သီပေါတံတား ပိတ်ထားဆဲဖြစ်ပြီး လမ်းခရီး ညအိပ်ရတဲ့အပြင် ကုန်ကျစရိတ် နှစ်ဆကျော်များလို့ ခရီးသွားတွေ အခက်ကြုံ

နိုဝင်ဘာ ၁၉၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိက ကုန်သွယ်ရာ လမ်းမပေါ်ရှိ သီပေါ တံတား ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ အထိ ပိတ်ထားဆဲ ဖြစ်ပြီး လမ်းခရီး ညအိပ်ရတဲ့ အပြင် ကုန်ကျစရိတ် နှစ်ဆ အထက်များလို့ ခရီးသွားတွေ အခက်ကြုံနေကြရကြောင်း ခရီးသွားတွေဆီက သိရပါတယ်။
“သီပေါလမ်း မဖွင့်သေးပါဘူး။ နောင်ချို – ကျောက်ဂူ – နမ့်လန် လမ်းလည်း ထပ်ပိတ်သွားတယ်လို့ သိရတယ်။ ဇက်ကူးတဲ့ လူတွေကလည်း ၆ နာရီ အနည်းဆုံး စောင့်ရပါတယ်။ ည အိပ်စောင့် ရတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။” လို့ ခရီးသွား အမျိုးသား တယောက်က ပြောပါတယ်။
မန္တလေးကနေ မူဆယ်ကိုလာမယ်ဆိုရင် မန္တလေး – ကျောက်ဆည် – ရွာငံ – တောင်ကြီး – ကျေးသီး – မိုင်းရယ် လမ်းကနေ လာရတာကြောင့် လမ်းခရီး ဝေးလို့ ကားမောင်းတဲ့ပေါ်မူတည်ပြီး လမ်းမှာ တည ဒါမှ မဟုတ် နှစ်ည အိပ်ရတာ ရှိတယ်လို့ သူက ပြောပါတယ်။
ကျောက်မဲ – တာလုံ ဇက်ကူးလမ်းကနေ လာမယ်ဆိုရင် လမ်းခရီး စရိတ် နှစ်ဆ ကုန်တဲ့ အပြင် ကျောက်မဲနဲ့ လားရှိုးကြား ၁၂ နာရီ နဲ့ အထက် ကြာမြင့်ကာ ညအိမ်စောင့်ဆိုင်းနေရသူ အများအပြားရှိနေတာ ဖြစ်ပါတယ်။
“ဇက်ကူးခက အံစာတုံးကား ကုန်ပါးပါးပဲပါရင် တစီး တသိန်းပါ။ ကုန်ပါတဲ့ အပေါ်မူတည်ပါတယ်။ ကုန်ပါကားတွေက နှစ်စီး ငါးသိန်း ပေးရတာတွေလည်း ရှိတယ်။ ကုန်ပါတဲ့ အပေါ်မူတည်ပါတယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ကားသေးလတွေက တခါကို ခြောက်စီး၊ ခုနှစ်စီး တင်နိုင်ပြီး တခေါက်ကို နာရီဝက် ဝန်းကျင်ခန့်ကြာတာကြောင့် ကားအရေအတွက်များလို့ တန်းစီ စောင့်ဆိုင်းနေကြရတာဖြစ်ပြီး ညအိပ်စောင့်ဆိုင်းနေကြရသူတွေလည်း များတယ်လို့ သူကပြောပါတယ်။
လမ်းကျဉ်း၊ လမ်းဆိုးပြီး လမ်း တလျှောက် စားသောက် ဆိုင်တွေ မရှိတာကြောင့် ခရီးသွားတွေ အနေနဲ့ သောက်ရေ၊ စားစရာတွေ ယူဆောင်လာသင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးကုတ် – ကျောက်မဲ လမ်းကိုလည်း သီပေါတံတား ပိတ်လိုက်ပြီးနောက် ထပ်ပိတ်လိုက်တာကြောင့် လမ်းမှာ ရပ်ထားရတဲ့ ကားတွေ ရှိသလို ကျောက်မဲမြို့ဘက် ဝင်လို့မရတော့တာကြောင့် တောလမ်းကနေ သွားလာရတယ်လို့ ခရီးသွား လူငယ် တယောက်ကလည်း ပြောပါတယ်။
တောင်တက်၊ တောင်ဆင်း၊ လမ်းကြမ်းတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက ကား မတက်နိုင်ပဲ နောက်ပြန်လှိမ့်လာတာကြောင့် ခရီးသွားတချို့ ဒဏ်ရာရခဲ့တာမျိုးဖြစ်ပွားခဲ့ပြီး 4 Wheel ပါတဲ့ ကားတွေမှ အဆင်ပြေတာမျိုး တွေ့ရတယ်လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ မိုးကုတ်ကနေ ရှမ်းမြောက်ဘက်လာမယ့် ကားတွေကို လေးရက် အတက်၊ သုံးရက် အဆင်း အလှည့်ကျ သတ်မှတ် ထားပေးတယ်လို့ သူက ရှင်းပြပါတယ်။
သီပေါတံတားကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစ ရုတ်တရက် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။
Photo: Shy V

Related posts

Leave a Comment

VOM News

FREE
VIEW