မောတောင်မြို့ပေါ်ထိ တိုက်ပွဲရောက်လာလို့ ဒေသခံထောင်နဲ့ချီပြီး အရေးပေါ်စစ်ရှောင်

နိုဝင်ဘာ ၁၂ ၊ ၂၀၂၅
GG (VOM)
တနင်္သာရီတိုင်း ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့မှာ အစိုးရတပ် နဲ့ ဒေသတွင်းလက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲပြင်းထန် နေတာကြောင့် ဒေသခံအများအပြား အရေးပေါ်စစ်ရှောင် နေကြရသလို ရွာတွေထဲမှာလည်း ပိတ်မိနေသူတွေ ရှိနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်မှုတွေကတော့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ရှိနေတာကြောင့် ကျေးရွာအတွင်း ကျန်ရှိနေတဲ့ ဒေသခံအချို့ အပြင်ထွက်ခွင့် မရဘဲ နေအိမ်မှာ ပိတ်မိနေ ကြတာဖြစ်တယ်လို့ သိရပါတယ်။
” ညက နည်းနည်းငြိမ်ပြီး ဒီနေ့မနက်ကတည်းက ပစ်နေကြတယ် ။ စစ်ရှောင်တွေကတော့ မနေ့ကတည်း အထုတ်ကိုယ်စီနဲ့ ရှောင်လာကြတာ ။ မောတောင်မြို့ထဲဘက် ထိခိုက် ပျက်စီးမှုတွေ လည်းရှိနေတယ် သိရတယ် ။ အခုစစ်ရှောင်တွေဘက် ဖုန်းလိုင်းမကောင်းဘူး ။ အကူအညီတွေ လည်းလိုအပ်နေတယ် ။ကျွန်တော်တို့ သွားကူညီဖို့ လုပ်နေတယ်။ ” လို့ မောတောင် ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ မောတောင်မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်လာတဲ့ ပြည်သူ ထောင်ဂဏန်းကျော်အထိ ရှိနေပြီး စစ်ရှောင်တွေဟာ ထိုင်း – မြန်မာ နယ်စပ်စည်းရှိ ထိုင်းစစ်တပ်ရှိ အလယ်ဂိတ်အနီးမှာ ယာယီ နေထိုင်နေကြ တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေထဲမှာ ရွက်ဖျင်တဲပါသူရှိသလို အမိုးအကာ မပါသူတွေလည်းရှိကြောင်း ၊ အရေးပေါ်စစ်ရှောင်လာကြရတာ ဖြစ်တဲ့အတွက် အဆင်ပြေသလိုသာ နေထိုင်နေကြရပြီး သောက်ရေသန့် ၊ စားနပ်ရိက္ခာ ၊ အမိုးအကာ အပါအဝင် စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
” အကူအညီတွေ လိုနေတယ်။ အဓိကသောက်ရေလိုတယ် ။အစားအစာ တွေလိုတယ်။ အမိုးအကာ မရှိဘဲ နေကြရတော့ မိုးကာတွေလိုတယ်။ စောင်၊ ခြင်ထောင်တွေ လည်းလိုတယ်။ အခုရသလောက် အလှူလက်ခံနေတယ် ။ခုညနေလောက် ဖြစ်ဖြစ် သွားလှူနိုင်ဖို့ လုပ်နေတယ် ။ ” လို့ ထိုင်းနိုင်ငံရောက် မောတောင် ဒေသခံက ပြောပါတယ်။
မောတောင်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲက မြို့ပေါ်အထိ ရောက်ရှိနေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုတွေကြောင့် မောတောင်စျေးလည်း ပျက်စီးသွားသလို အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီး မှုရှိနေတယ်လို့သိရပါတယ်။
ဒါအပြင် တိုက်ပွဲအကြား လက်နက်ကြီးကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိနေကြောင်း သိရပါတယ်။
မောတောင်မြို့တိုက်ပွဲကြောင့် မြိတ် – မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက် နေတယ် လို့သိရပါတယ်။
အစိုးရတပ်ဟာ မောတောင်မြို့နယ် နယ်စပ်လမ်းပိုင်းအခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ကြောင်း ၊ လက်ရှိမှာတော့ တိုက်ပွဲက မောတောက်မြို့ပေါ်အထိ ရောက်လာပြီး ပိုပြင်းထန်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
မောတောင်မြို့မှာ ထိုင်း – မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းရှိပြီး နယ်စပ်ကုန်သွယ်ရေး အတွက် အဓိက ကျတဲ့ မြို့ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – cj

Related posts

Leave a Comment

VOM News

FREE
VIEW