ဆူးငှက်
အရှေ့ကျုံးလမ်းပေါ် အုပ်မိုးနေသော ကုက္ကိုပင်ကြီးများ အရိပ်ကြားမှ မာကျူရီမီးရောင်သည် ကတ္တရာလမ်းပေါ် လေးတွဲ့တွဲ့ဆင်းလာကြ၏။ လမ်းပေါ်မှာတော့ ဈေးသိမ်းနောက်ကျသော နန်းဦးလွင်မြင်းလှည်းကလေး တစ်စီးစ နှစ်စီးစပဲရှိသည်။ ကျုံးနံဘေးရေစပ်မှာတော့ ပိုးပုရစ်လေးတွေ ကျစ်ကျစ်အသံပြုသည်။ ဆရာကြီးဦးစိန်ညွန့် တိုက်ဘေး ရေနီ မြောင်းစပ် ထနောင်းပင်ဆီမှ ပုစဉ်းရင်ကွဲကတော့ သံရှည်ဟစ်နေ၏။ ပန်တျာကျောင်းပေါက် ဆိုင်းဘုတ်၏ ၆ဝ ဝပ် မီးလုံးလေးက ကတ္တရာလမ်းနံဘေးထိပဲ လင်းအား ပျံ့နိုင်သည်။ ဝင်ပေါက်ညာဘက်မှာ မြက်တောချုံပုတ်နှင့် ကွက်လပ်ကြီး။ ဘယ်ဘက်မှာက တစ်ထပ်တိုက် ရုံးခန်းလေးရှိသည်။ ကုက္ကိုပင်ကြီးတွေရှိသည်။ ဝင်ပေါက်က မြေနီလမ်းလေးအတိုင်းဝင်သွားတော့ အလယ်လောက်မှာ သစ်သားဓာတ်တိုင်လေးတစ်တိုင်က မီးလုံးနီကျင်ကျင်လေး သီးနေသည်။
ရှေ့တည့်တည့် ဆက်လျှောက်လိုက်တော့ ပုဏ္ဍရိက်ပန်းရုံလေးတွေ…။ စက္ကူပန်းရုံလေးတွေ။ ပြီးတော့ နံကပ်သစ်သား တစ်ထပ်အဆောက်အအုံလေး နှစ်ဆောင်ကြားက အသားခင်း ဝရန်တာကြီး။ ပေ ၂ဝ ကျော်ကွာ မျက်နှာချင်းဆိုင် အဆောင်ကြားမှာ ထိုဝရန်တာကြီးက ကျယ်ပြန့်လှသည်။ ဝရန်တာကြီးပေါ်မှာ သံဆန်ခါကွက်တွေ မိုးထားပြီး စက္ကူပန်းနွယ်တွေက သံဆန်ခါအပြည့် ယှယ်နွှယ်နေ၏။ ပေ ၂ဝ ပေ ၃ဝလောက်ကျယ်မည့် ထိုဝရန်တာကြီးမှာ ကော်ဇောတွေက အပြည့်ခင်းထားပြီး မြောက်ဘက်အဆောင်ရှေ့မှာ မှန်စီရွှေချ ဆိုင်းဝိုင်းကြီးချထား၏။ ဆိုင်းဝိုင်းကြီးနှင့် တောင်ဘက်အဆောင်ရှေ့ ကော်ဇောတွေပေါ်မှာ ရေနွေးကရား၊ လက်ဖက်အုပ်၊ ထိုးမုန့်၊ မာစကပ်၊ ဆနွင်းမကင်း၊ ကော်ဖီဓာတ်ဘူး၊ ရေနွေးဓာတ်ဘူးနှင့် သပ်ရပ်စွာခေါက်ထားသော လက်သုတ်ပဝါတွေ၊ လက်ဖက်ရည်ပန်းကန်လုံးတွေ အစီအရီ ရှိနေသည်။ လေးပေမီးချောင်း လေး၊ ငါးချောင်းက ဝရန်တာမှာ ထိန်နေအောင်လင်းနေ၏။
အရှေ့ကျုံးလမ်းမှ စက်ဘီးလေးတွေ ဝင်လာကြ၏။ တချို့ကနှစ်ယောက်တွဲ စီးဝင်လာသည်။ တချို့က မြင်းလှည်းငှားလာပြီး ကျောင်းပေါက်ဝမှဆင်းကာ လမ်းလျှောက်လာကြသည်။
အချင်းချင်းလည်း နှုတ်ဆက်ကြသည်။ မြောက်ဘက်အဆောင်နောက် အမှောင်ရိပ်မှာ စက်ဘီးလေးတွေ ထောက်ထားကြပြီး အဆောင်ပေါ်တက်ကြသည်။ သည်လိုနှင့် တဖွဲဖွဲရောက်လာကြတာ ညခုနစ်နာရီလောက်မှာတော့ အဆောင်နောက်မှာ စက်ဘီးဆယ့်လေးငါးစီး လောက်ရှိလာကာ လူလည်းစုံလှပြီ။ ချောင်းတဟွပ်ဟွပ် အသံပေးရင်း ခြေကျင်လမ်းလျှောက်လာသော အသက် ၇ဝ အရွယ် ခပ်ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက်ဝင်လာတော့ အားလုံးဆီးကြိုပြီး အဆောင်ပေါ်ခေါ်သွား၏။
အဆောင်လေးပေါ်မှာ တီးတိုးတီးတိုးစကားပြောကြပေမယ့် လူနှစ်ဆယ်ကျော် အသံဆိုတော့ တိတ်ဆိတ်သော ညချမ်းမှာ ပုစဉ်းရင်ကွဲအသံကို လွှမ်းသွားတော့၏။ ခဏနေသော အရိုးရှည် နှီးယပ်တောင်ကြီးယမ်းကာ အကွက်ကျဲခရုလုံချည် ခပ်လတ်လတ် စွပ်ကျယ်လက်စကအဖြူနှင့် ဝဝဖိုင့်ဖိုင့် အသက်ငါးဆယ်အရွယ်တစ်ယောက် ဝရန်တာတစ်ဖက်မှ မြောက်ဘက် အဆောင်လေးဆီ ခပ်လေးလေး ဖြည်းဖြည်းလှမ်းလာ၏။
”ဧည့်သည်တွေ ရောက်လုပါပြီ။ ပတ်စာရေစာများ ကပ်ထားကြရအောင်” ဟု ထိုပုဂ္ဂိုလ်က ပြောရင်းဝင်လာသည်။ တိုက်ပုံအင်္ကျီအနက်နှင့် ရခိုင် ပုဆိုးအကွက်စိပ် ဝတ်ထားသော အသက်သုံးဆယ်အရွယ် လူငယ်တစ်ဦးက ထပြီး… ”ကဲ…အဘတို့ ကျွန်တော်ပဲ ပတ်စာကပ်ထားပါသည်” ဟု ဆိုကာ ဆိုင်းဝိုင်းမင်းပေါက်မှ ငုံ့လျှိုးပြီး ဝိုင်းထဲဝင်တော့သည်။
ခဏနေတော့ ကျောင်းပေါက်ဝမှ ကားမီးရောင်လက်ခနဲ လင်းလာပြီး ဘောက်စ်ဝက်ဂွန်ကားလေးတစ်စီး၊ ပေါင်မုန့်ပုံကားတစ်စီး၊ မောရစ်မိုင်နာ ကားတစ်စီး စုစုပေါင်း ကားသုံးစီးဝင်လာတော့၏။ အားလုံးက ကားလေးတွေဆီ လှမ်းမျှော်ကြည့်ပြီး …
”ဟော လာကြပြီ” ဆိုကာ ဆိုင်းဝိုင်းဘက်ဆီဦးတည်နေရာရွှေ့ထိုင်ကြ၏။ ဧည့်သည်များက ကားပေါ်မှ ဆင်းပြီး ဝရန်တာကွပ်ပျစ်ကြီးပေါ် တက်လာကြရင်း ”ရောက်နေကြပြီလား” ဟု နှုတ်ဆက်သည်။ ဧည့်သည်များ ထဲမှ ခပ်ဝဝအသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်ကြီးက ဆိုင်းဝိုင်းဘက် လျှောက်လာ၏။ သူ့နောက်မှ အရပ်ပျပ်ပျပ် ခပ်သွယ်သွယ်အမျိုးသမီးတစ်ဦးလည်း ပါသည်။
”ကိုတင်ဟန် ရောက်ပြီလား၊ ကိုကျော်တင့်ရော၊ ကိုနက်ကြီးရော ပါတယ်နော်၊ ဆရာကိုကြီး ဘာနဲ့လာတာတုံး။ သြော်သြော် -ဟုတ်တာပေါ့ ၊မြင်းလှည်းငှားလာရမှာပေါ့။ အနောက်ပြင်က လာရတာဆိုတော့ ခရီးက မနီးလှဘူး။ စိန်ကျော်ရော သားတွေရော ပါတယ်နော်။ ဟာ- ကိုညိုစိမ့်၊ ဟော ဆရာဦးသက်တင် ဟုတ်ပြီ၊ ဟုတ်ပြီ လူစုံလာကြတာကိုး။ ဝမ်းသာတယ်ဗျာ။ အမာရေ လာပါဦး၊ ဒီမှာ ဦးသက်တင်ကြီးက ခြေကျင်ကို လမ်းလျှောက်လာတာတဲ့ဗျ။ အပြန်ကျ မိုးချုပ်မှာပေါ့။ ဘုရားကြီးက လာရတာ။ အပြန်တို့ကားနဲ့ ခေါ်သွားရအောင်နော်။ ရပါတယ် ရပါတယ်။ ကဲ ကဲ-ကော်ဖီလေးများသောက်ကြပါဦး။ အမလေး ဆရာဦးသိန်းကြွယ်ရယ် ကလေးတွေခိုင်းပါဗျ။ ဆရာကိုယ်တိုင်မလုပ်ပါနဲ့။ ကိုင်းကိုင်း-အစီအစဉ်များလည်း ကိုမောင်မောင်တင် ပြောထားပြီးရောပေါ့။ ခဏနေစလိုက်ကြရအောင်ဗျာ”
ခပ်ဝဝပုဂ္ဂိုလ်ကြီးနှင့် ဇနီးမောင်နှံက ဆိုင်းဝိုင်းဘက်မှာ နှုတ်ဆက် စကားဆိုပြီး ဧည့်သည်များ ဝိုင်းဝင်ထိုင်သည်။ ဧည့်သည်ဝိုင်းမှာ အသက် ငါးဆယ်ရွယ် ခပ်ပုပု မျက်မှန်နှင့် ပုဂ္ဂိုလ်၊ အရပ်မြင့်မြင့် အသားဖြူဖြူ ပုဂ္ဂိုလ်တစ်ဦး၊ အသားညိုညို ဆံပင်အနည်းငယ်ရှည်သူတစ်ဦး၊ ခပ်သေးသေးသွယ်သွယ် အမျိုးသမီးတစ်ဦး၊ အသက်သုံးဆယ် နီးပါး မျက်မှန်နှင့် အမျိုးသမီးတစ်ဦး၊ နောက် ရွယ်တူ အသားခပ်လတ်လတ် နောက်တွဲဆံထုံးနှင့် ခပ်ချပ်ချပ် ရင်စေ့လက်ရှည် ဝတ်ထားသူအမျိုးသမီးလေးတစ်ဦး။ ပတ်စာရေစာကပ်ပြီးနောက် ဧည့်သည်များထဲမှ ခပ်ပုပု မျက်မှန်နှင့်ပုဂ္ဂိုလ်က မတ်တတ်ရပ်ပြီး …
”အခုလို ညွှန်ကြားရေးမှူးချုပ် ရောက်လာတဲ့အခိုက် မန္တလေးက ရွာစားကြီးစိန်ဗေဒါရဲ့ တပည့်များက ရွာစားကြီးရဲ့တီးလုံး သီချင်းတွေနဲ့ ဧည့်ခံမှာဖြစ်ပါတယ်။ လာမယ့် ၁၉၈၂ ခုနှစ်ဆိုရင် ရွာစားကြီး စိန်ဗေဒါ နှစ် ၁ဝဝ ပြည့်ပါပြီ။ အခုရွာစားကြီးရဲ့ ကြေးရုပ်ကြီးသွန်းလောင်းနေတာလည်း ပြီးစီးပါပြီ။ ဒီကြေးရုပ်ကြီး စိုက်ထူဖို့လည်း တိုင်ပင်ကြရင်း အခုလို ပွဲလေး စီစဉ်ရတာပါ။ကဲ ကဲအစီအစဉ်လေးတွေစလိုက်ကြရအောင်” ဟု ပဋိသန္ဓာရစကားဆို၏။ ထို့နောက် တစ်ဆက်တည်းမှာပင်”မစခင် ဧည့်သည်များအချင်းချင်း မိတ်ဆက်ပေးပါဦးမယ်။ အစီအစဉ်ကို ဖျော်ဖြေကြမယ့် ပုဂ္ဂိုလ်တွေက ရွာစားကြီး စိန်ဗေဒါရဲ့ တပည့်ရင်းချာများ သားတပည့်၊ မြေးတပည့်များပါ။ ရွာစား စိန်ကျော်၊ စိန်တင်ဟန်၊ စိန်မောင်ကိုကြီး၊ စိန်နက်ကြီး၊ စိန်ကျော်တင့်တို့နဲ့အတူ ရွာစားစိန်ကျော်ရဲ့သားများလည်းပါပါတယ်။ နောက်ရွာစားကြီး ဆိုင်းမှာ စာရေးဆရာနဲ့ အဆိုတော် ဘဘဦးသက်တင်၊ နောက်ထ ဦးညိုစိမ့်တို့ရော ပါပါတယ်။ ပန်တျာက အဆိုနည်းပြကြီး ဦးသိန်းကြွယ် ပြီးတော့ကျွန်တော်တို့နဲ့ ပါလာတာက ပန်တျာအကနည်းပြ ဆရာမဟောင်း မခင်ဝင်းနွယ်။ အခု ရန်ကုန်က ညွှန်ချုပ်နဲ့က ပန်းချီဆရာကြီး ဦးအမ်တင်အေးပါတယ်။ နောက် အများသိကြတဲ့အတိုင်း စာရေးဆရာကြီး လူထုဦးလှနဲ့ လူထုဒေါ်အမာ၊ ပြတိုက်မှူး ဒေါ်တင်လှ၊ လူထုဦးလှ၊ လူထုဒေါ်အမာသမီး မတင်ဝင်းလည်း ပါပါတယ်”ဟု မိတ်ဆက်ပေးသည်။ ဆိုင်းဆရာများက အချင်းချင်းလက်တို့ပြီး ”အဲ့ဒါ မဟာဝိဇ္ဇာ ဦးမောင်မောင်တင်ပေါ့” ဟု ဆို၏။
(ဆက်ရန်)
ဆူးငှက်
