မုန်တိုင်းကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့တဲ့ ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်းဖြစ်လာနိုင်တဲ့ မုန်တိုင်းဖန်ဝမ် ဦးတည်နေ

မနီလာ၊ နိုဝင်ဘာ-၈-၂၀၂၅
မျိုးဆက်(VOM)
မကြာသေးမီရက်အတွင်း မုန်တိုင်းကြောင့် လူရာချီသေဆုံးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ဖွန်ဝမ် ဦးတည်နေပြီး မနက်ဖြန် ကုန်တွင်းပိုင်းကို မဝင်ရောက်မီ စူပါတိုင်ဖွန်းအဖြစ် အားကောင်းလာနိုင်တယ်လို့ ဖိလစ်ပိုင် မိုးလေး၀သဌာနက သတိပေးပါတယ်။
ဖန်ဝမ် တိုင်ဖွန်းမုန်တိုင်းကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၅ မီတာအထိ ရှိလာနိုင်ပြီး မုန်တိုင်းရဲ့ ဧရိယာဟာ ကီလိုမီတာ ၁၅၀၀ ရှိကာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ နိုင်ငံအရှေ့ပိုင်းမှာ စတင်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မုန်တိုင်း၏ ကြီးမားသော လည်ပတ်မှုသည် ၁၅၀၀ ကီလိုမီတာ ရှည်လျားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ဖြင့် အရှေ့ပိုင်းဖိလစ်ပိုင်ဒေသများကို တိုက်ခတ်နေပြီဟု PAGASA မိုးလေဝသခန့်မှန်းသူ ဘီနီဆန် အက်စတာရာဂျာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“မုန်တိုင်းက တနိုင်ငံလုံးနီးပါးကို လွှမ်းခြုံနိုင်တယ် ” ဖိလစ်ပိုင် မိုးလေဝသဌာနမှ ပညာရှင်ဖြစ်သူ အက်စတာရာဂျာက ဆိုပါတယ်။ ဖန်ဝမ် တိုင်ဖွန်းမုန်တိုင်းဟာ လက်ရှိမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ၁၄၀ ကီလိုမီတာကနေ ၁၇၀ ကီလိုမီတာအထိ ရှိပြီး ကုန်းမြေနံ့ နီးကပ်လာတာနဲ့အမျှ တနာရီ ၁၈၅ ကီလိုမီတာအထိ ပိုမိုအားကောင်းလာနိုင်တယ်လို့ အက်စတာရာဂျာက ပြောပါတယ်
ဒီလေတိုက်နှုန်းဟာ နေအိမ်တွေ၊ အဆောက်အအုံတွေနဲ့ သစ်ပင်တွေ ပြိုလဲ ပျက်စီးနိုင်ပါတယ်။ ဖိလစ်ပိုင်အရှေ့ပိုင်းပြည်နယ်တွေ အထူးသဖြင့် ဘီကိုးဒေသနဲ့ ဆာမာ ဒေသအချို့မှာ မိုးရေချိန် ၂၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ပါတယ်။
မိုးရေချိန်ပမာဏဟာ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပြီး မြောက်ပိုင်းနဲ့ အလယ်ပိုင်း လူဇွန်မှာတော့ မိုးရေချိန် ၁၀၀ မှ ၂၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ပါတယ်။ မြေနိမ့်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေရှိ ဒေသခံတွေကို ကုန်းမြင့်ဒေသတွေဆီ ပြောင်းရွှေ့ဖို့နဲ့ ရေကြောင်းသွားလာမှုအားလုံး ရပ်ဆိုင်းထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ဒေသန္တရအစိုးရအများအပြားဟာလည်း တနင်္လာနေ့မှာ စာသင်ကျောင်းတွေ ပိတ်ထားဖို့နဲ့ ပြည်တွင်းလေကြောင်းလိုင်းအချို့ကိုလည်း ခရီးစဉ်တွေ ဖျက်သိမ်းထားလိုက်ပါတယ်။ မကြာသေးမီရက်အတွင်းက တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီကြောင့် ဖိလစ်ပိုင်းမှာ လူ ၂၀၄ ယောက်သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီမုန်တိုင်းကြောင့် ဗီယက်နမ်မှာလည်း လူငါးယောက်သေဆုံးပြီး အိမ်ခြေ ၂၈၀၀ နီးပါးပျက်စီးပြီး လူပေါင်း ငါးသိန်းကျော် လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ကြောင်း သဘာ၀ဘေးအန္တရာယ် အေဂျင်စီက ပြောပါတယ်။
ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ဟာ ပစိဖိတ်တိုင်ဖွန်းဇုန်တလျှောက်မှာ တည်ရှိတာကြောင့် အပူပိုင်းမုန်တိုင်းငယ်တွေနဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့တိုက်ခတ်ခံရပြီး မုန်တိုင်းရာသီများတွင် ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။
Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW