သရက်ချောင်းမြို့အထက်ကျောင်းက အထက်တန်းပြ ဆရာမ ၃ဦးကို လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်

နိုဝင်ဘာ ၁၉ – ၂၀၂၅
KKL(VOM)
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေခံပညာအထက်ကျောင်းက ကျောင်းဆရာမ ၃ ယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ပညာရေးအသိုင်းအဝိုင်း ကနေ သိရပါတယ်။
”ဆရာမတွေက ရွေးကောက်ပွဲကိစွတာဝန်နဲ့ထားဝယ်မြို့ကနေ သရက်ချောင်းမြို့ကိုမော်တော်ယာဉ် တစီးနဲ့ နိုဝင်ဘာ ၁၆ ရက်က ထွက်လာရင်း အဖမ်းခေါ်ခံရတာ။ သင်းကျွန်း ကျေးရွာအနီးမှာ ဖမ်းခေါ်ခံရတာ။ ဘယ်အဖွဲ့က ဖမ်းတာလည်းဆိုတာ မသိရသေးပါဘူး”လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်ခံရတဲ့ ဆရာမ ၃ ယောက်ဟာ သရက်ချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြဆရာမတွေဖြစ်တဲ့ ပန်းတောရပ်ကွက်က ဒေါ်မီမီချို၊ မြို့မရပ်ကွက်က ဒေါ်ဆုဝါလှိုင်နဲ့ ဒေါ်ဆင့်ဆင့်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။
”သင်းကျွန်းကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်တွေက မော်တော်ယာဉ်ကို တားဆီးရပ်တန့်ခိုင်းပြီးဖမ်းဆီးခေါ်သွားတာပါ။သက်ဆိုင်ရာက လိုအပ်တာတွေကို စစ်ဆေးဆောင်ရွက်နေပါတယ်။”လို့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဆရာမတွေဟာ ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်အထိ ပြန်လွတ်လာတာမရှိသေးဘဲ ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်းတွေကို ပြန်လည်ကယ်တင်နိုင်ရေး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်းရှာဖွေနေတယ်လို့သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းခေါ်တဲ့ဖြစ်စဉ် တွေမကြာခဏဖြစ်ပွားနေပြီး နိုဝင်ဘာလ ၁၆ ရက်က လည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြ ကျောင်းဆရာမ ဒေါ်ရီရီဝင်းအပါအဝင် သိမ်ဇရပ်မြို့ပေါ်က အခြေခံပညာစာသင်ကျောင်းတွေက ကျောင်းဆရာမ ၉ ယောက်ဟာ သိမ်ဇရပ်မြို့ကနေ မော်တော်ယာဉ် ၁ စီးနဲ့ ကျိုက်ထိုမြို့ကိုသွားရောက်စဉ် လမ်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က မနက်ပိုင်းဖမ်းခေါ်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက အသက် ၁၂ နှစ်အရွယ် ကလေးတယောက်အပါအဝင်လူ ၈ ယောက်ကိုလည်း လက်နက်ကိုင်အဖွဲ့တခုက နိုဝင်ဘာ ၅ ရက်က ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင်တဦးဖြစ်တဲ့ သက်ဝေထွန်းဆိုသူဟာ စလင်းမြို့နယ်ကနေ ဆင်ဖြူကျွန်းမြို့ကို ဆိုင်ကယ်နဲ့ တယောက်တည်းအသွား အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းက လက်နက်ကိုင်အဖွဲ့တခုက​နေ ဆိုင်ကယ်ကို တားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ထွေအုပ်ရုံးအကူ ဝန်ထမ်းဖြစ်တဲ့ ကိုအောင်ဇော်မိုးဆိုသူဟာ ရွှေဘိုတက္ကသိုလ်မှာ အဝေးသင်တက်ရောက်ဖို့သွားစဉ် မုံရွာမြို့အနီးမှာ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီး ခေါ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တာဝန် ကျနေတဲ့ရဲတပ်သားစိုင်းခွန်ကျော်ရဲ့ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင်ဆိုသူနဲ့ သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်စိုင်းကိုကို၊ သမီးဖြစ်သူ အသက်ကိုးလအရွယ် မနန်းရွှေပိုးဖြူသန့်တို့ဟာ မလှိုင်မြို့နယ်ရှိ မလှိုင်မြို့မဈေးမှာ ဈေးဝယ်နေစဉ် မော်တော်ယာဉ် ၁ စီးနဲ့လာတဲ့ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW