ရှိပါကလည်း မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ 09971500501, 092019501, 09753820910, 09966354918 တို့ကို ဆက်သွယ်ပေးကြဖို့ မိသားစုဝင်တွေက အကူအညီ တောင်းခံထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်

Related posts

Leave a Comment

VOM News

FREE
VIEW