နိုဝင်ဘာ ၈ – ၂၀၂၅
SS (VOM)
ရထားလမ်းပိုင်း မိုင်းထောင် ဖျက်ဆီးခံရမှုကြောင့် ယာယီရပ်နားရတဲ့ ရန်ကုန် – မော်လမြိုင် ခရီးစဥ်တွေကို လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ရန်ကုန် – မော်လမြိုင်လမ်းပိုင်း၊ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား၊ မိုင်တိုင် ၁၂၅/၁၈- ၁၉ ကြားမှာ မနေ့ နိုဝင်ဘာ ၇ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က အမှတ် (၆၈၆) အစုန်ကျောက်ရထား ဖြတ်သန်းစဥ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ရထားခရီးစဉ်တွေ နှစ်ရက်ကြာ ယာယီ ရပ်နားထားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ရထားသံလမ်း နှစ်ဆက်လောက် ပျက်စီးသွားပြီး အမှတ် (၆၈၆) အစုန်ကျောက်ရထား စက်ခေါင်း အပါအဝင် တွဲ လေးတွဲ လမ်းချော်သွားတာကြောင့် လက်ရှိမှာ မြန်မာ့မီးရထားရဲ့ တာဝန်ရှိ ဝန်ထမ်းတွေက ပျက်စီးသွားတဲ့ ရထားလမ်းကို နေ့ရော၊ ညပါ မနားတမ်း ပြန်လည် ပြင်ဆင်လျက်ရှိတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့၊ ညနေ ၄ နာရီလောက်မှာ ပြင်ဆင်မှုတွေ အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ ပြန်ထွက်ပါမယ်” လို့ သူက ပြောပါတယ်။
မနေ့က ဖြစ်စဉ်မှာ မိုင်းရှင်းရထား ဖြတ်သန်းချိန် မိုင်းမကွဲခဲ့ဘဲ အဲဒီရထားရဲ့ နောက်က ကျောက်ရထား ဖြတ်သန်းအချိန်မှသာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ရထားလမ်းပိုင်း မိုင်းထောင် ဖျက်စီးခံရမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းတွေက ပြုလုပ်ခဲ့တယ် ဆိုတာကိုတော့ လက်ရှိအချိန်အထိ မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။
အဲဒီ ပေါက်ကွဲမှုကြောင့် မနေ့ နိုဝင်ဘာ ၇ ရက်က မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမယ့် အမှတ် (၈၂) အစုန် မော်လမြိုင် – ရန်ကုန်ရထားနဲ့ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမယ့် အမှတ် (၈၁) အဆန် ရန်ကုန် – မော်လမြိုင် ရထားခရီးစဥ် နှစ်ခုကို ယာယီ ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
ဒါအပြင် ဝယ်ယူထားပြီးဖြစ်တဲ့ ရထား လက်မှတ်ခတွေကိုလည်း မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံမှာ မနေ့ မနက် ၈ နာရီခွဲကနေ နေ့လယ် ၁၂ နာရီအထိ ပြန်အမ်းပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဒီကနေ့ န်ိုဝင်ဘာ ၈ ရက်မှာ မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမယ့် အမှတ် (၈၂) အစုန်ရထားနဲ့ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမယ့် အမှတ် (၈၁) အဆန်ရထား ခရီးစဥ်တွေကိုလည်း ယာယီ ဖျက်သိမ်းထားပြီး ဒီကနေ့အတွက် ဝယ်ယူထားတဲ့ ရိုးရိုးတန်း၊ အထက်တန်း လက်မှတ်တွေကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံမှာ မနက် ၇ နာရီကနေ ၁၀ နာရီအထိ ပြန်အမ်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့မှာတော့ မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမယ့် အမှတ် (၈၂) အစုန် ရထားကို ရိုးရိုး (AAR) ရထားတွဲဆိုင်းနဲ့ မနက် ၈ နာရီခွဲမှာ အချိန်မှန် ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နိုဝင်ဘာ ၉ ရက်နေ့အတွက် အထက်တန်း ရက်ကြို လက်မှတ် ဝယ်ယူထားတဲ့ ခရီးသည်တွေကို လက်မှတ်ခငွေတွေ ပြန်အမ်းပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကလည်း သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ မိုင်းပေါက်ကွဲမှုကြောင့် အမှတ် (၆၈၇) ကျောက်ရထား မိုင်းထိမှန်ပြီး စက်ခေါင်း အပါအဝင် ကျောက်တွဲ ခုနစ်တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီလိုပဲ မေလ ၆ ရက်နေ့ကလည်း နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြား၊ မိုင်တိုင် ၁၁၂/၁၀- ၁၁ ကြား၊ တံတားအမှတ် (၆၅)၊ ပေ ၈၀ တံတားမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တံတားပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မော်လမြိုင်ဘူတာကြီး
