သူတို့အိမ် အခန်း – ၂၇

 

 

 

ဟုတ်ပြီ။ ကျွန်တော် လိုချင်တာ ဒါပဲ
——————————————-

သည်တစ်ခါ အမှတ် ၂၁ အ.ထ.က တွင် ကျွန်တော် ပဉ္စတန်းသို့ စတင် တက်ရောက်သည့် ကာလသို့ နောက်ကြောင်းပြန်သွားပါရစေဦး။ အဘယ်ကြောင့်ဆိုသော ထိုစဉ်ကာလများမှာ အစ်မဖြစ်သူ မမခင်ဝင်းအကြောင်း ပြောရမှာမို့ ဖြစ်ပါသည်။ တကယ်တော့ ထိုအကြောင်းတွေကို မပြောချင်တော့ပါ။ ပြောခဲ့ပေါင်း ရေးခဲ့ပေါင်းလည်း များလှပါပြီ။ ပြောသည့် ရေးသည့် အခါတိုင်းလည်း မေ့ပျောက်လျစ်လျူရှုထားသော ဒါဏ်ရာတွေက ပေါ်လာသည်ချည်းမို့ အကျိုးထက် အဆိုးပဲ ခံစားရခြင်းကြောင့် ဖြစ်ပါသည်။ တစ်ခါတရံ စဉ်းစားမိပါသည်။ လူတစ်ယောက် အတွက် အကြောင်းအရာတစ်ခုက အကျိုးမပေးလျှင် သူ့ဘဝတစ်လျှောက်လုံး မည်မျှပင် ကောင်းအောင် အကြိမ်ကြိမ်အဖန်ဖန် လုပ်ကိုင်သော်လည်း အရာမထင်ခဲ့သည့် အကြောင်း ဖြစ်ပါသည်။

 

 

မမခင်ဝင်းသည် မထင်မှတ်ဘဲ ဆရာမကြီး ဒေါ်သြဘာသောင်း၏ နောက်ဆုံးသင်တပည့်အဖြစ် ကျန်ခဲ့ကာ ဆရာမကြီး စိတ်ကူးတီထွင်ခဲ့သည့် ကဗျာလွတ် ၁၂၅ကွက်ကို ဆရာမကြီး ပေးသောကြောင့် ရရှိခဲ့သူ ဖြစ်သည်။ အကယ်၍ သူမဟုတ်ဘဲ အခြားတပည့် တစ်ယောက် ဆိုလျှင်လည်း ထိုတပည့်က လက်ခံနိုင်စွမ်းရှိလျှင် ထိုတပည့် ရရှိပါလိမ့်မည်။ ထု့ိကြောင့် ၁၉၆၇ မတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ သမ္မတ အိမ်တော်ဝင်းအတွင်း ကျင်းပသော တောင်သူလယ်သမားနေ့ ဂုဏ်ပြုညစာစားပွဲတွင် မန္တလေးပန်တျာမှ ဆရာမကြီးဒေါ်သြဘာသောင်း၏ တပည့် မခင်ဝင်းနွယ် ကပြသော ကကွက်များကိုတော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးက စိတ်ဝင်စားသဖြင့် မေးမြန်းရာ ဒေါ်သြဘာသောင်းက ဒါမြန်မာ အမျိုးသမီး အက အခြေခံတွေပဲ။ ဒီအခြေခံတွေ တတ်ရင် မြန်မာသီချင်း ဘယ်စည်းဝါးမဆို ကလို့ရတယ်ဟု ဖြေကြားရာ ဥက္ကဋ္ဌကြီးက ဟုတ်ပြီ။ ကျွန်တော် လိုချင်တာ ဒါပဲဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

 

သူရရှိခဲ့သည့် အခွင့်အရေးကြောင့် ထိုစဉ်က နိုင်ငံတော် ပန်တျာကျောင်းများတွင် လိုအပ်နေသော အမျိုးသမီးအက အခြေခံ သင်ရိုးညွှန်းတမ်းအတွက် လူကြီးတွေ လိုချင်တာ ရရှိသွားသည်။ သည်တော့ ထိုတာဝန်က ဆရာမကြီး ဒေါ်သြဘာသောင်းနှင့် သူ့ပုခုံးပေါ် ရောက်ရှိလာခြင်းဖြစ်သည်။ ဤသို့ဖြင့် ၁၉၆၇ မတ်လ ၁၃ ရက်နေ့တွင် မခင်ဝင်းနွယ်ကို မန္တလေး အနုပညာ ပန်တျာကျောင်း၌ ၁၄.၃.၆၇ နေ့မှစ၍ အကနည်းပြဆရာမအဖြစ် ခန့်ထားခဲ့သည်။ ၁၉၆၇ ဧပြီလ အတွင်းမှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးက ဒေါ်သြဘာသောင်း၏ ကဗျာလွတ်အက အဆင့် ၅ ဆင့်၊ ကကွက် ၁၂၅ ကွက်ကိုဓာတ်ပုံ၊ ပန်းချီ၊ ရုပ်ရှင်များဖြင့် မှတ်တမ်းတင်၍ အကသင်ရိုးများအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန် နှုတ်မိန့်ပေးခဲ့သည်။ ထိုနှုတ်မိန့်အရ ၁၉၆၇ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ယဉ်ကျေးမှုရိပ်မြုံ ဝင်းအတွင်း ယဉ်ကျေးမှုကောင်စီခန်းမ၌ ကဗျာလွတ်အက မှတ်တမ်းတင်ခြင်းကို စတင်ခဲ့သည်။

 

 

၁၉၆၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် အငြိမ်းစား အကနည်းပြ ဆရာမကြီး ဒေါ်သြဘာသောင်း၏ အခြေခံ ကကြိုးကွက်များမှအစ ကနည်းကဟန်အမျိုးမျိုးတို့ကို ရုပ်ရှင်၊ ရုပ်သေတို့ဖြင့် ကပြ မှတ်တမ်းတင်၍ တဆင့် ဖြန့်ဖြူး သင်ကြားရာ၌ ဒေါ်သြဘာသောင်း၏ ကကြိုးကဟန်များကို သင်ရိုးအတိုင်း စံနစ်တကျ သင်ကြား ကပြနိုင်သူ ဟု ညွှန်းဆို သုံးနှုန်းပြီး မခင်ဝင်းနွယ်ကို ယဉ်ကျေးမှုကောင်စီ အက်ဥပဒေပုဒ်မ ၁၁(၁)အရ ယဉ်ကျေးမှုကဇာတ်အဖွဲ့တွင် ကဟန်ပြ အမျိုးသမီးအဖြစ် ခန့်ထားခဲ့သည်။ ဤသို့ဖြင့် ကဗျာလွတ် အကများကို ဒေါ်သြဘာသောင်း၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စု ယဉ်ကျေးမှုဌာန ကျောင်းများ အုပ်ချုပ်ရေး အထူးအရာရှိ ဗိုလ်မှူးသန်းရှိန် က ဦးဆောင်ကာ ဓာတ်ပုံ(ရုပ်သေ၊ ရုပ်ရှင်)၊ ပန်းချီ တို့ဖြင့် မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကဗျာလွတ်ကကွက်များကိုပန်းချီကောက်ကြောင်းဖြင့် မှတ်တမ်းတင်စဉ် ၁၉၆၇ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် ဒေါ်သြဘာသောင်း၏ ကျန်းမာရေးကို အကြောင်းပြပြီး လုပ်ငန်း ရပ်နားကာ မန္တလေးသို့ပြန်စေခဲ့သည်။ အမှန်မှာ ထိုစဉ်က ဖြစ်ပွားခဲ့သော တရုတ်-မြန်မာ အရေးအခင်းကြောင့် ဖြစ်ပါသည်။

 

 

တစ်ပိုင်းတစ်စနှင့် ရပ်နား
——————————-

ရန်ကုန်မြို့တွင် ဆောင်ရွက်ဆဲ မှတ်တမ်းတင်လုပ်ငန်းကို ပြန်လည်ဆောင်ရွက်ရန် ၁၉၆၉ခုနှစ် ဇူလိုင်လ ၂၇ရက်တွင် ညွှန်ကြားသောကြောင့် ၁၉၆၉ခုနှစ် သြဂုတ် ၁ ရက်မှစ၍ မန္တလေးပန်တျာကျောင်း၌ ကဗျာလွတ်အက မှတ်တမ်းတင်ခြင်း ကို ဆက်လက် ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၄ မှ ၂၃ ရက်အထိ သင်ရိုးညွှန်းတမ်း အစည်းအဝေးများ ကျင်းပရန်အတွက် မှတ်တမ်းတင်ခြင်း ခေတ္တရပ်နားခဲ့ပါသည်။ ဤသို့ဖြင့် ကဗျာလွတ်ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ကကွက်ပေါင်း ၁၂၅ ကွက်ကို ပန်းချီကောက်ကြောင်း၊ ဓာတ်ပုံတို့ဖြင့် ရန်ကုန်နှင့် မန္တလေးတို့၌ မှတ်တမ်းတင်ခဲ့ရာ ၁၉၇၀ ခုနှစ် ဇွန်လတွင် ပန်းချီအနေနှင့် ၁၆၁၇ ပုံ၊ ဓာတ်ပုံဖြင့် ပထမအဆင့်၌ ၂၈၅ ပုံ၊ ဒုတိယအဆင့် ၅၁၆ ပုံ၊ တတိယအဆင့် ၉၃၆ ပုံ၊ စတုတ္ထအဆင့် ၁၅၅၄ ပုံ၊ ပဉ္စမအဆင့် ၁၃၉၃ ပုံကို မှတ်တမ်းတင်ခဲ့ပြီး ဗဟိုရုပ်ရှင်ကလည်း ရုပ်ရှင်ဖြင့် အကြမ်း မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

 

ကျန်လုပ်ငန်းများ ဖြစ်သည့် စာဖြင့် မှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံ၊ ပန်းချီပုံများ စီစစ်ခြင်း၊ စီစဉ်ခြင်း၊ အချောသပ် စာအုပ်ပြုစုခြင်းများ ဆက်လက် မဆောင်ရွက်တော့ဘဲ မှတ်တမ်းတင် လုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်။ မှတ်တမ်းတင်ခြင်း လုပ်ငန်း ရပ်ဆိုင်းသွားပြီးနောက် ဆရာမကြီး ဒေါ်သြဘာသောင်းမှာလည်း အသက်အရွယ်ကြီးရင့်ချိန်၊ ထိုမပြီးပြတ်ဘဲ ရပ်ဆိုင်းသော လုပ်ငန်းအပေါ် စိတ်မကောင်းခြင်းကြီးစွာနှင့် ၁၉၇၁ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

 

ထိုကာလများအတွင်း လုပ်ငန်းများလည်း ဆက်လက် ဆောင်ရွက်ရန် မရှိတော့ဘဲ တာဝန်အနေနှင့်လည်း အကြောင်းပြချက်မရှိ ရပ်ဆိုင်းလိုက်သဖြင့် ထိုလုပ်ငန်း အောင်မြင်စေလိုသော လူထုဦးလှ လူထုဒေါ်အမာ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) တို့က မမခင်ဝင်းကို အားပေးကြသည်။ ထိုမှသာမက ထိုစဉ်က ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် တာဝန်ရှိပုဂ္ဂိုလ် မန္တလေးသား ဆရာကြီးတစ်ယောက်ကိုလည်း မမခင်ဝင်းနှင့် တွေ့ဆုံမေးမြန်းနိုင်အောင် စီစဉ်ပေးခဲ့ကြသည်။ သို့သော်ရေရာသော အဖြေမရခဲ့။ တကယ်တော့ တလျှောက်လုံး ပုခုံးချင်းတိုက် တုပြိုင်ခဲ့သော မန္တလေးမူ ရန်ကုန်မူ ကိစ္စပဲ ဖြစ်သည်။

 

ဘယ့်နှယ် မန္တလေးမူက နိုင်ငံတော်မူ အဖြစ်ခံနိုင်ပါ့မလဲ၊ မင်းနားပေါက်သူတွေ ဆိုတာ မန္တလေးမူဆိုတာကို ဘာမှမတတ်ဘဲ နှာခေါင်းရှုံ့ခဲ့ကြသူတွေ ဥစ္စာ။ ထို့ကြောင့် ဒေါ်သြဘာသောင်း၏ ကဗျာလွတ်ကကွက်များ မှတ်တမ်းတင်ပြီး သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းရေးကိစ္စ အဆုံးမသပ်စေဘဲ ရပ်နားခဲ့ခြင်းဖြစ်သည်။ ထိုအခါ လုပ်ငန်းတာဝန်လည်း ရပ်နားထားရုံမက ကျေးဇူးရှင် ဆရာမကြီး ဒေါ်သြဘာသောင်းလည်း မရှိတော့သဖြင့် မမခင်ဝင်းမှာ အစ်မကြီးရှိရာ မုံရွာမြို့သို့ သွားရောက် နေထိုင်ပါတော့သည်။

 

နတ်ဖက်တဲ့ မောင်နှံ
———————–

မုံရွာရှိ အစ်မကြီး ထံတွင် နေထိုင်ကာ အကနှင့် ပတ်သက်၍ သင်္ကြန်တွင် အကသင်ခြင်းကိုသာ ဆောင်ရွက်နေခဲ့ရာ စိတ်တူသသောတူဖြစ်သူ ကဗျာဆရာ ဇော်ပုလဲ (ဦးဇော်ဝင်း) နှင့် အိမ်ထောင်ပြုခဲ့သည်။ ဦးဇော်ဝင်းမှာ မုံရွာမြို့တွင် ထင်ရှားသော မြန်မာတိုင်းရင်း မျက်စိအထူးကု ဆရာကြီး ဆရာလန်း၏ သားဖြစ်ပြီး မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိကာ ဇော်ပုလဲ ကလောင်အမည်ဖြင့် ကဗျာဆရာ စာရေးဆရာလည်း ဖြစ်သည်။ မုံရွာမြို့၏ စာပေ ဂီတနှင့် အနုပညာလုပ်ငန်းများကို ဦးဆောင် ဆောင်ရွက်နေသူလည်း ဖြစ်သည်။ ထို့ကြောင့် ဇနီးမောင်နှံနှစ်ယောက်မှာ စိတ်တူကိုယ်တူ နတ်ဖက်သည်ဟု ပြောရပေမည်။ ထိုမျှသာမက မုံရွာက အစ်မကြီးထံ သဖန်းရွာမှ ပန်းထိမ်ပညာသင်ရန် ရောက်ရှိနေသော မောင်နှမ ဝမ်းကွဲဖြစ်သူ ကိုမောင်ဝင်းကလည်း အနုပညာ ဝါသနာကြီး သူမို့ သမီးယောက်ဖတစ်တွေ အတွဲညီနေကြသည်။

 

ထို့ကြောင့် ၁၉၆၉ခုနှစ် ကတည်းက ရပ်နားခဲ့သည့် အလုပ်ကို မိမိတို့ဘာသာ အားထုတ်၍ ဆက်လက် ဆောင်ရွက်ကြတော့သည်။ မုံရွာမြို့ ဘုရားကြီးရပ်ကွက် ပွဲစားတန်းလမ်းရှိ ဦးဇော်ဝင်း၏ အလင်းရောင် ဆေးတိုက် အပေါ်ထပ်တွင် ကဗျာလွတ်အက ပထမ အဆင့် အကများကို ဓာတ်ပုံဖြင့် ပြန်လည် ရိုက်ကူး မှတ်တမ်းတင်သည်။ အိမ်ထောင်ဦး ဇနီးမောင်နှံ၂ယောက် စီးပွားရေးအတွက် ဦးမလှည့်နိုင်ဘဲ ရရှိသမျှ ငွေကြေးကို ထိုလုပ်ငန်းအတွက်ပဲ သုံးစွဲတော့သည်။ ထိုစဉ်က ဓာတ်ပုံရိုက်ကူးသည့် ဖလင်များမှာ တစ်လိတ်လျှင် ၁၂ကွက်သာပါသော 120 ဖလင်များ ဖြစ်သောကြောင့် ရိုက်ကူးရသည့် ဓာတ်ပုံများက များပြားသော အခါ နေအိမ်တိုက်၏ ဆေးပုလင်း ဆေးဗူးများ ထားကာ ရောင်းချရမည့် ဆေးဗီရိုမျာထဲတွင် ရိုက်ကူးပြီး ဖလင်လိတ်များက အပြည့် နေရာယူတော့သည်။

 

 

ဟံသာဝတီ စနေစာပေဝိုင်း
——————————–

ထိုသို့ ဇနီးမောင်နှံ၂ယောက် အားကျိုးမာန်တက် ဆောင်ရွက်နေသော လုပ်ငန်းကို မန္တလေး ဟံသာဝတီ သတင်းစာတိုက် အယ်ဒီတာချုပ် ဆရာဦးဝင်းတင်က သိရှိသောအခါ ထိုဖြစ်စဉ်ကြောင်းခြင်းရာများနှင့် ပတ်သက်သည့် စာတမ်းတစ်စောင်ကို အက သရုပ်ပြနှင့်အတူ မန္တလေးဟံသာဝတီ သတင်းစာတိုက် စနေစာပေဝိုင်းတွင် လာရောက် ဖတ်ကြားဖို့ ဖိတ်ခေါ်လိုက်သည်။ ထို့ကြောင့် ၁၉၇၇ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့တွင် ဒေါ်သြဘာသောင်း၏ ကဗျာလွတ်ကကွက်များနှင့် ပတ်သက်ပြီး မန္တလေး ဟံသာဝတီသတင်းစာတိုက်၊ ဘိုးဝဇီရခန်းမ၌ ကဗျာဆရာဇော်ပုလဲနှင့် ဇနီ းမခင်ဝင်းနွယ်တို့က စာတမ်းဖတ်ကြားခသည်။

 

ထိုစာတမ်းဖတ်ပွဲ အပြီး စာရေးဆရာ သတင်းစာဆရာကြီး လူထုဦးလှနှင့် လူထုဒေါ်အမာ တို့က ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကဗျာလွတ်အက မှတ်တမ်းတင်ခြင်းကို ရပ်ဆိုင်းသည့်အပြင် စာအုပ်ထုတ်ဝေရေး၊ သင်ရိုးအဖြစ် ပြဋ္ဌာန်းရေးတို့ကိုပါ ၇ နှစ်ကြာသည်အထိ ဆက်လက် ဆောင်ရွက်ခြင်း မရှိတော့သဖြင့် ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ) စာအုပ်ကို ဓာတ်ပုံများ၊ ကောက်ကြောင်း ပန်းချီ များ နှင့်အတူ ကိုယ်ပိုင်စရိတ်ဖြင့် စာအုပ်ပြုစု ထုတ်ဝေရန် တိုက်တွန်းကြသည်။

ထို့ကြောင့် ပြုစုပြီးသမျှစာမူများ ပြန်လည် စီစစ်ခြင်း၊ လိုအပ်သော ဓာတ်ပုံများကို ဓာတ်ပုံ (ဦး)ကျော်ဝင်း(လှဂုဏ်ရည်) ဖြင့် ပြန်လည်ရိုက်ကူးခြင်း၊ ကောက်ကြောင်း ပန်းချီပုံများကို ပန်းချီ ဦးဝင်းမောင်(တမ္ပဝတီ) က စံနစ်တကျ ပြန်လည်ရေးဆွဲ ပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထိုစာအုပ်အတွက် အမှာစာကိုလည်း လူထုဒေါ်အမာ၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) နှင့် ဟံသာဝတီ ဦးဝင်းတင်တို့က ရေးသား ချီးမြှင့် ပေးခဲ့သည်။ ထို့နောက် ပြုစုပြီးသော စာမူကို ၁၉၇၈ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန် စာပေစီစစ်ရေးရုံးသို့ တင်ပြနိုင်ခဲ့တော့သည်။

 

ဆက်မလုပ်နဲ့၊ ဒို့ကို ကိုယ့်စရိတ်နဲ့ ကိုယ် လာကူ
———————————————————

ထိုသို့ တင်ပြနေဆဲ ၁၉၇၈ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် ထိုစဉ်က ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ကိုယ်တိုင် မန္တလေးသို့လာရောက်၍ မုံရွာမှ အစ်မခင်ဝင်းနွယ်အား ဆင့်ခေါ်ကာ အဆိုပါ စာအုပ်ကို မထုတ်ဝေရေး ခြိမ်းခြောက် ဖိအားပေးခဲ့သည်။ ၃၁လမ်းရှိ ဆရာမကြီး ဒေါ်သြဘာသောင်း၏ တိုက်တွင် ချိန်းဆိုပြီး မမခင်ဝင်းနှင့် ကျွန်တော်တို့ မောင်နှမ ၂ယောက် စက်ဘီးလေးနှင့် သွားရောက်ကာ ညွှန်ကြားရေးမှူးကို တွေ့ဆုံခဲ့ရတာ မှတ်မိနေပါသည်။ အဆိုပါပုဂ္ဂိုလ်မှာ ညွှန်ကြားရေးမှူးတာဝန်ယူထားသည့် စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ ကျွန်တော်တို့ရောက်သည်နှင့် တင်းမာသော မျက်နှာထားဖြင့် အသင့်ယူဆောင်လာသော နိုင်ငံခြားမှ ထုတ်ဝေသည့် ဘဲလေးအက စာအုပ်ကြီးများကို စာမျက်နျာများ လှန်ပြကာ ဒီလို အဆင့်မြင့် စာအုပ်များ မြင်ဖူးသလား မေးသည်။ ဒီလိုစာအုပ်မျိုးကို အစိုးရကပဲ ထုတ်နိုင်တာ။ မင်းတို့က လုပ်နိုင်မှာမို့လား ဟု ဟိန်းဟောက်သည်။

 

ထို့နောက် ထိုသို့သော စာအုပ်ထုတ်လုပ်ရေးမှာ ဝန်ကြီးဌာနမှသာ လုပ်ဆောင်ရမည် ဖြစ်သဖြင့် မခင်ဝင်းနွယ်တို့ အနေနှင့် ဝန်ကြီးဌာနသို့သာ အကူအညီပေးရန်ကို ချော့ကာ ချောက်ကာ ဖိအားပေးခဲ့သည်။ ထိုအခါ အစ်မ မခင်ဝင်းနွယ်က ထိုသို့ စာအုပ်ထုတ်ဝေမည့်ကိစ္စ နှင့် စာအုပ်အတွက် လာရောက်ကူညီရေးတို့ကို ဝန်ကြီးဋ္ဌာနက တရားဝင် ရုံးစာထုတ်၍ အကြောင်းကြားပေးလျှင် လက်ခံမည့်ဟု ပြောဆိုပါသည်။ ထိုအခါ ထိုပုဂ္ဂိုလ်က လက်မခံခဲ့။

သူ့သဘောက စီစစ်ရေးတင်ထားသော မိမိတို့စာအုပ်ကို ပြန်လည်ရုတ်သိမ်း၍ သူတို့ဆက်လက် ဆောင်ရွက်မည့် စာအုပ်အတွက် ကိုယ့်စရိတ်ကိုယ်စားကာ ရန်ကုန်သို့ လာရောက်ကူညီပေးရမည့် သဘောဖြစ်သည်။ သူတို့သဘောနှင့် သူတို့ ရပ်ပစ်ခဲ့သော လုပ်ငန်းအတွက် နောက်ထပ် ထပ်ထုတ်စရာ ဘတ်ဂျက်ရော လုပ်ပိုင်ခွင့်ရော တရားဝင် မသုံးစွဲနိုင်တော့သည့် သဘော။ မိမိတို့က တိုးတိုးတိတ်တိတ် လူမသိ သူမသိ ကူပေးရမည့် သဘော။

Related posts

Leave a Comment

VOM News

FREE
VIEW