ဂါဇာမှာ နိုင်ငံတကာတပ်တွေ ထားရှိရေးပါဝင်တဲ့ အမေရိကန်အဆိုပြုချက် လုံခြုံရေးကောင်စီ အတည်ပြု

ကုလသမဂ္ဂ၊ နိုဝင်ဘာ-၁၈-၂၀၂၅
ရတီ (VOM)
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအတွက် အချက် ၂၀ ပါအစီအစဉ်ကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဗြိတိန်၊ ပြင်သစ်နှင့် ဆိုမာလီယာ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ထောက်ခံခဲ့ပြီး ရုရှားနဲ့ တရုတ်တို့က ကြားနေခဲ့ကာ ကန့်ကွက်သူမရှိခဲ့ပါဘူး။
စီအစဉ်မှာတော့ ဂါဇာကမ်းမြှောင်‌ဒေသအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) တရပ် တည်ထောင်ဖို့ ပါဝင်ပြီး အမည်မဖော်လိုတဲ့ နိုင်ငံများစွာက ပါဝင်ကူညီဖို့ ကမ်းလှမ်းထားကြောင်း အမေရိကန်က ပြောပါတယ်။
ဆုံးဖြတ်ချက်မှုကြမ်းကို အတည်ပြုတာဟာ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဟားမတ်စ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးနဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်တယ်ဆိုကာ ပယ်ချခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသအပေါ် နိုင်ငံတကာ အုပ်ထိန်းမှုယန္တရားတရပ်ကို တည်ဆောက်မှာဖြစ်ပြီး ပါလက်စတိုင်းပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။
လုံခြုံရေးကောင်စီက အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်အရ ISF ဟာ အစ္စရေး ၊ အီဂျစ်နိုင်ငံတို့နဲ့ ပူးပေါင်းပြီး နယ်စပ်ဒေသတွေကို လုံခြုံစေဖို့၊ ဟားမတ်စ်အပါအဝင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို အပြီးအပိုင် လက်နက်ဖြုတ်သိမ်းရေးအပြင် လေ့ကျင့်သင်ကြားပြီး စိစစ်ထားတဲ့ ပါလက်စတိုင်းရဲတပ်ဖွဲ့ဖွဲ့စည်းရေးတို့ ပါဝင်ပါတယ်။
လက်ရှိအချိန်ထိ ပါလက်စတိုင်းရဲတပ်ဖွဲ့ဟာ ဟားမတ်စ်အုပ်ချုပ်မှုအောက်မှ ရှိနေပါတယ်။ ISF ဟာ ဒေသကို လုံခြုံစေဖို့၊ ဂါဇာမှာ စစ်ရေးအင်အား လျှော့ချရေး၊ အကြမ်းဖက်အခြေခံအဆောက်အအုံတွေကို ဖြိုခွင်းဖို့၊ လက်နက်တွေ ဖယ်ရှားရေးနဲ့ ပါလက်စတိုင်းအရပ်သားတွေရဲ့ ဘေးကင်းရေးအတွက် ကြီးကြပ်တာဝန်ယူမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်က ပြောပါတယ်။
လုံခြုံရေးကောင်စီဟာ ပါလက်စတိုင်းအုပ်ချုပ်မှုကော်မတီ၊ ဂါဇာပြန်လည်တည်ဆောက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်တာကို ကြီးကြပ်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (BoP) သို့မဟုတ် အကူးအပြောင်းကာလ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ကိုလည်း အတည်ပြုခဲ့ပါတယ်။
ဆုံးဖြတ်ချက်အရ နှစ်နှစ်ကြာ စစ်ပွဲအပြီး ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့မှုကို ကမ္ဘာ့ဘဏ်မှ ကျောထောက်နောက်ခံပြုထားတဲ့ ရန်ပုံငွေမှ ရရှိမှာဖြစ်ပါတယ်။ ISF နဲ့ BoP နှစ်ခုစလုံးဟာ ပါလက်စတိုင်းကော်မတီနဲ့ ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW