ကျွန်တော်က ကလေးပါဗျ
——————————
ကျွန်တော်က ငယ်စဉ်ကတည်းက လူကောင်သေးသည်။ ပိန်လည်းပိန် ပုလည်းပုသည်။ ထို့ကြောင့် အစ်ကိုတွေ ဦးလေးတွေနှင့် ဗထူးကွင်းလိုက်လျှင် တစ်မတ်တန်း ဝင်ပေါက် ဒလက်တွင် ဘယ်တော့မှ ပိုက်ဆံမပေးဘဲ အတူလာ လူကြီးနှင့် ကပ်ဝင်ရသည်။ အတူလာသော လူကြီးက ပိန်ပိန်ပါးပါးဆို ကိစ္စမရှိ၊ ဗိုက်ပူ လူဝ ဆိုလျှင် ဒလက်မှာ အော်ရဟစ်ရ တော့သည်။ ဒလက်စောင့်ကလည်း လူကြီးနှင့် ကလေးကို ပူး၍ သွင်းရတော့ မတော် ဒလက်အထစ်ရေက ပိုသွားမှာစိုးသည်။ သည်တော့ ကပ်ဝင်တော့မည် ဆိုပါက အဝင်မခံဘဲ ဒလက်အောက်က ငုံ့၍ ဖြစ်စေ၊ ဒလက်ပေါ်က ကျော်ခွ၍ ဖြစ်စေ ဝင်ခိုင်းသည်။
ထိုအခါ ဒလက်ပေါ်က ကျော်ခွဖို့က ကိုယ့်အရပ်နှင့် မနည်းတက်ရသည်။ လူကြီးက ချိုင်းက မ ပြီး တင်ပေးရသည်။ ဒလက်အောက်က ငုံ့ဝင်ဖို့ကျ ဝင်ပေါက် သမန်တလင်းကို ဝမ်းလျားထိုးပြီး တိုးဝင်ရသည်။ သမံတလင်းမှာက ဖုံတွေ အမှိုက်တွေသာမက ကွမ်းသွေးတွေလည်း ရှိသည်။ အဆင်မပြေ။ မူလတန်းလောက်အရွယ်က ကိစ္စမရှိ၊ အလယ်တန်းကျောင်းသား အရွယ်ရောက်တော့ ရှက်လာသည်။ ထိုစဉ်က ဗထူးကွင်း ဘောလုံးပွဲတွေကို အစ်ကိုများ ဦးလေးများက မြောက်ဘက် မတ်တန်းကပဲ ကြည့်သည်။ မြောက်ဖက် ဂိုးတိုင်၏ နောက်တည့်တည့် စင်ပေါ်မှာ သဖန်းသားတွေချည်းရှိသည်။ ဂိုးနောက်တည့်တည့် သံဇကာနှင့် ကပ်ပြီး အုတ်ခဲလေး ခုထိုင်ကာ ပွဲတိုင်းမလွတ် အားပေးသူက ဦးကြီးချိုဖြစ်သည်။
ဗထူးကွင်း မတ်တန်း ပရိသတ်
———————————
ဦးလေးများ အစ်ကိုများ ဘောလုံးပွဲ ကြည့်တာက လောင်းဖို့မဟုတ်။ ဘောလုံးပွဲကို ကြိုက်လွန်းလို့ ဖြစ်သည်။ သူ့အသင်း ကိုယ့်အသင်း အသင်းစွဲလေးတော့ ရှိတာပေါ့။ ထိုအစွဲထက် ပွဲတိုင်းကြည့်ဖြစ်နေကြတာက မတ်တန်းမှာ ပရိသတ် ကြမ်းပိုးများရှိသည်။ သူတို့ကလည်း လောင်းဖို့အတွက်မဟုတ်။ ဘောလုံးကန်နေစဉ် အားပေးသံ အပြစ်တင်သံ အလိုမကျသံ ကျေနပ်နှစ်သက်သံများကို ဟာသအမြင် ဟာသစကားလုံးများဖြင့် ပြောဆိုကြသည်။ ထိုအခါ ကျန်လူများကလည်း တဝါးဝါးနှင့် သဘောကျကြတာပေါ့။ ကျွန်တော်တို့ ဦးလေးများ အစ်ကိုများက ကိုယ်တိုင်လည်း ပွဲကျအောင် အားပေးကြသလို တစ်ပါးသူ၏ ပွဲကျစေသော အားပေးမှုကိုလည်း အိမ်ရောက်သည်အထိ ပြောလို့ မဆုံး သဘောကျ ကြသည်။ ဒါကို အရသာခံကြခြင်း ဖြစ်သည်။
ကျွန်တော်ကတော့ ဘောလုံးပွဲ နှစ်သက်လွန်းလို့လည်း မဟုတ်၊ ထိုသို့သော ဟာသတွေ သဘောကျလွန်းလို့လည်းမဟုတ်၊ ခြေထောက်ဗွေပါကာ အိမ်မနေရပြီးရော ဟိုလိုက် ဒီလိုက် သွားနေရလျှင် ထမင်းမေ့ ဟင်းမေ့ဖြစ်သည်။ သို့သော် ဗထူးကွင်းသွားတိုင်း မတ်တန်းဝင်ပေါက်မှာ ကျော်ရမှာလိုလို ဝမ်းလျားထိုးရမှာလိုလိုကိုတော့ အဆင်မပြေချင်တော့။ ဝင်ကြေးက တစ်မတ်(၂၅ပြား) ပဲဟာ။ တစ်မတ်ပေးပြီးပဲ ဣန္ဒြေရရ ဝင်ချင်သည်။ လူကြီးတွေ မပေးလည်း ကိုယ့်ဘာသာ ပေးနိုင်တာပဲလေ၊ တစ်မတ်လောက်တော့။ သို့သော် ကျွန်တော့်ကို ခေါ်လာသော ဦးလေး သို့မဟုတ် အစ်ကိုက ကျွန်တော့် အတွက် တစ်မတ်ကို မပေးချင်လို့ မဟုတ်။ ကျွန်တော့်ကို ကလေးတစ်ယောက်အနေနှင့်ပဲ အမြဲ သဘောထား နေကြလို့ ဖြစ်သည်။ ဒါတောင် မူလတန်းတုန်းက ရုပ်ရှင်ကြည့်လျှင် လက်မှတ်မဖြတ်ဘဲ သူတို့ပေါင်ပေါ်က ထိုင် အကြည့်ခိုင်းသည်။ အလယ်တန်းလောက်ရောက်မှ ကလေးလက်မှတ် ဖြတ်ပေးသည်။
စောစောအိပ်လို့ စောစောထလို့
————————————–
ကျွန်တော်ကလည်း ပြောခဲ့သလိုပါပဲ ဟိုပါ သည်ပါ အတော်ပါချင်သည်။ ကိုယ့်အရွယ်နှင့် မအပ်စပ်တာရော ကိုယ့်အရွယ်နှင့် အနေသာကြီးရော ဒုက္ခခံကာပါသည်။ တစ်နှစ်တင် ဆောင်းတွင်း ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု အနေနှင့် မြို့နယ်လုံးကျွတ် ကျုံးတစ်ပတ် စက်ဘီးစီးကြမှာတဲ့။ တစ်အိမ်တစ်ယောက် ကိုယ့်စက်ဘီးနှင့် ကိုယ် လာရမှာတဲ့။ ဆိုင်းတန်းက မြို့နယ်ကောင်စီရုံးစုရပ်ကို မနက် ၄နာရီ အရောက်လာရမှာတဲ့။ ကိုင်း.. ကျွန်တော့်မှာ ထိုစဉ်က စက်ဘီးလည်းမရှိ (မမခင်ဝင်း စက်ဘီးက တာယာကွဲ ကျွတ်ပြဲ စပုတ်ကျိုး ဂွေခွေကာ အိမ်ကြားမှာ ပုံထားရသည်)။ စက်ဘီးမရှိတာ ထားဦး ထိုစဉ်က စက်ဘီးလည်း မစီးတတ်သေး၊ အသက်ကလည်း ၁၀နှစ် ဝန်းကျင်ပဲ ရှိသေး။ အနေသာကြီးဗျာ။ စောင်ခြုံထဲ ကွေးအိပ်နေရုံပဲဟာ။ သို့သော် အဲ့လို မနေသာ၊ မနက်ရောက်ရင် ကိုမန်းမောင်တို့ရော ကိုမောင်ဒွေးရော၊ ကိုတင်ရှိန်ရော၊ အနောက်ဝင်းက ကိုဌေးအောင်ရော၊ စက်ဘီးကိုယ်စီနှင့် ကျုံးပတ်ကြမှာတဲ့။
ထို့ကြောင့် ရပ်ကွက်ဆယ်အိမ်ခေါင်း ဦးလေးပု ဆော်သြထားသလို မနက် ၃နာရီ ဝင်းပေါက်က ကင်းတဲကို အရောက်လာနိုင်ဖို့ ပြင်ဆင်နေကြပြီ။ ထိုစဉ်က တိုင်းအဆင့်က မနက်၅နာရီအရောက် ဆိုလျှင် မြို့နယ် အဆင့်က မနက်၄နာရီအရောက်၊ ရပ်ကွက်အဆင့်က မနက် ၃နာရီအရောက်ဟု ဆင့်တာက ထုံးစံဖြစ်သည်။ ဦးလေးပုက မနက် ၃နာရီဆိုတော့ ပြင်ဦးဆင်ဦး မျက်နှာသစ်ဦးနဲ့ဆို အိမ်က နာရီကို နာရီပြန်၂ချက်ထိုး နှိုးစက်ပေးကြရတာပါပဲ။
ထို့ကြောင့် ညကတည်းက ကိုမန်းမောင်တို့ ကိုမောင်ဒွေးတို့ ပြင်ဆင်နေကတည်းက ကျွန်တော်က အတူလိုက်ဖို့ စီစဉ်ပြီးပါပြီ။ အိမ်ကိုတော့ ဦးလေးပုက တစ်အိမ်တစ်ယောက် မလိုက်မနေ လိုက်ရမှာတဲ့ဗျ ဟု ပြောထားသည်။ သည်တော့ ကျွန်တော်လည်း နာရီပြန် ၂ချက် ထဖို့ နှိုးစက်ပေးတော့တာပေါ့။ တကယ်တော့ အဲ့ဒီည ဘယ်သူမှ မအိပ်ဖြစ်ပါ။ ဝင်းပေါက် ကင်းတဲကလည်း ထင်းမီးဖိုကြီးဖိုပြီး ဆန်ပြုတ်အိုးကြီးကျိုကာ စကားဝိုင်းဖွဲ့နေကြသည့်ဘေး သွားငေးရင်း နာရီပြန် ၂ချက်ခွဲလောက် ကတည်းက ဦးချစ်တီးဂျစ်ကားပေါ် အော်လံကြီးတင်၍ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့’ သီချင်းကို တကြော်ကြော်ဖွင့် တော့တာပါပဲ။
သည်လိုနှင့် ဝင်းပေါက် ကင်းတဲမှာ ၃နာရီလောက်စု၊ စာရင်းကောက် လူစုံတော့ မြို့နယ်ရုံးရှေ့သွား၊ ၃နာရီခွဲ၊ မြို့နယ်ရုံးမှာ ရပ်ကွက်စုံ စောင့်ရင်း လူကြီးတွေ လူစုရင်း ၄နာရီခွဲတော့ သီချင်းသံတကြော်ကြော်နဲ့ ကျုံးတစ်ပတ် စက်ဘီးစီးကြတာပါပဲ။ ကျွန်တော်က ကိုမောင်ဒွေး ဘီးနောက်က ထိုင်လိုက်လိုက်၊ ကိုဌေးအောင် ဘီး ရှေ့ဘားတန်းပေါ်ခုန်တက်လိုက်၊ ကိုမန်းမောင် စက်ဘီးကယ်ရီယာပေါ် ခွလိုက်ပေါ့။ ကိုင်းဗျာ ကျွန်တော်က အဲ့လိုပါဆို။ သူများတွေမှာ ချမ်းချမ်းစီးစီးနဲ့ မလိုက်မဖြစ်လို့ လိုက်ကြတာ၊ ကျွန်တော်က မဖြစ်မနေကို လိုက်တာ။ ပြောလက်စနှင့် ကလေးမို့ လက်မှတ်မပါဘဲ ဝင်လို့မရသော ပွဲတစ်ပွဲ အကြောင်း သတိရ၍ ပြောပါဦးမည်။
ဂီတပဒေသာ တဲ့
——————–
ထိုစဉ်က ဇန်နဝါရီလ လွတ်လပ်ရေးပွဲများကို ကျုံးထောင့် တွင် ခုနစ်ရက် ခုနစ်လီ ကျင်းပသည်။ ကျုံးတောင်ဘက် မန်းသီတာဥယျာဉ်နှင့် မြို့ရိုးပြာသာဒ်မျာကို မီးရောင်စုံထွန်းညှိကာ ကျုံးအတွင်း၌လည်း ရေပန်းရောင်စုံများ ပြင်ဆင် ထွန်းညှိထားသည်။ ပြခန်းများ၊ အားကစားပွဲများ၊ ရုပ်ရှင်များ၊ ကြည့်ချင်ပွဲများ၊ အဆိုအက အတီး နှင့် ပန်းချီ ကာတွန်း ဆောင်းပါး ကဗျာ ပြိုင်ပွဲများလည်း ပါဝင်သည်။ ပရိသတ် အများဆုံးမျှော်လင့်ကြသည်က ညစဉ်ဖျော်ဖြေသော ဂီတပဒေသာပွဲဖြစ်သည်။ ထိုစဉ်က မန္တလေးတွင် ခေတ်ပေါ်တူရိယာ အသင်းများက အပြိုင်အဆိုင် အားကောင်းကြသည်။
ထိုအသင်းများက တစ်ညလျှင် တစ်သင်းကျ ဖျော်ဖြေသည်။ အပြိုင်အဆိုင်ပေါ့။ ထိုနှစ်ကတော့ တစ်သင်းစီ ဖျော်ဖြေကြသည့် အပြင် အထက်မြန်မာနိုင်ငံ ဂီတကောင်စီအနေနှင့် မန္တလေးရှိ တူရိယာအသင်း ၁၁ သင်း နှင့် ပန်တျာကျောင်း ပူးပေါင်းကာ ဂီတပဒေသာပွဲကို ကျုံးအနောက်ဘက် လေဟာပြင် ကဇာတ်ရုံတွင် ကျင်းပသည်။ သီချင်းဂီတ ဖျော်ဖြေမှုများအပြင် အော်ပရာ ကဇာတ် ပြဇာတ် နှစ်ပါးသွား ယိမ်းစသည့် အစီအစဉ်များလည်း ပါဝင်သည်။
လက်မှတ်နှစ်စောင် လူသုံးယောက်
—————————————–
တူရိယာအသင်း ၁၁ သင်းက မိုးကေသီ၊ သဟာယ၊ သင်္ဂဟ၊ မိုးတေးဂီတ၊ သီရိမွန်၊ တေးချစ်သူ၊ သဇင်၊ နုယဉ်၊ ဂီတလုလင်၊ မြို့မ နှင့် သိင်္ဂီ တို့ ဖြစ်သည်။ အိမ်က ကိုသိန်းမောင်က နုယဉ်၏ ထရန်ပက်သမားဖြစ်သည်။ မမခင်ဝင်းက ပန်တျာအနေနှင့် နှစ်ပါးသွား အစီအစဉ်ပါသည်။ နှစ်ပါးသွားက ပန်တျာမှ ဆရာလေးကိုသန်းအောင်နှင့် မမခင်ဝင်းနွယ် ဖြစ်သည်။ ထိုအခါ အိမ်ကအဘတို့ အမေတို့က သူ့သမီးအစီအစဉ်ပါတော့ ကြုံတောင့်ကြုံခဲ ကြည့်ချင်သည်။ လက်မှတ်က ၂စောင်ပဲရသည်။
ကိစ္စမရှိ အဘရယ် အမေရယ်နှင့် ကျွန်တော်က ကလေးမို့ လက်မှတ်မလိုဘဲ ကပ်လိုက်သွားရုံပေါ့။ မမခင်ဝင်းက ပန်တျာကျောင်းကနေ သူ့အဖွဲ့နှင့် လာကြမည်။ ကိုသိန်းမောင်က အိမ်ကနေ သူ့ ထရန်ပက် သေတ္တာနှင့်အတူ စက်ဘီးနှင့် လာမည်။ ကျွန်တော်တို့ သားအဖ၃ယောက်က ကိုသန်းလေး မြင်းလှည်းနှင့်ပေါ့။ ပွဲခင်းထဲရောက်တော့ လူက အတော်စည်နေပါပြီ။
ကျွန်တော်တို့က ပွဲခင်းထဲ မဝင်တော့ဘဲ အနောက်ဘက် အာဠဝီပေါက်က ဝင်ကာ ဇာတ်ရုံသို့ပဲ တောက်လျှောက်သွားကြသည်။ လူတွေ စက်ဘီးတွေ ကားတွေနှင့် ဖုံက တလုံးလုံး အသံချဲ့စက်သံက ရောရှက် ဆူညံ။ ကားတွေ စက်ဘီးတွေက အာဠဝီတံတား တောင်ဘက်မှာပင် ထားရစ်ခဲ့ရပြီး လူချည်း ဝင်ကြရ၏။ ဇာတ်ရုံ ဝင်ပေါက်တွေမှာ လက်မှတ်လေးတွေ ကိုယ်စီနှင့် ဝင်ကြဖို့ တိုးနေကြသည်။
ကျွန်တော်တို့လည်း သတ်မှတ်ထားသည့်အပေါက်က ဝင်ဖို့ စောင့်ရင်း ကိုယ့်အလှည့်ရောက်တာနှင့် ဝင်တော့ လက်မှတ် ၂စောင်မို့ ၂ယောက်ပဲ ဝင်လို့ရမှာတဲ့။ တစ်ယောက် နေရစ်ရမတဲ့။ အဘက သူက ကလေးလေ တွဲဝင်လို့ မရဘူးလားဆိုတော့ မရဘူးတဲ့။ ဘယ်လိုမှ အဆင်မပြေ။ ဇာတ်ရုံထဲမှာ ဆိုင်းသံများ အစီအစဉ်ကြေညာသံများ ကြားနေရပြီ။
ဒီတင်ပဲ ဇာတ်ရုံ နောက်ပေါက်ဘက်က ကိုသိန်းမောင်ကို မြင်လိုက်တော့ အဘက လှမ်းခေါ်လိုက်သည်။ ကိုသိန်းမောင်က ကျော်ဆန်းကို ထားခဲ့လေ၊ ဦးလေးလူတို့ ဝင်လိုက်တော့။ ကျွန်တော် သူ့ကို ဇာတ်ရုံနောက်ပေါက်က ခေါ်ပြီး ပို့လိုက်မယ်တဲ့။ ကျွန်တော့်မှာ လက်ညှိုးလေးကိုက်ပြီး ကလယ်ကလယ်နှင့် ကိုသိန်းမောင်နောက် လိုက်ရသည်။ အဘနှင့် အမေက အပေါက်က ဝင်သွားကြပြီ။
စင်ပေါ်က လူ
———————
ဇာတ်ရုံနောက်ပေါက်က ကိုသိန်းမောင်နှင့် အတူ ဝင်ကာရှိသေး၊ လူကြီးတစ်ဦးက “ရှေ့က မြန်မာဝိုင်းပြီးတော့မှာ ဒို့အဖွဲ့တွေက စင်ပေါ် အမြန်နေရာယူယူကြရအောင် ဆိုကာ တူရိယာသမားတွေကို စင်ပေါ် အမြန်မောင်းသွင်းနေသည်။ သည်တော့ ကိုသိန်းမောင်လည်း ကျွန်တော့ကို လက်ဆွဲကာ ဇာတ်ခုံ ပေါ်ကအမြန်တက်ကာ တူရိယာဝိုင်းဆင်ထားသည့် စင်ပေါ်က သူ့ထရန်ပက်နေရာဝင်ထိုင်ပြီး ကျွန်တော့်ကို သူ့ခုံနဘေးနှင့် ဒိုးချောင်ကြား ခေါင်းမပြူစေအောင် ငြိမ်ငြိမ်လေး ထိုင်နေဖို့ ပြောသည်။
ထို့ကြောင့် ကျွန်တော်လည်း သူခိုင်းသည့် အတိုင်း လိုက်သွားပြီး သူ့စတင်းဘေး ကုပ်ကုပ်လေး ကပ်နေရတာပေါ့။ ရှေ့က မြန်ဆိုင်းဝိုင်းကြီး၏ ဧည့်ခံ တီးလုံးလည်း အပြီး အသံချဲ့စက်က အစီအစဉ် ကြေညာသံ ထွက်ပေါ်လာကာ တူရိယာဝိုင်းက ဆက်တိုက်တီးမှုတ်ရမှာဖြစ်သည်။
ထို့ကြောင့် အားလုံးလိုလို စင်ပေါ်ရောက် နုတ်စ်စာအုပ်ဖွင့် ချက်ချင်း တီးမှုတ်ကြတော့၏။ မှတ်မှတ်ရရ ကျွန်တော်က ပတ်မချောင်နားမို့ ပတ်မတီးဆရာက ရှေ့က မြန်မာဆိုင်းဝိုင်း တီးလုံး၏ အသံက သူပတ်စာရေစာအသံနှင့် မကိုက်လို့ တဗျစ်တောက်တောက်လုပ်ရင်း ပတ်စာရေစာပြင်ကာ တီးလုံးအစ ပတ်မကြီးကို ထီကနဲတီးလိုက်သည်။ တစ်ဆက်တည်းပင်းတူရိယာသံတွေက ပြိုင်တူ ညီညီညာညာထွက်ပေါ်လာကာ အစီအစဉ်စတင်တော့၏။ ပတ်မတီးက ခပ်ပုပုခပ်ပြတ်ပြတ် မျက်မှန်နှင့် ဖြစ်သည်။ မြို့မ ကိုထွန်းရင်တဲ့။ တူရိယာသမားများက ၁၁သင်းပေါင်းမို့ ၆၀ကျော်လောက် ရှိမည်ထင်သည်။
ကျွန်တော့်မှာ သည်နေရာမှာ သီချင်းဖျော်ဖြေရေးတွေ မပြီးမချင်း သည်အတိုင်း မလှုပ်မယှက် ထိုင်နေရကာ နောက်ပိုင်း ပဒေသာကပွဲတွေမရောက်မီ အားလတ်ချိန်ပေးမှ အဘတို့ဆီ သွားရတော့၏။ အဘနှင့် အမေက တမျှော်မျှော်။ စိတ်တွေပူလို့။ ကျွန်တော်က ခြေတွေကျင်လို့ မမခင်ဝင်းတို့ နှစ်ပါးသွားအစီအစဉ်မရောက်မီပင် အမေ့အပေါ် ကျွန်တော်က အိပ်ပျော်သွားတာတဲ့။ နောက် ဘာပွဲရှိရှိ လက်မှတ်လေးနှင့် လူလးသူသူ ကြည့်ချင်ပါပြီလေ။
