ဂျကာတာရှိ ဗလီတခုမှာ ဝတ်ပြုနေချိန် ပေါက်ကွဲမှုဖြစ်လို့ လူ ၅၀ ကျော် ဒဏ်ရာရ

ဂျကာတာ၊ နိုဝင်ဘာ-၇-၂၀၂၅
ရတီ(VOM)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျောင်းဝင်းတခုရှိ ဗလီအတွင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်တင်ထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ သောကြာနေ့ဝတ်ပြုချိန်အတွင်း ဖြစ်ပွားခဲ့တာပါ။ မြောက်ဂျကာတာ၊ ကယ်လ်ပါဂါးဒင်းရှိ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ မြို့တော်ရဲချုပ် အာဆက်အီဒီဆူဟာရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စုစုပေါင်း လူ ၅၄ ယောက်ကို ဆေးရုံပို့ထားပြီး မီးလောင်ဒဏ်ရာတွေအပါအဝင် အသေးစားကနေ ပြင်းထန်ဒဏ်ရာတွေထိ ရရှိသူတွေ ပါဝင်ကြောင်း သူကပြောပါတယ်။ ဒီပေါက်ပွဲမှုဟာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်မှုရှိမရှိ အထူးရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။
ရေတပ်ဝင်းအတွင်းရှိ အစိုးရအထက်တန်းကျောင်းတခုဖြစ်တဲ့ SMA 27 ရှိ ဗလီမှာ ဝတ်ပြုမှုစတင်ချိန်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံနှစ်ခုကို ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဗလီတခုလုံးမှာ ပေါက်ကွဲမှုကြောင့် မီးခိုးတွေ ပြည့်နှက်သွားပြီး ကျောင်းသားတွေနဲ့ အခြားသူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်ဆိုပါတယ်။
အစောပိုင်းမှာ ဂျာကာတာ မီးသတ်နဲ့ ကယ်ဆယ်ရေးအေဂျင်စီက ပေါက်ကွဲမှုဟာ ကျောင်းရှိ အသံချဲ့စက်စပီကာတခုက စတင်ခဲ့တာလို့ ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ဖြန့်ကျက်ထားတဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ကတော့ ဗလီအနီးမှာ အရုပ်ရိုင်ဖယ်တွေနဲ့ အရုပ်သေနတ်တလက် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သေနတ်လို့ယူဆတဲ့ ဓါတ်ပုံတွေဟာ ကစားစရာတခုသာဖြစ်တယ်လို့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးကလည်း အတည်ပြု ပြောဆိုပါတယ်။
Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW