ဒေလီ၊ နိုဝင်ဘာ-၁၁-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ခံတပ်နီ အထိမ်းအမှတ်နေရာအနီးမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူရှစ်ယောက်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ သန်း ၃၀ နေထိုင်တဲ့မြို့မှာ ရှားရှားပါးပါး ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ၁၇ ရာစုလက်ရာဖြစ်တဲ့ ခံတပ်နီကို ခရီးသွားထောင်ပေါင်းများစွာ နေ့စဉ်လာရောက်လည်ပတ်ကြပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၂ မိနစ်မှာ ဖြည်းဖြည်းချင်း မောင်းနှင်လာတဲ့ ကားတစီးဟာ မီနီမှာရပ်တန့်ပြီးနောက် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေလီရဲမင်းကြီးကပြောပါတယ်။ အနီးအနားရှိ ယာဉ်တွေလည်း ဆိုးရွားစွာ ပျက်စီးခဲ့တဲ့လို့ ဆိုပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကတော့ ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းရဲ့ ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ ထိပ်တန်းလုံခြုံရေးအရာရှိတွေရဲ့ အစည်းအဝေးကို ဒီကနေ့မနက်မှာ ပြုလုပ်ဖို့ရှိနေပါတယ်။
သေဆုံးဒဏ်ရာရသူတွေနဲ့ မိသားစုတွေအတွက် လွန်စွာဝမ်းနည်းကြေကွဲကြောင်း ဝန်ကြီးချုပ်မိုဒီက ထုတ်ပြန်ထားပြီး အခြေအနေကို ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်မိုဒီဟာ ဩဂုတ် ၁၅ ရက်က ကျရောက်တဲ့ လွတ်လပ်ရေးနေ့က ခံတပ်နီမှာ မိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ကားဟာ Hyundai i20 အမျိုးအစားဖြစ်ပြီး ခရီးသည် လူသုံးယောက် ပါဝင်ပါတယ်။ အာဏာပိုင်တွေကတော့ ကားရဲ့ ပိုင်ဆိုင်မှုနဲ့ပတ်သက်တာတွေကို စုံစမ်းနေပါတယ်။ ခံတပ်နီဟာ ပါရှန်းနဲ့ အိန္ဒိယဗိသုကာပုံစံတွေ ပေါင်းစပ်ထားတဲ့ ၁၇ ရာစု မဂိုခေတ်လက်ရာဖြစ်ပြီး တနှစ်ပတ်လုံး ခရီးသွားတွေ လာရောက်လေ့ရှိပါတယ်။
Ref:BBC/CNA
Photo:Reuters
