နိုဝင်ဘာ ၇ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာ ၇ ရက်၊ မနက်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာမှာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ဒဏ်ရာရရှိသူ ခုနစ်ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“လေယာဉ်သံ ကြားတာနဲ့ တိုက်ခိုက်မှုဖြစ်တာက တဆက်တည်းလို ဖြစ်သွားတာ။ ရှောင်ချိန် မရလိုက်ကြဘူး။ မနက် ၁၁ နာရီကနေစပြီး နာရီဝက်အတွင်း ဆက်တိုက် ဖြစ်သွားတာ။
လူသေဆုံးက ကျွန်တော်တို့ သိထားသလောက်က ငါးယောက်၊ မသိသေးတာတွေလည်း ရှိနိုင်တယ်။ အရေးပေါ် ဆေးကုနေရတဲ့ သူတွေလည်းရှိတယ်” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
အဲဒီ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားနေချိန် အတွင်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင် ကျေးရွာမှာလည်း လက်နက်ကြီး ကျရောက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီ မြို့နယ်အတွင်းက အောင်ဖြူပြင် ကျေးရွာမှာလည်း မနက် ၁၁ နာရီ ၂၉ မိနစ်ဝန်းကျင်က ဒရုန်း ကျရောက်ခဲ့တဲ့အတွက် တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်း ကျရောက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေဘက်ကရော၊ AA ဘက်ကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းကျရောက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ငါးယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကျောက်ဖြူ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးကာ ၁၇ ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ် တောင်ညိုကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့သလို အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာမှာ ဒရုန်း ကျရောက်မှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခု ရက်ပိုင်းအတွင်းမှာ အစိုးရတပ်ဟာ ရခိုင်ပြည်က လက်လွှတ်ထားရတဲ့ မြို့တွေ၊ ဒေသတွေကို နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ လေကြောင်း၊ ရေကြောင်း အန္တရာယ်တွေကို အထူး သတိထားကြဖို့ AA က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။
Photo – CJ
