နိုဝင်ဘာ ၁၈ – ၂၀၂၅
SS (VOM)
နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှေးဟောင်းလှေလို့ ယူဆရတဲ့ လှေနှစ်စင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ လှေတွေကို လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာအုပ်စု၊ ပတ္တာကျေးရွာမှ ဒေသခံ တယောက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်က စတင် တွေ့ရှိခဲ့တာလို့ သိရပါတယ်။
“ရွာသား တယောက်က စတွေ့တာပါ။ တူးလို့ တွေ့တာတော့ မဟုတ်ဘူး။ ရေတိုက်စားတာကြောင့် ဖြစ်မယ်။ ရေထဲကနေ ပေါ်လာတာ။ ရှေးဟောင်း၊ ရှေးဖြစ်က လှေတွေပေါ့။ လှေတွေထိပ်မှာ မြန်မာစာနဲ့ ရေးသားထားတဲ့ စာတွေလည်း တွေ့ရတယ်။ ဒီလို လှေတွေတွေ့တာက အခုမှ မဟုတ်ဘူး။ အရင်ကလည်း တွေ့ထားတာတွေ ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ တွေ့ရှိထားတဲ့ လှေကြီးတွေမှာ တစင်းက အလျား ၅၈ ပေ၊ လုံးပတ် ၈ ပေနဲ့ ၈ လက်မ၊ လှေဝမ်းအလျား ၄၂ ပေရှိပြီး နောက်ထပ် လှေတစင်းကတော့ အလျား ၅၁ ပေနဲ့ ၉ လက်မ၊ လုံးပတ် ၈ ပေ၊ လှေဝမ်းအလျား ၃၉ ပေနဲ့ ၉ လက်မရှိကာ သစ်လုံး တလုံးတည်းနဲ့ ထွင်းထုထားတဲ့ လှေတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီ လှေတွေကို လက်ရှိမှာ ပတ္တာကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝီဇယရဲ့ ဦးစီးမှုနဲ့ ရွာသူ၊ ရွာသားတွေက ဆယ်ယူခဲ့ပြီး ပတ္တာကျေးရွာရှိ သစ္စာမာန်အောင် သက်ပေါင်းချမ်းသာ ဆုတောင်းပြည့်စေတီအတွင်း ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီလှေကြီးတွေနဲ့ ပတ်သက်လို့ ရှေးဟောင်းသုတေသန ပညာရှင်တယောက်က “ကျွန်တော် လေ့လာရသလောက် ဒါက သစ်ထွင်းလှေ၊ လုံးထွင်းလှေလို့ ခေါ်ပါတယ်။ သစ်တပင်တည်း ထွင်းထုရတဲ့အတွက် ဒီသစ်ပင် အကြီးကြီးတွေကို ရိုးမထဲကတဆင့် ရေနဲ့သာ သယ်ယူနိုင်ပါတယ်။ မြစ်၊ ချောင်းနဲ့ အနီးဆုံးနေရာမှာ ထွင်းထုရပါတယ်။ လှေပြီးလို့ ရေချရတဲ့အခါ ရေနဲ့အနီးဆုံး ဖြစ်အောင်ပါ။ လူအင်အား (ဒါမှမဟုတ်) ဆင်နဲ့ဆွဲမှ ရေကျမှာပါ” လို့ ပြောပါတယ်။
အခုတွေ့ရှိထားတဲ့ လှေတွေကို ကြည့်ခြင်းအားဖြင့် ၅၀ ရာခိုင်နှုန်းလောက်သာ ပြုလုပ် ပြီးစီးထားတာဖြစ်ကာ မီးသင့်၊ ဝမ်းဖြဲ၊ ဒေါက်ကန်၊ ပုံဖေါ်၊ နံထောင်အဆင့်တွေ ကျန်သေးတယ်လို့ သူက ပြောပါတယ်။
“နံထောင်အဆင့်တောင် မရောက်သေးလို့ မသိတဲ့သူတွေကတော့ လူက ဘယ်က ထိုင်စီးရမလဲပေါ့။ ဒီလှေကြီး ပြိီးဆုံးတဲ့အထိဆို၊ လောင်းလှေ ပြိုင်လှေအဆင့်ဆို တကယ် အကြီးကြီးပါ။
လှေရဲ့ ဘေးမှာ နံထောင်အဆင့် ရှိပါတယ်။ ဒါဟာ ထွင်းထုနေချိန် အခက်အခဲ တခုခုကြောင့် ပြီးဆုံးတဲ့အဆင့် မရောက်ခင် ရေတက်၊ ရေကျ ရာသီဥတု တခုခုကြောင့် နစ်မြုပ် ပျောက်ဆုံးသွားတယ်လို့ ယူဆမိပါတယ်။ လှေကြီးသာ ပြီးဆုံးသွားတဲ့အထိဆို တကယ်လှမှာပါ။ လှေဦး၊ လှေပဲ့ ဆက်ဖို့ ကျန်ပါသေးတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ တွေ့ရှိထားတဲ့ လှေတွေရဲ့ ပုံစံကတော့ လောင်းလှေ ပုံစံမျိုးဖြစ်ပြီး မီးနဲ့အပူပေး နံဖြဲ လုပ်မှသာ လူဝင်ထိုင်လို့ရမှာဖြစ်ကာ သစ်ကတော့ သစ်ကနက်သား ဖြစ်နိုင်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ပတ္တာရွာနဲ့ကပ်ရပ်က ရွှေအုန်းပင်ကျေးရွာမှာ လှေကြီးတစင်း တွေ့ရှိခဲ့ဖူးပြီး အဲဒီ လှေကြီးဟာ အလျား ၆၅ ပေနဲ့ ၇ လက်မ၊ လုံးပတ် ၁၀၊ လှေဝမ်းအလျား ၄၅ ပေနဲ့ ၅ လက်မ ရှိတဲ့အတွက် အဲဒီဒေသမှာ တွေ့ရှိရသမျှ လှေတွေထဲ အကြီးဆုံးလှေကြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ၁၉၆၁ ခုနှစ်ကလည်း လယ်ဝေးမြို့နယ်၊ သဲဖြူဆိပ်ကျေးရွာအနီး ရုံးပင်ချောင်းမှာ အလျား ၅၉ ပေရှိ သစ်လုံးထွင်း လှေကြီးတစင်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
