နိုဝင်ဘာ ၁၉ – ၂၀၂၅
SN (VOM)
လက်ရှိမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး၊ အရေးယူခံရသူ အယောက် ၁၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်၊ ပြုလုပ်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အစိုးရ တာဝန်ရှိသူတွေက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေတွေနဲ့ ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်။
ဒီလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က “ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ၊ ပြောဆို ဖော်ပြချက်တွေ ရှိလာရင် အရေးယူသွားမှာပါ။ ရွေးကောက်ပွဲဆိုင်ရာ ကာလတွေအတွင်း လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေးအတွက် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနဲ့ တခြား မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမှာပါ” လို့ ပြောကြားထားပါတယ်။
လက်ရှိမှာလည်း ရွေးကောက်ပွဲဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်လျက်ရှိတာမှာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့က ရွေးကောက်ပွဲကော်မရှင် ရုံးအကူကို ထိုးကြိတ်ခဲ့သူကို ရွေးကောက်ပွဲဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက မနေ့ နိုဝင်ဘာ ၁၈ ရက်၊ ညပိုင်းမှာ သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပြီး ဆိုင်ကယ်ချင်း တိုက်မိမလိုဖြစ်ရာကနေ အချင်းများခဲ့ပြီး ဦးထွန်းမင်းလတ် ဆိုသူက ရွေးကောက်ပွဲကော်မရှင် ရုံးအကူ ကိုဘိုဘိုထွန်းကို လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ရုံးအကူဖြစ်သူ ကိုဘိုဘိုထွန်းမှာ နာကျင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် တာဝန်ဝတ္တရားတွေ ထမ်းဆောင်နိုင်ခြင်း မရှိအောင်၊ နာကျင်အောင် ပြုလုပ်ခဲ့သူ ဦးထွန်းမင်းလတ်ကို နိုဝင်ဘာ ၁၅ ရက်က အုတ်တွင်းမြို့မရဲစခန်းမှာ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီမှ ရပ်/ကျေးအမှုဆောင် ဒေါ်အမာစိန်ကို ဓားနဲ့ခုတ်ခဲ့တဲ့ ဝင်းဦး (ခ) ဘက်ဟိုး ဆိုသူကို ရွှေကျင်မြို့မရဲစခန်းက ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်တဲ့ ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီ နိုဝင်ဘာ ၁၂ ရက်နေ့မှာပဲ ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင် အရှေ့ရပ်ကွက်နေ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနန္ဒမျိုးအောင် နေအိမ်မှာရှိနေစဉ် ၎င်းရဲ့ နေအိမ်ရှေ့ သစ်တောလမ်းပေါ်ကနေ အမျိုးသားတယောက် (စိစစ်ဆဲ) က PPP ကို မဲမပေးပါနဲ့လို့ အော်ဟစ် ပြောဆိုခဲ့တာကြောင့် အလုံမြို့မရဲစခန်းက ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ထားပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၊ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်နဲ့ ပြည်ကြီးတံခွန် မြို့နယ်တို့က မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် ဖျက်ဆီးခဲ့သူတွေကိုလည်း ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ထားပြီး အရေးယူနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက် ဟန့်တားနိုင်မယ့် အခြေအနေမှ ကာကွယ်တားဆီးနိုင်ဖို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှု မရှိသူတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒါအပြင် ရွေးကောက်ပွဲ အသိပညာပေး ဇာတ်လမ်းနဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုသူ၊ ထောက်ခံခဲ့သူတွေဖြစ်တဲ့ ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း၊ ဒါရိုက်တာသက်လွင် (ခ) ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာအောင်ချမ်းလူ (ခ) အေးချမ်းအောင်တို့ကိုလည်း ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ဥပဒေနဲ့ ပထမဆုံး စတင် အရေးယူခံခဲ့ရသူကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့က အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဆိုသူဖြစ်ပြီး ပြစ်မှုထင်ရှားတာကြောင့် တောင်ကြီးမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်တိတိ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲဥပဒေ စတင်ပြဋ္ဌာန်းခဲ့တဲ့ ဇူလိုင်လမှ စတင်ကာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ အမှုပေါင်း ၄၀ မှုအတွက် အမျိုးသား ၈၃ ယောက်နဲ့ အမျိုးသမီး ငါးယောက်၊ စုစုပေါင်း ၈၈ ယောက်ကို အရေးယူထားပြီး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက အောက်တိုဘာလ ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အစည်းအဝေးမှာ ပြောကြားထားပါတယ်။
Photo – CJ
