အရှေ့အိမ် ၂အိမ်
———————
ကျွန်တော်တို့ စိုင်ပြွန်ဝင်းထဲရှိ ရွာဆွေရွာမျိုးတွေက ရေစက်ရုံကြီးအနားရှိ ဦးကြီးဦးလှတင် ဒေါ်ဒေါ်လုံးတို့ လှဂုဏ်ရည် ဓာတ်ပုံတိုက်ကို အရှေ့အိမ်ဟု ခေါ်သလို ဒေါင်းရိုးထဲက ကြီးဒေါ်ဒေါ်ငွေသက် တို့ အိမ်ကိုလည်း အရှေ့အိမ်ဟုပဲ ခေါ်ကြသည်။ အရှေ့အိမ်နှစ်အိမ်ကွဲအောင်တော့ ဦးကြီးဦးလှတင်တို့ အိမ်ကို အရှေ့အိမ်ဓာတ်ပုံတိုက်ဟု ပြောလေ့ရှိသည်။ အခုပြောမှာက ဒေါင်းရိုးထဲက အရှေ့အိမ်ဖြစ်သည်။ ကျော်ကျော် (ကိုကျော်) က အရှေ့အိမ် ကြီးဒေါ် ဒေါ်ငွေသက်၏ သားဖြစ်သည်။ အရှေ့အိမ်မှာ ကြီးဒေါ်သက်နှင့် အတူ ကျော်ကျော့် သမီး ၃ယောက်ဖြစ်သော မမဝင်းကြည်၊ မမဝင်းရီ၊ မမဝင်းမာတို့ အပျိုကြီး ၃ယောက်(ထိုစဉ်က မမဝင်းကြည် အိမ်ထောင် မကျသေး) အတူနေကြသည်။ မြေးအဖွားတွေပေါ့။
မမဝင်းကြည်ကတော့ ငယ်စဉ်ကတည်းက ရန်ကုန် မော်တင် ၇လမ်းရှိ အဒေါ်ဖြစ်သူ ဦးလေးဖိုးထွေးနှင့် ဒေါ်ဒေါ်လုံမလေး တို့နှင့် သမီးတစ်ယောက်ပမာ အတူလိုက်နေသည်။ သူတို့ ညီအစ်မ ၃ယောက်မှာ မမဝင်းကြည်က အတော်ချောသည်။ သွယ်သွယ်လျလျ ယဉ်ယဉ်နှင့် မြန်မာဆန်ဆန်ချောသည်။ မမဝင်းကြည်ကလည်း ၁၀တန်းအောင်ပြီး ရန်ကုန်မှာ သူနာပြု သင်တန်းတက်နေသည်။ ကြီးဒေါ်ဒေါ်ငွေသက် အိမ်က ၂ထပ် ပျဉ်ထောင်အိမ်ကြီး ဖြစ်သည်။ အနောက်ဘက်က လက်ဖက်ဒေါ်ချစ်စု ၏ တိုက်ဖြစ်သည်။ သူတို့ နှစ်အိမ်က နှစ်အိမ့် တစ်အိမ်ဆိုသလို အတူနေထိုင်ကြ၏။ ကြီးဒေါ်သက် အိမ်မှာက မိန်းမသားချည်းမို့ ကြီးဒေါ်သက်၏ တူ ဖြစ်သူ ကျွန်တော်တို့က ပုပု ဟု ခေါ်သော လူပျိုကြီး ကိုထွန်းကြွယ်က ညအိပ် စောင့်ရှောက်ပေးသည်။ ကျော်ကျော်ကတော့ မမလှသန်းနှင့် သား၃ယောက်နှင့်အတူ ဝင်းထဲမှာပဲနေသည်။
ဒေါင်းရိုးက အရှေ့အိမ်
——————————
ကျွန်တော်တို့က ညတိုင် ညဈေးတန်း လမ်းလျှောက်ပြန်တိုင်း ကြီးဒေါ်သက်၏ အရှေ့အိမ်ကို အမြဲဝင်သည်။ ကြီးဒေါ်သက် ကလည်း သဘောကောင်း၊ မမဝင်းရီတို့ ညီအစ်မကလည်း သဘောကောင်း ကြီးဒေါ်သက် အမြဲနှပ်ထားသော လက်ဖက်အုပ်လည်း ဝင်နှိုက်ရင်းပေါ့။ ကျွန်တော် ၈တန်းရောက်တော့ မမဝင်းရီက ၁၀တန်းဖြေပြီးပြီ။ မမဝင်းမာ ကလည်း ကျွန်တော်နှင့် မတိမ်းမယိမ်းမို့ ၈တန်းပဲ ထင်ရဲ့။ သည်တော့ အဘက ကျော်ကျော်နှင့် တိုင်ပင်ပြီး ညတိုင် စာမကြည့်ဘဲ ခြေများနေသော ကျွန်တော့်ကို မမဝင်းရီထံ ညနေ ၆နာရီမှ ည ၈နာရီ အထိ ကျူရှင် အပ်လိုက်ခြင်း ဖြစ်သည်။ တကယ်တော့ ကျူရှင်ဟု ထိုစဉ်က သုံးနှုံးမှုက ခေတ်မစားလှသေးပါ။ ဆယ်တန်းဖြေပြီး အားနေသော မမဝင်းရီက သူ့ညီမနှင့် အတန်းတူ ကျွန်တော့်ကိုပါ စာကူကျက်ပေးခြင်း ဖြစ်ပါ၏။ ထို့ကြောင့် ညနေ ၆နာရီ မတိုင်မီ ညစာစားပြီး စာအုပ်လေးတွေ ပွေ့ကာ ကျွန်တော် အရှေ့အိမ်သွားရပြီးပေါ့။ ပထမဆုံးနေ့မှာတော့ အဘက လိုက်ပို့သည်။ မမဝင်းရီ က အဘကို ဦးကြီးကလည်း ကျော်ဆန်းက ၈တန်းရောက်နေပြီ၊ ကလေးမှ မဟုတ်တော့ဘဲ။ နောက်ရက် သူ့တစ်ယောက်ထဲ လာပလေ့စေ ဟုလည်း မှာလိုက်သည်။
ဤသို့ဖြင့် မမဝင်းရီဆီရောက်တာနဲ့ သူတို့ အိမ်အောက်ထပ်က ကျွန်းရသေ့ကျောင်း ခုံရှည်ကြီး ၂လုံ အလယ်က စားပွဲကြီးသည် ကျွန်တော်တို့ စာသင်ခန်း ဖြစ်သွားတော့သည်။ မမဝင်းရီတို့ အရှေ့အိမ်မှာက အိမ်နှင့် ၂၉လမ်းအကြား အိမ်ရှေ့မှာ ကွက်လပ်က အတော်ကျယ်သည်။ လမ်းနှင့် ကပ်လျက် ရေမြောင်းဘေးမှာက အရိပ်ကောင်းသော တယ်ပင်လေး ရှိသည်။
အိမ်ဝင်းထရံနှင့် ကပ်လျက်က မာလကာပင်နှင့် ဆတ်သွားဖူးပင်ရှိသည်။ ပြီးတော့ ရေတိုင်လေးနှင့် စဉ့်အိုးလည်းရှိသည်။ ရေတိုင်လေး ဘေးမှာ ပန်းရုံလေးတွေလည်း ရှိသည်။ နွေဦးပေါက်လို ရာသီမျိုးဆိုလျှင် အိမ်ရှေ့မှာ ဖရဲသီးသည်တွေ ရောက်လာသည်။ ထိုစဉ်အချိန်ဆိုလျှင် ဖရဲသီးတွေက မစားချင်အဆုံးမို့ အိမ်သို့ပင် ပြန်သယ်ယူလာ ရသည်။ အိမ်ဝင်ဝင်ချင်း ခေါင်းရင်းဘက်မှာ ပုပု အိပ်သော ကုတင်တစ်ချပ်ရှိသည်။ ထိုကုတင်က နေ့ခင်းတိုင်လျှင် လာသည့် သူတွေ ထိုင်ကြ နားကြပေါ့။
အိမ်အလယ်မှာက စောစောက ပြောသည့် ရသေ့ကျောင်းနှင့် စာပွဲ။ အိမ်၏ နောက်ဘက်ထောင့်မှာ ကြီးဒေါ်သက် ၏ ကုတင်ရှိသည်။ ယှဉ်လျက်က ကြီးဒေါ်ခန့် ၏ ကုတင် ရှိသည်။ ကြီးဒေါ်ခန့်က မမဝင်းရီတို့ အမေ ဒေါ်ဒေါ်အုန်းကြင်၏ မွေးစားမိခင် ဖြစ်သည်။ ဒေါ်ဒေါ် အုန်းကြင်ကလည်း အိမ်က မမခင်လှ ခင်ပွန်း ကိုသိန်းမောင်၏ အစ်မ ဖြစ်သည်။ ဒေါ်ဒေါ်အုန်းကြင်က မရှိတော့။ ကျွန်တော်လည်း မမှီလိုက်၊ ဓာတ်ပုံပဲ တွေ့ဖူးသည်။ အိမ်အပေါ်ထပ်မှာက ဘုရားစင်နှင့် မမဝင်းရီတို့ ညီအစ်မ အိပ်ခန်းရှိသည်။ အပေါ်ထပ်တက်သည့် လှေခါးက အိမ်ဝင်ဝင်ချင်း ခြေရင်းမှာရှိသည်။
အိမ်နီးချင်း ဆွေမျိုးတွေ
—————————–
မမဝင်းရီတို့ အိမ်မှာက အနောက်ဘက်တိုက်က ဒေါ်ကြီး ဒေါ်ချစ်စုက အမြဲရှိသည်။ သူ့တိုက်ကို ထမင်းစားချိန်နှင့် အိပ်ချိန်မှာပဲ ပြန်သည်။ တကယ်တော့ ထမင်းကိုပင် ထမင်းပန်းကန် ဟင်းပန်းကန်ကို ဒီဘက်ယူပြီး စားသည်။ ဒေါ်ကြီးဒေါ်ချစ်စု က ကြီးဒေါ်သက်နှင့် စကားပြောဖက် ဖြစ်သည်။ စကားပြောလည်း ကောင်းသလို ဗဟုသုတလည်း အတော်ကြွယ်သည်။ ငယ်စဉ်ကတည်းက ဈေးချိုတော်မှာ ဈေးထွက်ခဲ့သော လက်ဖက်အကြော်စုံ ကုန်သည်ပဲလေ၊ အပြောကောင်း ဗဟုသုတလည်း ကြွယ်ပေမှာပေါ့။ ဦးစိန်ဒေါ်ချစ်စု ၏ သမီးတစ်ယောက်ဖြစ်သော မမညွန့်မေက နာမည်ကျော် ကြေးသွန်း ပညာရှင် ဦးဝင်းမောင်နှင့် အိမ်ထောင်ကျသည်။ မန်္တလေးတွင် မြန်မာမှုလုပ်ငန်းများ နှင့်ပတ်သက်၍ ဦးဝင်းမောင်(၂)မောင်က နာမည်ကြီးလှသည်။
တစ်ဦးက ယခုကြေးသွန်း ဦးဝင်းမောင်ဖြစ်ပြီး နောက်တစ်ဦးက မြန်မာမှုဗိသုကာ ဦးဝင်းမောင် (တမ်္ပဝတီ)ဖြစ်သည်။ ဆရာဦးဝင်းမောင်(တမ်္ပဝတီ)ူက သမိုင်းသုတေသီ၊ မြန်မာမှု ပညာရှင်၊ ပန်းချီဆရာ၊ ပန်းပုဆရာလည်း ဖြစ်သည်။။ ဖခင်က ပန်းပုဆရာကြီး ဦးကျော်ငြိမ်းဖြစ်၏။ ဗိုလ်ဗထူး လမ်းပေါ်ရှိ ကြေးသွန်းပညာရှင် ဦးဝင်းမောင်၏ ဖခင်ကလည်း နာမည်ကျော် ကြေးသွန်း ဆရာကြီး ဦးဘရင်ဖြစ်သည်။
ဘုရားဆင်းတုတော်ကြီးများ ကြေးသွန်းရာ၌ နာမည်ကြီး၏။ မဟာမုနိဘုရား ဝင်းကြီးအတွင်းရှိ ကမ်္ဘာ့အကြီးဆုံး ချမ်းအေးပြည်သာ အမည်ရှိ “မောင်း””ကြီးကို ကြေးသွန်း ဦးဝင်းမောင် တို့သားအဖ က ကောဇာသက္ကရာဇ် ၁၃၃၃ခုနှစ်တွင် သွန်းလုပ်ခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံခြားရှိ ကြေးသွန်းဆင်းတုတော်ကြီး အတော် များများ၏ လက်ရာမှာ ဦးဝင်းမောင်၏ လက်ရာများဖြစ်၏။ ချောင်း၀ ဆရာတော်နှင့် ရုပ်ရှင်မင်းသားကျော်ဟိန်းတို့ လှူဒါန်းပူဇော်ကြသည့် ကြေးသွန်း ဆင်းတုတော်ကြီးကို ကြေးသွန်း ဦးဝင်းမောင်က သွန်းလုပ်စီစဉ်နေဆဲ ကွယ်လွန်သွားရှာ ခဲ့သည်။ ကြေးသွန်း လုပ်ငန်းကို ယခုအခါ တစ်ဦးတည်းသောသမီး ဒေါ်ညွန့်ညွန့်ဝင်းက အရှိန်မပျက် ဆက်လက်လုပ်ကိုင်နေကြ၏။
ကြီးဒေါ် ဒေါ်ချစ်စု၏ နောက်ထပ် သမီးတစ်ယောက် ဖြစ်သူ မမတင်လှ က ကျွန်တော်တို့ သဖန်းမျိုး ကြီးဒေါ် ဒေါ်လှဝင်းကြီး၏ သား ဒေါက်တာ မင်းလွင်ဦး (ကိုကိုညို) နှင့် အိမ်ထောင်ကျသည်။ သည်တော့ ဒေါ်ကြီးဒေါ်ချစ်စုတို့လည်း သဖန်းမျိုး ဖြစ်သွားကြတော့သည်။ နောက်တော့ ဒေါက်တာမင်းလွင်ဦး မမတင်လှတို့ သားသမီးများကပါ မမဝင်းရီ၏ သားသမီးများလို မိသားစုရင်းချာပမာ အပြန်အလှန် စောင့်ရှောက်ကြသည်။
မမဝင်းရီတို့ အိမ်မှာ နောက်ထပ်အမြဲလိုလို တွေ့ရသူက ဒေါင်းရိုးဦးပေါတိုက် အနောက်ဘက်ရှိ ဒေါ်လှစိန် အိမ်က မဝင်းနွယ် နှင့် မမွှေး တို့ ညီအစ်မ ဖြစ်သည်။ သူတို့က မမဝင်းမာ နှင့် ရွယ်တူတွေ။ ဒေါင်းရိုး ကွမ်းတောင်ကိုင်တွေပဲပေါ့။ သူတို့ကလည်း ဈေးချို ပန်းတန်းမှာ ဒေါ်လှစိန် လက်ဝတ်ရတနာနှင့် ရွှေရည်စိမ်ဆိုင် ဖွင့်ထားလို့ ဈေးချိုသူတွေ ဖြစ်သည်။ သူတို့ကလည်း ကျွန်တော်တို့နှင့် မောင်နှမတွေလို ဖြစ်ကာ ရင်းနှီးကြသည်။
တစ်ခါတရံ လူ့ဘဝကြီးက ဆန်းပြားလှသည်။ တစ်အူတုံဆင်းမဟုတ်သော်လည်း တစ်အူတုံဆင်းပမာ အရင်းအချာများ ဖြစ်သွားကာ သွားအတူ လာအတူ စိတ်တူကိုယ်တူ အလှူဒါအတူတူ ဖြစ်သွားကြသည့် သူတွေဖြစ်သည်။ မမဝင်းမာက ကျောင်းပြီးတော့ ဈေးချိုထဲကအယ်လ်ရုံ ထဲမှာ ဈေးထွက်ရင်း ဆိုင်နီးချင်း မဝင်းဝင်းမြိုင်နှင့် ညီအစ်မ အရင်းအချာတွေလို ရင်းနှီးခဲ့ရာ ယခုအခါ မဝင်းဝင်းမြိုင်သည်လည်း သူတို့ညီအစ်မ ၃ဦးနှင့် အတူ ၄ဦးမြောက် ညီအစ်မအဖြစ် မကွဲမကွာ ရှိခဲ့တာ နှစ်ပေါင်း ၄၀ မကရှိရော့မည်။
အလှူဒါနမှာပင် ညီအစ်မ၄ယောက်နာမည်ဖြင့် ကမ္ပည်းတင်လျှက်ရှိပေပြီ။ စတင်သိကျွမ်းသည့် ထိုစဉ်ကာလ ကတည်းက ကျွန်တော်တို့က မမဝင်းဟု ခေါ်ကာ အစ်မတစ်ယောက်ကဲ့သို့ လေးစား ရင်းနှီးခဲ့သည့် မဝင်းဝင်းမြိုင်ဆိုတာက အနုပညာရှင်ကြီး အလင်္ကာကျော်စွာ မြို့မငြိမ်း၏ အငယ်ဆုံး သမီးဖြစ်ပါ၏။ ရှေးရေစက်ပါပေ။
မမဝင်းကြည်ကတော့ ဦးလေးဖိုးထွေး ဒေါ်ဒေါ်လုံမလေးတို့နှင့် အတူ နွေခါ တပေါင်းတန်ခူးမှ မန္တလေးသို့ တစ်နှစ်တစ်ကြိမ် အလည်ရောက်လာသည်။ ထိုသို့ အလည်လာရင်း ဦးလေးဖိုးထွေးတို့က ရွာသို့ ပြန်ကြသည်။ မမဝင်းကြည်ကတော့ မန္တလေးမှာနေရစ်ပြီး သူ့ညီအစ်မတွေနှင့် တစ်ကိုးသီတင်း နေသေးသည်။ မမဝင်းကြည် မန္တလေးရောက်လာလျှင်လည်း မမသန်းလှတို့ အိမ်က မမခင်ဝင်းတို့ စက်ဆရာ ကိုမောင်ဒွေးတို့ ကိုမန်းမောင်တို့ မောင်နှမတတွေကလည်း အကြောင်းရှာကာ အရှေ့အိမ်မှာ လူစုကာ ရုပ်ရှင် ညဈေးတန်း ပွဲလမ်းတွေလည်း တရုံးရုံး သွားကြတာပေါ့။ ကျွန်တော်ကတော့ အဲ့လိုအခါလည်း ဝက်မြီးနောက်က ရွှံ့လုံးပဲလေ။ ဘယ်ကျန်ရစ်ပါ့မလဲ။ ဤသို့ သွားရင်း လာရင်း လည်ရင်းပတ်ရင်းနှင့် မမဝင်းရီကျေးဇူးကြောင့် ၈တန်းစာမေးပွဲကို ကျွန်တော် သိပ္ပံဘာသာတွဲ ဖြင့် အောင်မြင်ခဲ့ပါ၏။ လာမည့်နှစ် အထက်တန်း တက်ရတော့မည်။
လှိုင်းကြီး၊ လှိုင်းလတ်၊ လှိုင်းလေး
——————————————–
ငယ်စဉ်က အကြောင်းတွေ ပြန်စဉ်းစားလိုက်တော့ အထက်တန်းကျောင်းသား အထိ မန္တလေးနှင့် မန္တလေးနှင့် အနီးဆုံးနေရာများမှလွဲ၍ ဘယ်နေရာမှ မရောက်ဖူးခဲ့ပေ။ မန္တလေး အနီးဆိုသည်မှာလည်း ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ ရတနာ့ဂူပွဲရက်မှာ ဦးပိန်တံတားနှင့် တောင်သမန်အင်းကို ရောက်ဖူးသည်။ စစ်ကိုင်းတောင်ကို ဝင်းရှင် ဦးလေးသောင်တို့ ဆွေမျိုးများ ပထမဂန္ဓာရုံချောင်မှာ ခင်းသောအခါ အဘက အိုးသူကြီး တာဝန်ယူရလို့ ၆တန်းနှစ်က ရောက်ဖူးသည်။ မေမြို့ဆိုတာက တက္ကသိုလ်ကျောင်းသားဖြစ်မှ ရောက်ဖူးသည်။ မင်းကွန်းလည်း ၈တန်းနှစ်လောက်မှ ရောက်ဖူးပါ၏။
မင်းကွန်းသို့ ပထမဆုံး ရောက်ဖူးသည့် အခေါက်က အမှတ်တရရှိလှသည်။ အစ်မဝမ်းကွဲများဖြစ်သော မမမြသွင်၊ မမလှလွင် နှင့် မမသန်းလှတို့က ဝါဆိုလပြည့်နေ့ုရောက်ရင် မင်းကွန်းသွားမှာ နင်လိုက်ခဲ့လေ၊ ဦးကြီးပေါလူကို ဒို့ပြောထားမယ် ဟု တစ်လလောက်ကတည်းက ကြိုပြောထားသည်။ ဒီတော့ အမေ့ကို အင်္ကျီအသစ်ချုပ်ပေးဖို့ ပူဆာရတာပေါ့။ သည်တော့ အမေက သူ့ပိုက်ဆံအိတ်လေး ရင်ပတ်ကြားထည့်ပြီး သားအမိနှစ်ယောက် ဈေးချိုသု့ိ သွားကြသည်။
အက်ဖ်ရုံထဲမှာ ချာချာလည်
——————————
တကယ်တော့ အမေက အဝတ်အထည်ကို ဝယ်ဖူးဝယ်စ မရှိလှ။ သို့သော် ဈေးချိုထဲက အက်ဖ်ရုံမှာ ဦးကြီးစာဗျော နှင့် ဒေါ်ဒေါ်ဒေါင်း သမီး မမစိန်တင်၏ ဆိုင်ရှိသည်။ သူ့ဆိုင်သွားပြီး သူ့ကို ဝယ်ခိုင်းမယ်ပေါ့။ ဒီလိုနှင့် ဈေးချို အက်ဖ်ရုံထဲရောက်တော့ အရင်လိုမဟုတ်တော့။ ရုံ၏ အလယ်လမ်းတွေမှာ ပျံကျခင်းရောင်းကြသော မှောင်ခိုဈေးတန်းကြီး ဖြစ်နေသည်။ စည်လိုက်တာလည်း တိုးဝှေ့လို့။ ရုံထဲ ဝင်လိုက်သည်နှင့် သည်ဈေးတန်းကြီးမြင်လိုက်တာနှင့် မမစိန်တင့် ဆိုင်ကို မရှာတတ်တော့။ ဆိုင်တွေမှာလည်း ပစ္စည်းတွေ ခင်းကျင်းထားက စုံလို့။ အထည်စတွေကလည်း အမျိုးစုံ အရောင်စုံ။ ထို့နောက် ပန်းကန်တွေ ဓာတ်ဘူးတွေ တဘက်တွေ ပုဝါတွေ သွားတိုက်ဆေး သွားတိုက်တံ ဆပ်ပြာခဲ ပေါင်ဒါဘူး လက်ပတ်နာရီ စုံလို့။ ဈေးတန်းထဲ ဝင်လိုက်ကတည်းက ကိုယ်လိုချင်သည့် ပစ္စည်း ဘယ်ဆိုင်မှာ ရှိသလဲဆိုတာ ကျီးကန်းတောင်းမှောက် ကြည့်ရလို့ မူးနောက်။
ဈေးတန်းထဲ ဟိုကြည့် သည်ကြည့် ယောင်လည်လည်ဆိုတော့ ဈေးသည်ကလည်း သူ့ဆိုင်ရှိသော ပစ္စည်းထိုးပြပြီး ဇွတ်ခေါ်ပြန်သည်။ ကဲ..၊ မမစိန်တင့်ဆိုင်လည်း မမှတ်မိတော့။ ဈေးတန်းထဲမှာပဲ ပတ်ချာလည်နေတော့ အထည်စတွေ ရောင်စုံ ထပ်ထားသော ဆိုင်ရှေ့ ထိုင်ချပြီး ကလေးအတွက် အင်္ကျီစလေး လိုချင်လို့ပါ ဟု အမေက မေးရင်း အထည်စလေးတွေ ကိုင်ကြည့်သည်။ ဈေးသည်က ကျောက်ပေါက်မာ သက်သက်နှင့် ၄၀ အရွယ် အမျိုးသား တစ်ယောက်ဖြစ်သည်။
သူက ဒီကလေး အတွက်လား ဒီအစ ကြည့် ကြီးဒေါ် အခု ခေတ်စားနေတာ ယိုးဒယားကကို လာတာဟုပြောရင်း အစတွေ ဖြန့်ပြသည်။ ဒါ ခရစ်စလို့ ခေါ်တာဗျ ဈေးလည်း မများလှဘူးတဲ့။ အထည်စဆိုလျှင် (ထိုစဉ်က) ပေါ်ပလင်နှင့် တက်ထရွန်လောက်သာ သိသော အမေက ဈေးသည်ပြသော အစကို ကိုင်ကြည့်ကာ ဗျုတ်ရှပ်ရှပ်နဲ့နော် ဟု အံ့သြနေသည်။ ဟုတ်တယ်ဗျ ခရစ်လှိုင်းကြီးတဲ့ လှိုင်းလတ်တဲ့ လှိုင်းသေးတဲ့ ၃မျိုးလာတာဟု ဆိုသည်။ ကျွန်တော်ကတော့ ဘာရယ်မသိ ခရစ်စ ဆိုကတည်းက သဘောကျနေပေါ့။ ဘာလို့လဲ ဆိုတော့ ကိုမောင်ဒွေး စက်ဆိုင်မှာ လာအပ်ကြသည်များက ခရစ်စတွေများသည်။ အင်္ကျီလည်း ခရစ်စ၊ အမျိုးသမီးဝတ် လုံချည်လည်း ခရစ်စ ချည်းမို့ ခရစ်စ က ခေတ်မီ အသုံးအဆောင်ဟု စွဲမှတ်ထားသည်။
အမေကလည်း သူကိုယ်တိုင်က သဘောကျနေပုံရသည်။ ဈေးသည်ပြသော အစကို ကိုင်ကာ ကျွန်တော့်ဖက်လှည့်ပြီး ကြိုက်လားဟု မေးတော့ အမြန်ခေါင်းညိတ်လိုက်သည်။ ဒါဆို ဘယ်အရောင်ယူမလဲ ရွေးလိုက်ဟုပြောကာ အမေက ဒီကလေး လက်ရှည် တစ်ထည်စာကို ဘယ်လောက်ကျသလဲ ဆိုသော ဈေးစကားနှင့် ဈေးဆစ်တာ ပစ္စည်းစိတ်ချရမလား ဆိုတာတွေ ထုံးစံအတိုင်း ပြောဆိုနေချိန် ကျွန်တော်က အရောင်ရွေးလို့ မပြီးနိုင်၊ ဟိုအရောင် ကောင်းနိုး ဒီအရောင် ကောင်းနိုးနှင့် မဆုံးဖြတ်နိုင်သေး။ အမေက မြန်မြန်ရွေးဟဲ့ ဟု ပြောမှ မျက်စိထဲ သဘောတွေ့သလိုလိုရှိသော အရောင်ကို ရွေးကာ ဈေးဝယ်ခြင်း ကိစ္စ လက်စသတ်တော့သည်။
အိမ်ရောက်တော့ ကိုမောင်ဒွေးဆီ တန်းသွားပြီး အစကိုပေးကာ အင်္ကျီအပ်သည်။ ကိုမောင်ဒွေး က အံ့အားသင့်နေကာ ဟောဗျာ ငါလိုက်ဝယ်ပေးမယ် ပြောထားတာ မစောင့်ဘဲ သားအမိနှစ်ယောက် သွားဝယ်ကြတာလား၊ ပြစမ်း ဘာအစ ဝယ်ခဲ့တာလဲ မေးရင်း ကျွန်တော့လက်ထဲက စက္ကူအိတ်လေး ယူ၍ အစကို ကြည့်သည်။ ဟောဗျာ.. ဒါကြောင့် ငါလိုက်ဝယ်ပေးပါမယ် ပြောတာ၊ အခု ဒီအစက ဘယ်လောက်ပေးရတာတုံး ဟု မေးလို့ ဈေးပြောပြတော့ ကိုမောင်ဒွေးက ကဲ ဝယ်ပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ ဟု ဆိုကာ ကျွန်တော့ကို ကိုယ်တိုင်းသည်။ တိုင်းရင်းနှင့် ခရစ်စက အစားစားရှိတာ၊ ဒီအမျိုးအစားက မာတယ်၊ ဈေးလည်းပေါတယ်၊ ဒါပေမယ့် မင်းတို့ကို အကောင်းဈေးယူလိုက်တာ၊ ပြီးတော့ ရွေးလာတဲ့ အရောင်ကိုလည်း ကြည့်ပါဦး၊ အပြာတောက်တောက်၊ မင်းအသားအရေနဲ့ လိုက်ပါ့ ဟု ပြောသည်။ ကျွန်တော်တို့ သားအမိဝယ်လာတာက ခရစ်လှိုင်းကြီး အစ အပြာရောင်။ ဘာပဲပြောပြော ထိုစဉ်က ထိုအင်္ကျီသည် ကျွန်တော့ အတွက် အကောင်းဆုံ အင်္ကျီတစ်ထည်ပါပေ။
အင်္ကျီအသစ် ပုဆိုးအသစ်နင့်
——————————
မင်းကွန်းသွားမည့်နေ့ရောက်တော့ စောစော အိပ်ရာထ ရေမိုးချိုးပြီး ခရစ်လှိုင်းကြီး အင်္ကျီ အပြာရောင် တောက်တောက် လက်ရှည် အသစ်နှင့် ပုဆိုးကလည်း ဦးကြီးချစ်တီး မန္တလေးလာစဉ်က ရွာ လ.လ.သ.သ က မြေပဲသွင်းလို့ တာဝန်ကျေအဖြစ် ထုတ်ယူခွင့် ရသော ပလေကပ်လုံချည်ဖြစ်သည်။ သူ့အဆင်က အဖြူမှာ အစိမ်းရင့် ကွက်စိပ်မို့ ရွာနှင့် မကိုက်ဟုဆိုကာ အဘကို ပေးခဲ့သည့် ပုဆိုးအသစ်ဖြစ်၏။ ကျွန်တော် ငယ်စဉ်က ပိန်သည် မဲသည်။ ဒီကြားထဲ ဟိုလိုက် သည်လိုက် နေပူစပ်ခါးမရှောင်မို့ အသားမည်းက နေလောင်ထားသေးသည်။ ထိုနေ့က မင်းကွန်းသွားမှာ ဆိုတော့ မမခင်လှက မိုးပွင့် စနိုးတွေကို သေချာ လိမ်းပေးလိုက်သေးသည်။ ဒီလိုနှင့် မနက် ၆နာရီလောက် အိမ်ကနေ ကိုသန်း မြင်းလှည်းနှင့် မရမ်းခြံဆိပ်သွား၊ မရမ်းခြံဆိပ်ကနေ လူအိုရုံမော်တော်နှင့် မင်းကွန်းသွားရသည်။
မင်းကွန်းရောက်တော့ ဆိပ်ကမ်းကနေ လှည်းငှားကာ တောင်ရိုးသို့ အရင်သွားကြသည်။ အတက်စ တောင်ရိုးက ချောင်မှာ ဆရာတော်ကို ပါလာသည့် ဒန်ပေါက်ဆွမ်းကပ်၊ ချောင်ထဲက ဘုရားလည်းဖူးကြသည်။ ထိုစဉ်က ဖူးခဲ့ရသော ဘုရားတစ်ဆူက လိုဏ်ထဲက တဆင့် တက်ရတာ မှတ်မိနေ၏။ ဘွဲ့အမည် မမှတ်မိတော့။ ထို့နောက် ဘုရားစေတီ ပရိဝုဏ်က သစ်ဆိမ့်ပင်ကြီး အရိပ်မှာ ပါလာသည့် ဒန်ပေါက်တွေစားကြရင်း နားနားနေနေ စကားပြောကြ သည်။ ဝါဆိုလပြည့်မို့ နေကပူပြီလေ၊ ဒါတောင် အရိပ်ကောင်းမှာ လေတဖြူးဖြူးရနေလို့။ ကျွန်တော့် ခရစ်လှိုင်းကြီး အင်္ကျီက အဲ့သည်မှာ အစွမ်းပြတော့တာပဲ။ ပူလိုက်တာ၊ ချွေးတွေနစ်လို့ ခရစ်စက ချွေးမစုပ်သည့် အပြင် ရှတာ ယားတာပိုသေး၊ အသားက ဂေါက်ဂက်နဲ့။ မျက်နှာကလည်း မိုးပွင့်စနိုးတွေ လိမ်းခဲ့လို့ ပူပူ တင်းတင်းကြီး၊ အောက်ခံဘောင်းဘီ ဝတ်တတ်သည့် အရွယ်မဟုတ်ဘဲ လူကြီးပုဆိုး အဖြူမို့ အဆင်မပြေ။
ကျေးဇူးရှင်မို့
—————-
ကိုင်း.. ပါလာတာက ကျွန်တော့် အစ်မဝမ်းကွဲ ၃ယောက်တင်မဟုတ်။ ဈေးချိုအရှေ့ဘက် ၈၃လမ်းမျက်နှာပြုနှင့် တိုက်တန်းဝင်းထဲက အစ်မများ၏ အလုပ်ရှင်တွေ၊ မမသိန်းတဲ့၊ မမသန်းတဲ့၊ မမသိန်းသမီး တက္ကသိုလ်ကျောင်းသူ ခပ်ချောချောက တစ်ယောက်၊ သူတို့ တူမ ကျွန်တော်နှင့် ရွယ်တူတစ်ယောက်။ ကျွန်တော် တစ်ယောက် ယောက်ျားလေး ပါတာလေ။ လူပျို မပေါက်တပေါက်အရွယ်၊ ရှက်လိုက်တာ။ မမသိန်းတို့၊ မမသန်းတို့က ဒီဘုန်းကြီးကျောင်းကို တစ်နှစ် ၂ခေါက် အနည်းဆုံးရောက်ပြီး ဆွမ်းကပ်ကြ လှူဒါန်းကြတာတဲ့။ သူတို့ မိဘများလက်ထက် သူတို့ငယ်ငယ်က ဒီကျောင်းမှာ ၃နှစ်လောက် စစ်ခိုခဲ့ကြရတာတဲ့။ သူတို့က ဟို မိဘဘိုးဘွား အစဉ်အဆက်ကတည်းက မန္တလေးမှာ အခြေချခဲ့ကြတာလေ။ သူတို့က ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြ။ ကျွန်တော် မင်းကွန်းကို ပထမဆုံး ရောက်ဖူးတာကတော့ တကယ့် အမှတ်တရဖြစ်ပါ၏။
ဆူးငှက်
