နိုဝင်ဘာ ၈ – ၂၀၂၅
SS (VOM)
စတိတ်စင်ပေါ်မှာ ညစ်ညမ်း စကားတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် Wink Owens ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဖမ်းဆီးလိုက်ပြီဖြစ်ပြီး လက်ရှိ အချိန်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ အဲဒီ အဆိုတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏမှာ ကျင်းပခဲ့တဲ့ Overflow Festival ဖျော်ဖြေပွဲမှာ စတိတ်စင်ပေါ်ကနေ ကွန်ဒုံးဝေရင်း ညစ်ညမ်း စကားတွေ ပြောဆိုခဲ့တဲ့ ၎င်းရဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် လူထုကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့တာဖြစ်ပြီး ဖမ်းဆီး အရေးယူပေးဖို့ ပြောဆိုမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ပြီးတဲ့နောက် သူဟာ ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အမှန်တကယ် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။
အဆိုတော် Wink အနေနဲ့ အဖမ်းမခံဘဲ ရှောင်တိမ်းနေတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဖမ်းဆီးခံထားရပြီ ဖြစ်တယ်လို့ ၎င်းနဲ့ နီးစပ်သူတယောက်က VOM ကို အတည်ပြု ပြောဆိုပါတယ်။
“Wink ရယ်၊ သူညီဝမ်းကွဲရယ် အဖမ်းခံလိုက်ရတာပါ။ ရန်ကုန်က သူတို့တည်းနေတဲ့ အိမ်မှာ လာဖမ်းသွားတာ။ ခုထိ အဆက်သွယ်မရသေးဘူး” လို့ သူက ပြောပါတယ်။
အခုလို Wink Owens နဲ့ သူ့ရဲ့ ညီဝမ်းကွဲ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ အမှုဖွင့်သူအပြင် အရေးယူထားတဲ့ ပုဒ်မကို သိရှိနိုင်ဖို့ VOM က သက်ဆိုင်ရာနယ်မြေ ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပေမယ့် အခုအချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။
ဒါအပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း Wink Owens နဲ့ သူ့ရဲ့ ညီဝမ်းကွဲ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Wink Owens ရဲ့ စတိတ်စင်ပေါ်ကနေ ညစ်ညမ်းစကား ပြောဆိုနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့စဉ်က အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ Overflow Festival Page မှ အဆိုတော် Wink နဲ့ Bkho Bain တို့ကို လက်တွဲဖြုတ်ပြီး ဖြစ်ကြောင်း ကြေညာခဲ့သလို ကာယကံရှင် ဖြစ်တဲ့ Wink ကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တောင်းပန်စကား ဆိုခဲ့ပါတယ်။
Wink Owens ဟာ Trap Hip Hop အမျိုးအစား တေးသီချင်းတွေကို သီဆိုသူတယောက် ဖြစ်တယ်လို့ သိရပြီး ၎င်းရဲ့ “ရပါတယ်” အမည်ရ တေးသီချင်းနဲ့ အဆိုတော် G Fatt နဲ့အတူ တွဲဖက် သီဆိုထားတဲ့ “Radio” အမည်ရှိ တေးသီချင်းတွေဟာ လူငယ်ပရိသတ်တွေကြား လူကြိုက်များခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
