သူတို့အိမ် အခန်း – ၂၈

ဆူးငှက်

 

အဘလက်ရာ အိမ်ကလေး
——————————–

အသစ်ဆောက်လိုက်သည့် အိမ်ကလေးမှာ အနောက်ဖက် ခေါင်းရင်းခန်းက ထိုစဉ်က အပျိုဘ၀ ပန်တျာကျောင်းသူ ဖြစ်သော မမခင်ဝင်း အခန်းဖြစ်သည်။ သူ့မြောက်ဘက် အခန်းက မမခင်လှတို့ မိသားစု အခန်းဖြစ်သည်။ မမခင်ဝင်း အခန်းပေါက်မှာ အဘ ရိုက်ထားသော ကွပ်ပျစ်တစ်ချပ်က ခန်းလုံးပြည့် ဖြစ်သည်။ မမခင်လှတို့ အခန်းပေါက်ဘက်မှာတော့ ထမင်းစားပန်ကန်နှင့် အသုံးအဆောင်တချို့ ထည့်ထားသည့် ကြောင်အိမ် ရှိသည်။ အခန်းဆိုလို့ အကျယ်ကြီး မမှတ်စေချင်။ ၈ပေ ပတ်လည်လောက်ရှိသည့် အခန်းလေးတွေပဲ ဖြစ်သည်။

အိမ်ရှေ့ဇောင်းလေးထဲမှာက တောင်ဘက်ခြမ်း အိမ်ဦးခန်းမှာ ကြမ်းစင်ပေါ် ကွပ်ပျစ်တစ်ချပ် ထပ်ဆင့်ပြီး အဘတို့ အိပ်ရာရှိသည်။ ကျွန်တော်က ၈တန်းကျောင်းသားဖြစ်သည်အထိ အဘတို့ အိပ်ရာမှာ အိပ်ဆဲဖြစ်သည်။ ကွပ်ပျစ်ခြေရင်း မှာက မီးဖိုချောင် ဖြစ်ပါ၏။ အိမ်လေးက တဲလေးတစ်လုံးထက် အနည်းငယ်ပဲ သာလိမ့်မည်။ မခမ်းနားပါ။ သို့သော် ၇၀ ရာခိုင်နှုန်းက အဘ လက်ရာ ဖြစ်သည့်ပြင် သူ့အိုးနှင့် သူ့ဆန်တန်သည်မို့ အဘကိုယ်တိုင် ကျေနပ်ခဲ့သော အိမ်လေးဖြစ်သည်။

 

အိမ်ကလေးမှာ ကိုယ့်အခန်းလေးရတော့
———————————————-

မမခင်ဝင်းက သူ့ ကဗျာလွတ်မှတ်တမ်းတင်ခြင်းကိစ္စ ရပ်နားလိုက်ပြီး မုံရွာ အစ်မကြီးအိမ်သို့ ရောက်သွားတော့ သူ့အခန်းကို ကျွန်တော်က ရရှိလိုက်သည်။ လူပျိုပေါက် အခန်းပေါ့လေ။ ထိုအခန်းလေးထဲမှာ ကိုယ့်အဝတ်အစား ကိုယ်ထည့်ဖို့ အေလမ်းက ဗီရိုလေး တစ်လုံးဝယ်ပေး၏။ မှတ်မှတ်ရရ ၃၀၀ကျပ်ပေးရသည်။ ထို့နောက် ဗီရိုနှင့် ကုတင်ကြား ၂ပေခွဲကျော်လောက် နေရာလေးမှာ ကုတင်နှင့်အညီ ၂ပေခွဲ× ၂ပေရှိ အံထိုးပါစာပွဲလေး ထားလိုက်သည်။ ထိုစာပွဲက အိမ်ထရံက တန်းကိူပဲ ပတ္တာနှင့် တွဲထားပြီး ခြေထောက်မပါရှိပေ။ သုံးချင်လျှင် အပေါ်ခေါက်ကာ ထရံကပ်ထားသော စာပွဲလေးကို အောက်ချပြီး နှစ်တစ်လက်မ ထောက်လေးနှင့် ထောက်လိုက်တာပါပဲ။ ခေါက်တင်ထားသော စာပွဲလေးပေါ်မှာ စာအုပ်စင်လေး ရှိသည်။

ကျွန်တော်က စာပွဲလေးနှင့် စာအုပ်စင်ကို ဋီကာချဲ့နေခြင်းမှာ စာပွဲရော စာအုပ်စင်လေးပါ ကျွန်တော် ကိုယ်တိုင် ပြုလုပ်ခဲ့သည့် လက်ဖြစ်လေးမို့ အကျယ်ခဲ့ကြွားဝါနေခြင်း ဖြစ်ပါ၏။ ကျွန်တော့ စာပွဲလေးကို သုံးထပ်ပြား အဟောင်းလေးနှင့် နှစ်တစ်လက်မ ချောင်းလေးတွေနှင့် အိမ်မှာရှိသော အဘ၏ လက်သမားပစ္စည်းများဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ စာပွဲလေး ပြီးသောအခါ မီးခိုးမှိုင်းနှင့် ချိတ်ဆေး ရောပြီး သုံကြိမ်လောက် အရောင်တင်ထားသောကြောင့် သပ်ရပ်နက်ပြောင်နေသည်။ တကယ်တော့ ထိုစဉ်ကာလက ခေတ်စားနေသော စန္ဒရားပုံ စာကြည့်စာပွဲလေးတွေကို အငန်းမရ လိုချင်ခဲ့ဖူးသည်။

ဗထူးကွင်းသို့ ဝမ်းကွဲအစ်ကိုများနှင့် ဘောလုံးပွဲ ကြည့်လိုက်သွားတိုင်း တောင်ဘက်ကျုံးဘေး မေတ္တာပေါင်းကူး တံတားထိပ်က ခေတ်ဆန်ဆန် တိုက်လေး၏ ဧည့်ခန်းထဲမှာ ထိုသို့သော စာပွဲလေးကို မြင်ဖူးကတည်းက ထိုတိုက်လေးရှေ့ရောက်တိုင်း ထိုစာပွဲလေးကို ငေးကြည့်မိနေတော့သည်။ အဘနှင့် အေလမ်းဘက် ဗီရိုလေး သွားဝယ်တော့ ထိုသို့သော စန္ဒရားခုံမျိုးလေး တွေ့ပါသည်။ သို့သော် တစ်ထောင်ကျော်လောက်တန်သော ထိုခုံလေးကို လက်လေးနှင့်ပဲ ပွတ်ကြည့်မိပါ၏။

 

အပြာရောင် ခန်းဆီးစလေးနှင့်
———————————-

ထိုစဉ်က မဂ္ဂဇင်းများကိုလည်း ဖတ်ဖြစ်နေသော အခါ ဆရာဒဂုန်တာရာ၏ အဖွဲ့အနွဲ့များကို အလွန်သဘောကျသည်။ အထူးသဖြင့် သူ့အိပ်ရာ သူ့အခန်းများကို သရုပ်ဖော်ရာတွင် အလွန် အနုပညာဆန်လှသည်။ အပြာရောင် ခန်းဆီးစ၊ စာအုပ်စင်၊ မော်နှင့် မဟာမှိုင်းရုပ်ထု၊ ကြွေသားအဖြူရောင် ဗီးနပ် နတ်သမီး စသည်တို့က မြင်ယောင်လာရုံမက စွဲလမ်းစေသည့် အဖွဲ့အနွဲ့များပဲ ဖြစ်သည်။ ထို့ကြောင့် မဖြစ်စလောက် ကျွန်တော့် အခန်းလေးမှာ ခေါင်းရင်းနှင့် အနောက်ဘက်မှာရှိသော ပြတင်း၂ပေါက်ကို အပြာရောင် ခန်းဆီးလေး တတ်လိုက်သည်။ ခန်းဆီးအတွက် တစ်ညနေခင်းတွင် ကိုမောင်ဒွေးနှင့် ညဈေးတန်းဘက် လမ်းလျှောက်တော့ ပေါ်ပလင် ပိတ်စပြာလေးတွေ့တော့ ဝယ်လိုက်ပြီး စက်ဆရာ ကိုမောင်ဒွေးကို ခန်းဆီးစလေး ချုပ်ပေးဖို့ ပူဆာလိုက်သည်။ ကျွန်တော့် အခန်းခေါင်းရင်းမှာက မာလကာပင် နှစ်ပင် အုန်းပင် နှင့် ရေအိုင်စပ်စပ်မှာ ဗုဒ္ဓံသရဏံပင်တွေ ရှိသည်။ သည်တော့ ဆရာဒဂုန်တာရာ့ အခန်းအဖွဲ့အနွဲ့နှင့် (မနှိုင်းအပ်စွာ) နည်းနည်း တူသယောင်ပေါ့။

ဘာပဲပြောပြော အိမ်ကျဉ်းကျဉ်းလေးထဲမှာ ကိုယ့်အိပ်ရာ ကိုယ့်အခန်းလေးမို့ ညနေခင်း ကျောင်းဆင်းချိန် အလုပ်သိမ်းချိန်ရောက်လျှင် ဝမ်းကွဲ အစ်ကိုတွေ ဦးလေးတွေ ကျွန်တော့် အခန်းထဲ ရောက်လာကြကာ ကုတင်ပေါ် လှဲသူလှဲ ခွေသူခွေ ထိုင်သူထိုင်နှင့် ခဏနေတော့ တစ်နေရာရာသို့ သွားကြတော့သည်။ အကယ်၍ ဘုရားပွဲ အငြိမ့်ပွဲ တီးဝိုင်း ဆိုပါက ကျွန်တော့် အခန်းမှာ လူစုကြသည်။ ကျွန်တော်တို့အထဲ အသက်အကြီးဆုံးနှင့် အအုပ်အထိမ်းအဖြစ် လူပျိုကြီး ကိုဌေးအောင် ပါမှ ဖြစ်မည်။ သို့မှလည်း အိမ်က စိတ်ချသည်။ ပင်တိုင်အနေနှင့် ကိုမောင်ဒွေးပါသည်။ ကိုမန်းမောင်ပါသည်။ ကိုဌေးအောင်ရော လူကြီးပါလျှင် သောင်းထွန်းကိုလည်း သူ့အိမ်ကထည့်သည်။ နောက်ထပ် မပါမဖြစ်က ဦးစာဗျောသား ကိုစိန်လွင် ဖြစ်သည်။ သူပါမှ အဖွဲ့က စိုပြေသည်။ သူက ပျော်တတ်သည်။ တစ်လမ်းလုံး သီချင်းတကြော်ကြော်နှင့် လေချွန်သံတရွှီရွှီနှင့် မနားတော့။ ရီစရာကလည်း ပြောသည်။ တစ်ခါတရံ လမ်းတလျှောက် ကခုန်တတ်သေးသည်။ ဒါက ဘုရားပွဲ အငြိမ့်ပွဲ တီးဝိုင်းစသည် သွားကြသည့် အဖွဲ့ဖြစ်သည်။

ဒီလို ပွဲလမ်းမှ မရှိလျှင် ညတိုင်း မဖြစ်မနေ သွားကြတာက ညဈေးတန်းဖြစ်ပါ၏။ ပင်တိုင်ကတော့ ကိုမောင်ဒွေးနှင့် ကျွန်တော်ပဲပေါ့။ ဒါကြောင့်လည်း ဘယ်သွားသွား ကျန်လူသာ လဲမယ် ပင်တိုင်က မေးစရာမလို ကျွန်တော်က ပါသည်ချည်းမို့ အဘက ကျွန်တော့်ကို ဝက်မြီးနောက်က ရွှံ့လုံးဟု နာမည်ပေး ထားတာတဲ့။ ညဈေးတန်းသွားလျှင် တစ်ခါတရံ ကိုမန်းမောင်ပါတတ်သည်။ နောက်တော့ ကိုမန်းမောင် ကိုယ်နှိုက်က အရောင်းအဝယ် လုပ်တော့ သူ့လုပ်ငန်းအတွက် ညဈေးတန်းမှာ ရှိနေတတ်ပါသည်။

 

ညစဉ် ညတိုင်း ညဈေးတန်း
—————————–

ကိုင်း.. ညဈေးတန်း ညတိုင်းသွားကြလို့ ဝယ်ခြမ်းကြတာလား စားသောက်ကြတာလား၊ သို့မဟုတ် ထိုစဉ်က ခေတ်စား လှသည့် ထိုးမုန့်သည်လေးတွေနှင့် ချတ်မိကာ အပိုးအပန်းသွားကြတာလား၊ ဤသို့မဟုတ်ချေ။ တစ်ခါတရံ ကိုမောင်ဒွေးက သူ့စက်ချုပ်ခုံအတွက် အပ်ချည်၊ ကြယ်သီး လွန်းဆံ စသည့်ပစ္စည်းမျိုး ဝယ်တာမျိုးလောက်ပဲရှိသည်။ စားဖို့ သောက်ဖို့ ဆိုတာကလည်း ဆယ်ခါ့ရံ တစ်ခါလောက်သာ ညဈေးတန်း တောင်ဘက်ထိပ်က သုံးမတ်တန် သံပုရာရည် တစ်ခွက်စီပဲသောက် ဖြစ်သည်။ ထိုးမုန့်သည်လေးတွေရှေ့တော့ မျက်မွှေးထော် မော်မကြည့်။ အများစုက ကိုယ့် အသိတွေချည်းမို့ ဖြစ်သည်။ သို့သော် ထိုစဉ်ကာလက ညဈေးတန်းသည် လူကြီးလူငယ် အရွယ်သုံးပါးအတွက် ဖျော်ဖြေမှု ဖြစ်သည်။ စိတ်ထွက်ပေါက်ဖြစ်သည်။

ထိုမျှမက နေ့ခင်းနေ့လယ်က မဝယ်လိုက်ရသည့် အရေးကြီးလိုအပ်သော အိမ်သုံး ပစ္စည်းကိုလည်း အဝတ်အထည်မှ အစ ဖိနပ် ဆေးဝါး စသည့် လူသုံးကုန် အမျိုးမျိုးကိုလည်း ပစ္စည်းမှန်ဈေးမှန် ရနိုင်သည်။ သွားတိုက်ဆေးအစ ပေါင်ဒါအလယ် စက်ဘီးကျွတ် တာယာအထိ ညဈေးတန်းမှာရနိုင်သည်။ ထို့ပြင် နာရီစင်အောက်က အအေးဆိုင်ကြီးတွေကလည်း ရေခဲမုန့် ဖွာလူဒါ ဒုမလိုင် ကူလ်ဖီစသည်တို့ကိုသာမက ခေတ်ပေါ်သီချင်းတွေကို အကိုင်းရီကော်ဒါစက်ကြီးများနှင့် ဖွင့်ပေးထားတာမို့ အအေးမသောက်လည်း ခန်မ ၂ အောက် ဝရံတာက စိမ်ပြေနပြေ နားထောင်နိုင်သည်။

တောင်ဘက်ထိပ် ၂၈လမ်းပေါ်မှာလည်း ဆန်ပြုတ် ဆွတ်ပြုတ် ဆီကျက် ဒန်ပေါက် ထမင်းကြော် လက်ဖက်ရည်နှင့် ဘိလပ်ရည် အမျိုးမျိုးရသည်။ မြောက်ထိပ် ၂၆ဘီလမ်းပေါ်မှာ စောစောက ပြောသည့် အအေးဆိုင်ကြီးများ အပြင် ကောက်ညှင်းပေါင်းနှင့် အကြော်အမျိုးမျိုး မုန့်ဟင်းခါး၊ ကြာဆံဟင်း၊ အမဲအူပြုတ်၊ ဆိတ်ပုဆိုးကြမ်း ထမင်းသုတ် လက်ဖက်သုတ် ဂျင်းသုတ် ရှောက်သီးသုတ် စသည့် အသုတ် အမျိုးမျိုးလည်း ရသည်။ ယုတ်စွအဆုံး နာရီစင်ကြီး အောက်ခြေမှာ မုန့်တွန်ဆံရသည်။ ပြောင်းဖူးဖုတ် ထန်းပင်မြစ်ဖုတ် ပဲမြစ် မုန့်ပေါင်းစသည်တို့လည်း ရသေးရဲ့။ နာရီစင်က အရှေ့တက်လိုက်တော့ မြင့်ကြည် အလင်းဆိုင်တဲ့။ သူ့ဆိုင်က လက်ဖက်ရည် အပြင် အာလူး ပလာတာ ဂျပါတီ ထပ်တစ်ရာ ကောင်းသည်။

ထို့နောက် အနားမှာ ခြူသံ တဂျောင်းဂျောင်းနှင့် ကြံရည်သည်များ။ ကျွန်တော်ကတော့ ညဈေးတန်းရောက်လျှင် မဝင်မဖြစ် ဝင်တာက နာရီစင်အရှေ့ဘက်က စာအုပ်ဆိုင်များ ဖြစ်သည်။ ဝယ်တော့ မဝယ်နိုင်၊ သို့သော် ဘာစာအုပ် အသစ်ထွက်သလဲ။ ဘာစာအုပ်တွေရှိလဲ ဆိုတာ မကြည့်ဘဲ မနေနိုင်။ (နောက်တော့ မုန့်ဖိုးလေးစုပြီး လစဉ်ထုတ် မဂ္ဂဇင်း အသစ်လေးတွေ ဝယ်ဖြစ်တော့သည်)။ ထို့ကြောင့် ညဈေးတန်းက ကျွန်တော်တို့ နေအိမ်နှင့် မနီးမဝေးမို့ ဧည့်သည်လာမှ လိုက်ပို့တာမျိုး မဟုတ်တော့ဘဲ ညစဉ် သွားဖြစ်နေသော နေရာဖြစ်ပါ၏။ ကိုင်း ဘယ်မလဲ စာကျက်ချိန်။

 

ဝက်မြီးနောက်က ရွှံ့လုံး
————————-

အဘက ကျွန်တော့်ကို ဝက်မြီးနောက်က ရွှံ့လုံးဟု ခေါ်တာလည်း မရိုင်းလှ။ လက်ဖက်ရည်ဆိုင်တဲ့ဟေ့ ဆိုလည်း စက်ဘီးနောက်က ခုန်တက် လိုက်သွားတာပဲ။ အဲ့ဒီလူနဲ့ လက်ဖက်ရည်ဆိုင်က ပြန်လာလို့မှ အိမ်ရောက်ခါရှိသေး နောက်တစ်ယောက်က နောက်တစ်ဆိုင်သွားဖို့ လာခေါ်တော့လည်း ဘယ်တော့မှ မငြင်း။ လက်ဖက်ရည်ဆိုင်က နောက်တစ်ခေါက် ပြန်လာပြန်တော့ အိမ်ရှေ့က ဖြတ်ရုံဖြတ်ကာ မြောက်ဘက်က စက်ဆရာအိမ်သွားသည်။ ခဏနေတော့ စက်ဆရာနှင့် ရုပ်ရှင်တဲ့ ပါသွားပြန်၏။ ညနေ ၃နာရီ ရုပ်ရှင်က အပြန် လမ်းမှာ ကိုဌေးအောင်တို့က ဗထူးကွင်း ဘောလုံးပွဲကြည့် သွားကြမှာတဲ့။

သည်တော့လည်း စက်ဆရာ စက်ဘီးနောက်က ခုန်ဆင်းပြီး ကိုဌေးအောင်၏ စက်ဘီး ရှေ့ဘားတန်းပေါ် ခုန်တက်ကာ လိုက်သွားပြန်သည်။ ဘောပွဲက ပြန်လာတော့ ထမင်းကမန်းကတန်းစားကာ ကိုမန်းမောင်နှင့် ညဈေးတန်းသို့ လိုက်သွားပြန်ရော။ ကိုင်း တစ်နေကုန် အလုပ်ရှုပ်လိုက်ပုံက ရေချိုးချိန်ပင် မရတော့။ ဒါတောင် အငြိမ့်ရှိရင် ဆက်ကြည့်ပြီး ည နာရီပြန်၂ချက်လောက်မှ အိမ်ပြန်ရောက်တော့မှာ။ အကယ်၍ ဘယ်သူနဲ့မှ မလိုက်ဖြစ်ရင်လည်း ဝင်းပေါက်က ဦးပုဆိုင်မှာဖြစ်စေ၊ ဆိုင်ဘေးက အုတ်ခုံမှာ ဖြစ်စေ အိမ်က လာမခေါ်မချင်း ထိုင်နေတတ် တော့သည်။ ကိုင်း ဒီတော့ အဘက ကျွန်တော့်ကို ဝက်မြီးနောက် ရွှံ့လုံးဟု ခေါ်တာ မရိုင်းလှဟု ပြောခြင်း ဖြစ်သည်။

 

ဗေထိဆိုတိုင်း လည်ဆန့်သူမဟုတ်ဘူး
——————————————

တကယ်တော့ အဘရော အမေရောက ပွဲကြိုက်တာကလွှဲလို့ အခြားအပျော်အပါး ဝါသနာမပါလှ။ အဘ ပွဲကြိုက်တာ ကလည်း ဆိုင်း၊ အငြိမ့် အလယ်ထွက် နှင့် ဇာတ်ဆိုလျှင် နောက်ပိုင်းဇာတ်ထုပ်ပဲ ဖြစ်သည်။ သူကြည့်သော ဆိုင်း အငြိမ့်နှင့် ဇာတ်ဆိုတာကလည်း သူကြိုက်သည့် အဖွဲ့ကိုပဲ ရွေးချယ်ကြည့်ခြင်း ဖြစ်သည်။ ဆိုင်းတိုင်း အငြိမ့်တိုင်း ဇာတ်တိုင်းမဟုတ်။ ဆိုင်းသံဗုံသံကြားတိုင်း လည်ဆန့်နေသူမျိုး မဟုတ်။ ကုန်ကုန်ပြောရလျှင် အိမ်နားမှာ နတ်ကနားရှိလျှင်ပင် အနားမသီ။ ကျွန်တော်တို့ သွားလျှင်လည်း မကြိုက်လှ။ တကယ်တော့ အဘက နတ်မျိုးနတ်နွယ် ဖြစ်သည်။ နောက် အဘက ပွဲကြည့်လျှင်လည်း ဘလာဇာတ်ပဲ ကြည့်တာမို့ ပိုက်ဆံမကုန်။ ရုံဇာတ်ကိုလည်း တစ်ရေးနိုးမှ ထကြည့်လို့ ရုံဖွင့်နှင့် ကြုံကာ အလကားကြည့်ရသည်။ ရုံမဖွင့်သေးလည်း နောက်တန်းက ကုလားထိုင်တစ်လုံးပဲ ဝယ်ကာ သားအဖနှစ်ယောက် ကြည့်သည်။

အမေကရော ဘာထူးမှာလဲ။ အမေက ရွှေမန်းတင်မောင်ကြိုက်သည်။ အမတွေက ဝင်းဗိုလ်ဆန်းဝင်း ကြိုက်သည်။ သည်တော့ တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ရွှေမန်းတင်မောင်ဇာတ်ကို ကြည့်သည်။ ကျောက်တော်ကြီးပွဲ ဒါမှမဟုတ် ဘုရားကြီး ၄၅ တာပေါ့။ ထို တစ်ခါကလည်း ဖျာကို မေတ္တာလက်မှတ် ရလို့ ဖြစ်သည်။ ချမ်းသာရ ထန်းမြင့် အရပ်ထဲမှာ အမေ့ဆီဖောက်သည် ရှိသည်။ မမညွန့်တဲ့။ သူ့အိမ်က ရွှေမန်းတင်မောင်တိုက်၏ မြောက်ဘက် လမ်းကြားထဲမှာ ရှိသည်။ မမညွန့်က စက်ချုပ်သည်။ ကျွန်တော့် အစ်မကြီး မမခင်ရီက မမညွန့်ဆီ စက်ချုပ်သင်ဖူးသည်။ မမညွန့် ခင်ပွန်းက ကိုလှမောင်တဲ့။ ရွှေမန်းတင်မောင် ဇာတ်ထဲက မင်းသားလတ် ဖြစ်သည်။

သည်တော့ ရွှေမန်းတင်မောင်၏ ဇာတ်ဝတ်ဇာတ်စားတွေကို မမညွန့်ပဲ ချုပ်သည်။ မမညွန့်က မင်းသမီး အင်္ကျီချုပ်တာ နာမည်ကြီးသည်။ အထူးသဖြင့် မင်းသမီးအင်္ကျီတွင် ခါးစိုက်ထက် ခါးတောင်က ပိုခက်သတဲ့။ ခါးတောင်က အင်္ကျီအောက်နား တလျောက် ကြိမ်လုံးလေး ထိုးပြီး ကော့နေစေရသည်။ ခါးနှင့် ခါးတောင်နှင့် အချိုးကျပါမှ အဆင်ပြေသည်။ လှသည်။ မမခင်ဝင်း အငြိမ့်ကတော့ မမညွန့်က မင်းသမီးခါးတောင်အင်္ကျီလေးတွေပဲ ချုပ်ပေးသည်။ အဲဒီ မမညွန့် က ဆွေမျိုးလို ဖြစ်နေတော့ ရွှေမန်းတင်မောင် ဇာတ် ဖျာလက်မှတ် ၃စောင်ကို နှစ်တိုင်း မေတ္တာလက်မှတ်အဖြစ် ပေးသည်။ တစ်ခါတရံ ရုံဝင်လက်မှတ်ပင် အလကားရသေး၏။ ထို့ကြောင့် အမေနှင့် သားသမီးများ ရွှေမန်းတင်မောင် ရုံဇာတ် ကြည့်ခြင်းမှာလည်း အသွားအပြန် မြင်းလှည်းခပဲ ကုန်တာပေါ့။

 

 

အမေ က ရွှေမန်းမှ ရွှေမန်းပဲလေ
————————————–
အမေက ရွှေမန်းတင်မောင်မှလွဲ၍ အခြားဇာတ်များ မကြည့်ဖူးလှချေ။ မကြည့်ဖူးဆိုသည်ထက် မကြိုက်တာလည်း ပါသည်။ သူငယ်ငယ်က ကြည့်ဖူးသောဇာတ်များထက် ရွာမှာပွဲလမ်းရှိသောကြောင့် ဖွင့်သည့် ဓာတ်စက်များက ဇာတ်ထုပ်များကိုသာ သိသည်။ ထို့ကြောင့် ကျွန်တော့်ကို အိပ်ရာဝင်ချိန် ပြောပြသည့် ဇာတ်ထုပ်များဆိုသည်က ဓာတ်စက်များက ဖွင့်သည့် ဇာတ်ထုပ်များပဲ ဖြစ်သည်။ ဆရာပု၊ ဦးဖိုးစိန်၊ ရွှေကျီးညို၊ ပဲခူးမြ စသူတို့၏ ဇာတ်ထုပ်များဖြစ်သည်။
ဇာတ်ပွဲကို အပြင်မှာ ကြည့်ဖူးတာကလည်း ရွာမှာလာကသော တိုင်းချစ်သန်းစိန်၊ ရွှေမန်းကျော်တင်၊ မွန်ကျော်အောင် တို့လောက် ဖြစ်မည်။ မန္တလေးမှာ ရုံဇာတ်အနေနှင့်က ရွှေမန်းတင်မောင်ဇာတ်ကိုပဲ အမေက ကြည့်သည်။ စောစောက ပြောသလို မမညွန့်တို့က မေတ္တာလက်မှတ်ပေးတာကြောင့်လည်း ပါသည်။
သို့သော် အကယ်၍ စိန်မဟာသဘင်က မေတ္တာလက်မှတ်ပေးသည်၊ မြို့တော်သိန်းအောင်က မေတ္တာလက်မှတ်ပေးသည်၊ ပန်တျာကြည်လင်က မေတ္တာလက်မှတ်ပေးသည် ဆိုငြား အမေကြည့်မည်မဟုတ်တာ သေချာသည်။ အမေက ရွှေမန်းတင်မောင်ပဲ ကြိုက်သည်။ အလားတူ မမခင်ဝင်း အပါအဝင် ဆွေမျိုး အစ်မဝမ်းကွဲများ ကလည်း ရွှေမန်းပရိသတ် ဖြစ်သည်။

 

ရုတ်ချည်းကြားရသည့် သတင်းဆိုး
———————————–
သည်လို ရွှေမန်းမှ ရွှေမန်း သည်းသည်းလှုပ်နေသော ပရိသတ်အတွက် မှတ်မှတ်ရရ ၁၉၆၉ခုနှစ် နိုဝင်ဘာလကုန် ရက်တွင် ထိပ်လန့် တုန်လှုပ်ဖွယ် သတင်းကြောင့် ဝမ်းနည်း ကြေကွဲကြရသည်။ နိုဝင်ဘာ ၃၀ ရက်ညကပဲ သရက်ခရိုင် မင်းလှမြို့နယ် လက်ပံရွာရှိ မဟာပိန္နဲဘုရားပွဲတွင် ဇာတ်ပွဲ ကနေရင်း ရွှေမန်းတင်မောင် ကွယ်လွန်သတဲ့ ဟူသော သတင်း ဖြစ်သည်။ ထိုသတင်းက တစ်ပြည်လုံး တမုဟုတ်ချင်း ပြန့်သွာသည်။ တချို့က မယုံကြ၊ သို့သော် နောက်ရက် (ဒီဇင်ဘာလ ၁ ရက်နေ့) တွင် သတင်းစာအသီးသီးက ဓာတ်ပုံများနှင့်ပင် သတင်းပေး ရေးသားကြ သောကြောင့် ကြားရသူ အပေါင်းမှာ ယူကြုံးမရ ဖြစ်ကြသည်။ သတင်းပေးရုံမျှမက ဆောင်းပါးများရေးသား၍လည်း ဝမ်းနည်းကြောင်း ဖော်ပြကြသည်။
ကြေးမုံသတင်းစာတွင် ဇဝန က အနုပညာသည် တစ်ဦး ဆုံးရှုံးခြင်း အမည်ဖြင့် လည်းကောင်း၊ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာတွင် လူထုဒေါ်အမာက က ရင်းသေသည့် ကိုတင်မောင် အမည်ဖြင့် လည်းကောင်း၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် စိုးညွန့်(ပဲခူး) က ရွှေမန်းတင်မောင် သေသော်လည်း အမည်နှင့် ဟံသာဝတီ ဦးဘရင် က ရွှေမန်းဦးတင်မောင် အမည်ဖြင့် သခင်တင်ဦးက ရွှေမန်းထံမှ အမွေများ အမည်ဖြင့် လည်းကောင်း အသီးသီး ရေးသားဖော်ပြကြသည်။ ရွှေမန်းတင်မောင် ကွယ်လွန်ခြင်းမှာ အို နာဘေးဖြင့် မီးစာကုန် ဆီခမ်းမဟုတ်ဘဲ အသက်ကလည်း ၅၁နှစ်ပဲ ရှိသေးချိန် ကျန်းကျန်းမာမာ အရွယ်တွင် နှစ်ပါးသွား ကနေရင်း ရုတ်တရက် ကွယ်လွန်ခြင်းကြောင့် စုပ်တသပ်သပ်နှင့် နှမြောကြသည်။
ထိုသတင်းက မန္တလေးသို့ ချက်ချင်းရောက်လာတော့ လက်ဆည်ကန်ရပ် ဝင်းလိုက်ရုပ်ရှင်ရုံ တောင်ဘက် တစ်တိုက်ခြားက ရွှေမန်းတိုက်သို့ သတင်းမေးကြသူများနှင့် စည်ကားနေတော့သည်။ အမေက ထိုသတင်းကို ဆီရောင်းနေရင်း အရပ်ထဲက ဆီဖောက်သည် တစ်ဦးပြေပြသဖြင့် သိလျှင်သိချင်း ဈေးဆက်မရောင်းတော့ဘဲ အိမ်ပြန်လာသည်။ ကျွန်တော်ကတော့ ၇တန်းကျောင်းသားပေမင့် အတော်အတန် သိရှိသောအခါ အမေက ဤမျှ လွမ်းဆွေးနေသည်ကို စိတ်ပူနေမိသည်။ အဘယ်ကြောင့် ဆိုသော် ပေါက်ဆိန်ပေါက်ရွာက သူ့မောင်ကြီး ဆရာတော်ပျံတော်မူစဉ် အမေ၏ အူလှိုက်သည်းလှိုက် ငိုကြွေးသည်ကို မြင်တွေ့ဖူးသောကြောင့် ဖြစ်သည်။
သို့သော် ယခု ရွှေမန်းတင်မောင် ကွယ်လွန်ခြင်းကို အမေ ဝမ်းနည်းသော်လည်း ထူးခြားသည့် သတင်းတစ်ပုဒ် အနေနှင့်သာ မြင်လို သိလိုခြင်းက ပိုမိုပါသည်။ ထိုရက်များတွင် မန္တလေးသူ မန္တလေးသားများ အလုပ်အကိုင်ပင် ရပ်နားကြပြီး လက်ဆည်ကန်ရွှေမန်းတိုက်ရှေ့ပဲ သွားရောက် စနည်းနာ နေကြသည်။ ရပ်ကွက်ထဲတွင်လည်း ထမင်းမေ့ ဟင်းမေ့ကာ ထိုသတင်းကိုပဲ စုစုစုစု ပြောဆိုနေကြသည်။

 

လက်ဆည်ကန်ရပ်က ရွှေမန်းတိုက်မှာ
——————————————
လက်ဆည်ကန်ရပ်က ရွှေမန်းတိုက်ရှေ့တွင် ယာယီမဏ္ဍပ်ထိုးလိုက်တော့ မန္တလေးက သင်္ဂြုံဟ်မည်ဆိုတာ သေချာလေပြီ။ ဤသို့ဖြင့် ဒီဇင်ဘာ ၁ရက်နေ့ မနက်၄နာရီ ကျော် ၅နာရီထိုးလု အချိန်မှာ အောင်လံမှတဆင့် ကားဖြင့် သယ်ဆောင်လာသော ရုပ်ကလာပ်က ရွှေမန်းတိုက်ရှေ့တွင် အသင့်ပြင်ဆင်ထားသည့် ယာယီမဏ္ဍပ်သို့ ရောက်ရှိလာသည်။ မဏ္ဍပ်အတွင်းက ဧခုတင်တွင် ရုပ်ကလာပ်ကို အဝါအနုအရင့် အမရပူရပိုးချိတ်ကိုလွှမ်းထားပြီး မိတ်ကပ်နှင့် ပြင်ဆင်ထားသည်။ ထိုမနက် မိုးလင်းသည်နှင့် အသုဘရှု ပရိသတ်က ဗိုလ်ချုပ်အောင်ဆန်းလမ်းခေါ် ၈၄လမ်းမကြီးပိတ်သွားသောကြောင့် တောင်ဘက် ၃၃လမ်းနှင့် မြောက်ဘက် ၃၂လမ်းထိပ်များမှ ပိတ်ပြီး ရဲများဖြင့် လမ်းရှင်းနေရသည်။ ထိုမနက်မှာပဲ အမေက ကျွန်တော့် လက်ဆွဲပြီး ရွှေမန်းတိုက်ရှေ့သို့ သွားသည်။
တန်းစီနေသော လူတန်းကြီးနောက်က ဝင်ရပ်ကာ ရုပ်ကလာပ်ကိုကြည့်ရသည်။ မျက်နှာမှာ မိတ်ကပ်ကို အကျအနပြင်ဆင်ထားရာ ပိုးအင်္ကျီ ပိုးချိတ်ပုဆိုးနှင့် မျက်နှာပေါ်ကလည်း အဝါနု ဇာပုဝါလေး လွှမ်းထားရာ တကယ်သေဆုံးသည်ဟု မထင်မှတ်ရက်ဘဲ နောက်ပိုင်းဇာတ်ထုပ်ထဲက သရုပ်ဆောင်နေသည့် ဇာတ်ဝင်ခန်းနှင့်ပင် တူသေးသည်။ လာရောက်ကြည့်ရှုသူတိုင်းက မျက်ရည်ဝဲကြသလို အချို့သော အဖွားကြီးများက တမ်းတအော်ဟစ် ရင်ထု ငိုကြွေးကြသည်များလည်း တွေ့ရသည်။ အမေကတော့ ရုပ်ကလာပ်ကို ကြည့်ရင်း မျက်ရည်တွေကို အင်္ကျီလက် ပင့်ပြီးသိမ်းသည်။

 

ပြည်သူ ၂သိန်းကျော်က ဈာပန ပို့သတဲ့
———————————————-
ဒီဇင်ဘာ ၂ရက်နေ့ ဟံသာဝတီ သတင်းစာတွင် ဈာပန ပို့ဆောင်မည့် အစီအစဉ်များ ဖော်ပြပါရှိလာသည်။ ထိုအစီအစဉ်အရ ဒီဇင်ဘာလ ၄ ရက်နေ့ ၁၁နာရီတွင် လက်ဆည်ကန်ရပ်နေအိမ်မှ မန္တလေးတောင် အရှေ့ဘက်ရှိ အုတ်စက် သုသာန်သို့ ပို့ဆောင် သင်္ဂြုံဟ်ရာ မကြုံစဖူး ထူးကဲစွာ ပို့ဆောင်ကြသည့် ဈာပနပွဲကြီး ဖြစ်ခဲ့သည်။ ရွှေမန်းဇာတ်အဖွဲ့၏ ပင်တိုင် ဆက်တင်နှင့် ပန်းချီဆရာ ဆရာစုက မြင်းဖြူ၈ကောင်ကသည့် ဈျာပန ပန်းရထားဖြင့် တင်ဆောင်ပြီး သားသမီးများနှင့် ဇာတ်မင်းသားမင်းသမီးများနှင့် ဇတ်သူဇာတ်သား ၁၀၀ကျော်က စန္ဒားယများ ကြိုးကို ဆွဲကြသည်။ ရွှေမန်းတင်မောင်ပုံ ပန်းချီကားကြီးနှင့် ပန်းခွေတင်ကားများအပါအဝင် ရှည်လျားသော ကားတန်းကြီးက နာရီစင်၏ အရှေ့ ကျုံးထိပ်ရောက်သည်အထိ အိမ်ရှေ့မှာ ကားတွေ ရှိသေးသည်။

အမေက မမခင်လှ၏ သမီးကြီး သူ့မြေးမဖြစ်သော ခင်သန်းဦးကို ခါးထစ်ခွင်တွင် တင်ကာ လက်ဆည်ကန် အိမ်ရှေ့မှသည် နာရီစင်အရှေ့ဘက် မာရဂျမ်းတိုက်အထိ လူအုပ်ကြားတွင် တိုးဝှေ့ကြည့်သည်။ ချွေးသန် တရွှဲရွှဲနှင့် မြေးအဘွား ၂ယောက် ပြန်လာကြတော့ ၂ယောက်စလုံး ဖိနပ်တွေ မပါခဲ့တော့။ တိုးရင်းဝှေ့ရင်း လမ်းမှာ ကျွတ်ကျန်ခဲ့တာတဲ့။ ထိုသို့ ကျွတ်ကျန်ရစ်ခဲ့သော ဖိနပ်များကို သိမ်းဆည်းရှင်းလင်းရာတွင် မြူနီစီပါယ်အမှိုက်ကား တစ်စီးစာ ရသည်ဟုလည်း ပြောကြသည်။ မမခင်ဝင်း မမသန်းလှ မမမြသွင်တို့နှင့် အတူ လူအုပ်ကြား ဒရွတ်တိုက်၍ ပါသွားပြီး အနောက်ကျုံးထောင့် ရောက်တော့ တွေ့သည့် မြင်းလှည်း တစ်စီးကို ငှားကာ မြောက်ကျုံးလမ်းက တဆင့် အုတ်စက်သုသာန်သို့ ကြိုသွားနှင့် ကြသည်။ ကျွန်တော်တို့လို ကြိုသွားနှင့်သူတွေက အများသား။ ထို့ကြောင့် အုတ်စက်သုသာန်မှာ ဈာပနမရောက်ခင်ကတည်းက လူတွေ ဖွေးဖွေးလှုပ်နေပြီ။
တကယ်တမ်း သုသာန်သို့ ဈာပနရောက်လာတော့ ညနေစောင်းပြီပေါ့။ အနားသို့ပင် မကပ်နိုင်ခဲ့။ သုသာန်၏ အနောက်ဘက်ခြမ်းက မြေမြို့ရိုး အဟောင်း ကုန်းပေါ်ကပဲ ဂူသွင်းသည့် သုသာန်အရှေ့ခြမ်းကို မျှော်ကြည့်ပြီး နေဝင်မှ ပြန်ခဲ့တော့သည်။ အိမ်ရောက်တော့လည်း သည်အကြောင်း တစ်ညလုံး ပြောမဆုံးတော့ပေ။ ထိုနေ့က ဈာပနကို လူဦးရေ ၂သိန်းကျော် ပို့ဆောင်ကြသည်ဟု သတင်းစာများက ဖော်ပြကြသည်။ ရွှေမန်းတင်မောင်ကို လွမ်းဆွတ်မှုက အတော မသတ်နိုင်သေး။ နောက်နှစ် ပွဲရာသီတွင် သစ္စာမေတ္တာ ရွှေမန်းသဘင်က မန္တလေးတွင် ရုံသွင်းတော့ ကျန်ရစ်သော သားများ ကပြကြသည့် ရွှေမန်းဇာတ်ကို အားပေးကြတာ ရုံကွဲထွက်၏။ ထိုနှစ် ဇာတ်အစီအစဉ်တွင် ရွှေမန်းတင်မောင်ပုံ ပန်းချီကားကြီးရှေ့၌ မင်းသားညွန့်ဝင်းဦးဆောင်ကာ ညီအစ်ကိုများက တိုက်ပုံဆင်တူ ပုဆိုးဆင်တူများဖြင့် ပန်းစည်းများ ကိုင်ပြီး “ ကျွန်တော်တို့ရဲ့ ဖေဖေ ဖေဖေ၊ သွားလေသူ ရှိစဉ်တုန်းကသာ၊ လုပ်သားပြည်သူများကို ဖျော်ဖြေခဲ့ရရှာ၊ အပူလုံးကြွ ယူကြုံးမရ လွမ်းတသသနဲ့ တမ်းတနေသူပါ၊ ဖေဖေရှိရာကိုသာ သားသားတို့ ကန်တော့လိုက်ပါရဲ့ ခင်ဗျာ” ဟူသော သီချင်းဖြင့် ကန်တော့ကြတော့လည်း မန်းသူ ရွှေမန်းပရိသတ်က မျက်ရည်လည်ရွှဲ ဖြစ်ကြရပြန်သည်။
သြော် ပြည်သူချစ်သော အနုပညာသည် ဟူသည်မှာ ပြည်သူက ပေးမှ ခိုင်မြဲ စစ်မှန်သည် ဟူသော မှတ်ကျောက်ကို ရွှေမန်းတင်မောင်က သက်သေပြခဲ့သည်လေ။

 

အလောင်းတော်ရာမပဲ ကြည့်ဖူးတာ
—————————————–

ထို့ကြောင့် အဘရော အမေရော ပိုက်ဆံကုန်သည့် အပျော်အပါးမျိုးဆို သဘောမတွေ့ချင်လှပေ။ အဘနှင့် အမေက တစ်သက်နှင့် တစ်ကိုယ် ရုပ်ရှင်ဆိုလို့ တစ်ခါပဲ ကြည့်ဖူးတာတဲ့။ ထိုဇာတ်ကားက အလောင်းတော်ရာမတဲ့။ မြန်မာညွန့် (ယခု မြို့ဂုဏ်ရောင်) ရုပ်ရှင်ရုံမှာ ကြည့်ဖူးတာတဲ့။ ဒါတောင် အလောင်းတော်ရာမ မပြခင် တွဲပြတဲ့ သင်္ဂါယနာပွဲ သတင်းကားကို ကြည့်ချင်လို့တဲ့။

ထို့ကြောင့် ရုပ်ရှင်အကြောင်း မင်းသား မင်းသမီးတွေ အကြောင်း ဘာမှ မသိ။ ဒီအကြောင်းကိုလည်း သတိရလို့ ပြောပါဦးမည်။ မမခင်ဝင်း ပန်တျာကျောင်း တက်နေစဉ်ကတဲ့။ အိမ်ကို မလာစဖူး ကားတစ်စင်းနှင့် ဧည့်သည်တွေ ရောက်လာတာတဲ့။ အဘပြန်ပြောပုံ အရတော့ လင်းရိုဘာကားနဲ့ လာကြတာဖြစ်မယ်။ အမျိုးသမီးကနှစ်ယောက် အမျိုးသားကလည်း နှစ်ယောက်တဲ့။

အိမ်မှာက အဘတစ်ယောက်ထဲရှိတော့ မလာစဖူ းမျက်နှာစိမ်း ဧည့်သည်တွေမို့ အဘကလည်း ကြောင်အမ်းအမ်းဖြစ်နေပုံပါ။ ဒီတင် ဧည့်သည်ထဲက ခပ်ချောချော အမျိုးသမီးက ခပ်သွက်သွက်နဲ့ အဘဘေး ဝင်ထိုင်ပြီး ဦးရေ..မခင်ဝင်းလေး မရှိဘူးလားလို့ မေးတာ၊ အဘကလည်း ခင်ဝင်းက မရှိဘူး၊ ပန်တျာကျောင်းမှာ ကျောင်းက ပြန်ရင်လည်း သူ့ဆရာမကြီး အိမ်လိုက်သွားမှာ၊ သူ့ဆရာမကြီး အိမ်မှာပဲ နေတာပါ လို့ ကြောင်အမ်းအမ်းနဲ့ ပြန်ပြောသည်။

သည်တင် အမျိုးသမီးက သြော် ဒါဆို ကျွန်မတို့ ပန်တျာကျောင်းကို လိုက်သွားပါဦးမယ် ဆိုပြီး လက်ကို အိတ်လေးပွေ့ထားရာက မတ်တတ်ရပ်ရင်း လွယ်လိုက်သတဲ့။ တကယ်လို့ ကျောင်းမှာလည်း မတွေ့ရင် ကျွန်မတို့ လာသွားပါတယ်။ မန္တလေးမှာ အတော်ကြာကြာရှိဦးမှာပါ။ ထပ်ပြီးလာပါဦးမယ်။ ကျွန်မတို့ လာသွားတယ်ပဲ ပြောပေးပါ တဲ့။

 

ပိုစတာထဲက မင်းသမီး
—————————–

ဒီတင် အဘက ဘယ်သူတွေ လာသွားတယ်လို့ ပြောရမလဲဗျာ ဆိုတော့ အမျိုးသမီးက အံ့အားသင့်သွားပြီး ဦးလေးက ကျွန်မကို မသိဘူးလား လို့ ရယ်ရယ်မောမော မေးတော့ အဘကလည်း မသိဘူးပေါ့။ အမျိုးသမီးက နေကာမျက်မှန်ကို ချွတ်ပြီး သူ့မျက်နှာ ပြတော့လည်း အဘက မသိဘူးတဲ့။ အမျိုးသမီးကလည်း ရီ၊ ပါလာတဲ့ အမျိုးသား ၂ယောက်ကလည်း ရီကြတာတဲ့။ အမျိုးသမီးက သြော် ဦးလေးက ကျွန်မကိုကျ လူကိုယ်တိုင် လာတာတောင် မသိဘူး၊ ကျွန်မပုံကျတော့ အိမ်မှာ ကပ်ထားပြီးတော့ ဆိုပြီး အိမ်နံရံမှာ ကပ်ထားတဲ့ ဇာတ်ပိုစတာ အငြိမ့်ပိုစတာတွေအလယ်မှာ ထူးထူးခြားခြားကပ်ထားတဲ့ ယျလေးလုံး ရုပ်ရှင်ဇာတ်ကား ပိုစတာကို လက်ညှိုးထိုးပြတာ။

ဒီတင် အဘက ပိုစတာကို မော့ကြည့်လိုက်တာ။ ယျလေးလုံး ဇာတ်ကားက ဇာတ်လိုက် ခင်မောင်ဇင်နဲ့ မင်းသမီး ကြည်ကြည်ဌေးပုံကြီးက အဘကို ပြုံးပြလို့။ ဒီတော့မှ အဘလည်း သြော် မင်းသမီး ကြည်ကြည်ဌေးကိုးလို့ အံ့အားတသင့် ဖြစ်သွားတာ။ ဒီတော့မှ ကြည်ကြည်ဌေးက ပါလာတဲ့ထဲက မျက်မှန်နဲ့ တစ်ယောက်ကို ဒါက ဒါရိုက်တာ ဦးချစ်ခင်ပါ။ ကျွန်မတို့ မန္တလေးမှာ ပန်းပန်လျက်ပါ ဆိုတဲ့ ရုပ်ရှင်ကား ရိုက်နေတာပါ။ မခင်ဝင်းလေးလည်း တွေ့ချင် အကူအညီလည်း တောင်းချင်လို့ပါတဲ့။ အဘ ဆိုတာ အဲ့လို ရုပ်ရှင်နဲ့ ဝေးလိုက်ပုံများ မင်းသမီးကြည်ကြည်ဌေးး ကို မသိရှာဘူး။

သူ့တူတွေရော ကျွန်တော်ရော ဗထူးကွင်းကို မပြတ်တမ်းသွားကြပြီး ဘောလုံးပွဲ ကြိုက်ကြပေမယ့် အဘက ဘောလုံးပွဲလည်း မကြိုက်ဘူး။ မှတ်မှတ်ရရ ဘောလုံးပွဲလည်း ဗထူးကွင်းမှာ တစ်ခါပဲ ကြည့်ဖူးတာ။ ကျွန်တော် မူလတန်းတုန်းကပါ။ ၁၉၆၆ခု ကျောင်းသားပွဲတော်ကို မန္တလေးမှာ ကျင်းပပါရောလား ဖွင့်ပွဲနေ့မှာ ဝင်းရှင် ဦးလေးသောင်ရဲ့ သား စိန်ပီတာကျောင်းသား ကိုကိုဦး (ကိုဇော်မျိုးဦး) က အိန္ဒိယ တင်းပုတ် ကစားတဲ့ အဖွဲ့ထဲ ပါတယ်ဆိုလို့ ကျွန်တော့် လက်ဆွဲပြီး ဗထူကွင်း သွားကြတာ။ ဒီတစ်ခေါက်ပဲ ဗထူးကွင်း ရောက်ဖူးတာတဲ့။ ဘောလုံးဝါသနာအိုး သူ့တူတွေကို အဘက ပြောဖူးတယ်။ ငါက ဘောကန်တာဆိုရင် ပွဲမစခင် ကွင်းဟိုဘက် ဒီဘက် လေ့ကျင့်ခန်းလုပ်ကြတာမျိုးပဲ ကြိုက်တာ၊ ဘောလုံးတစ်လုံးကို ပြိုင်လုကြတာကိုတော့ မကြည့်တတ်ဘူးတဲ့။

တကယ်တော့ အဘတို့က ဘုန်းကြီးကျောင်းပညာလောက် တတ်ပြီး လက်လုပ်လက်စားများဖြစ်သည်။ ပညာရေးလည်း နားမလည်ရှာခဲ့။ ထို့ကြောင့် ကျွန်တော် စာကြည့်ခြင်း မကြည့်ခြင်းနှင့် စာမေးပွဲ နီးသလား ဝေးသလားလည်း မသိရှာ။ သွားတာလာတာကလည်း တစိမ်းတွေနဲ့မှ မဟုတ်တာ၊ အတူနေ အမျိုးတွေနဲ့မို့ စိတ်မချစရာ မရှိ။ အချိန်တန် အိမ်ပြန်ရောက်တာပဲ ဟုသာ သဘောပေါက်ထားကြသည်။ သို့သော် အိမ်စောင့်နတ်က နှင်ထုတ်ထား သလား မေးရလောက်အောင် အိမ်မကပ်ဘဲ တထွက်တည်း ထွက်နေသော ကျွန်တော့်ကို မျက်စိနောက် လာသလား၊ သို့မဟုတ် ကိုပေါလူ ခင်ဗျားသားက ရှစ်တန်းနော် အစိုးရစစ်၊ စာလေးဘာလေး ကြည့်ခိုင်းဦးဟု ပြောလိုက်လေလားမသိ။ ထို့နောက် ကျော်ကျော်(ကိုကျော်) နှင့် တိုင်ပင်ကာ ညနေ ၆နာရီမှ ည ၈နာရီအထိ ကျူရှင်ပို့လိုက်ပါတော့၏။

 

 

ဆူးငှက်

×××××××××××××

 

 

Related posts

Leave a Comment

VOM News

FREE
VIEW