ဝါရှင်တန်၊ နိုဝင်ဘာ-၁၉-၂၀၂၅
ရတီ(VOM)
စူပါစတားဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့အတူ အိမ်ဖြူတော် ညစာစားပွဲကို အင်္ဂနေ့ညက တက်ရောက်ခဲ့ပါတယ်။
ဆော်ဒီဘောလုံးလိဂ်မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေတဲ့ ရော်နယ်ဒိုကို ဧည့်ခံရတာ ဂုဏ်ယူစရာလို့ အခမ်းအနားမတိုင်မီ ထရန့်က ပြောပါတယ်။ “ကျွန်တော့်သားက ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ပါ” လို့ ထရန့်က ညစာစားပွဲမှာ ပြောပါတယ်။
ရော်နယ်ဒိုဟာ အိမ်ရှေ့မင်းသားလက်ထက်မှာ ဆော်ဒီအာရေဗျရဲ့ အားကစားနဲ့ ခရီးသွားကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကပါဝင်နေပါတယ်။ ဘင် ဆယ်လ်မန်ဟာ အားကစားနဲ့ ခရီးသွားလုပ်ငန်းအပါအဝင် အခြားနယ်ပယ်တွေကို ကွဲပြားစွာတိုးချဲ့နေပြီး ရေနံဝင်ငွေအပေါ် မှီခိုမှုကို လျှော့ချလိုပါတယ်။
ရော်နယ်ဒို အိမ်ဖြူတော်ကို လာရောက်တာဟာ ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်မှုတွေထဲက တခုဖြစ်ပါတယ်။ညစာစားပွဲကို ရော်နယ်ဒိုတက်ရောက်မယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူက အစောပိုင်းမှာ အတည်ပြုခဲ့ပေမယ့် ဆော်ဒီကိုယ်စားလှယ်အဖွဲ့မှာ တရားဝင် ပါဝင်ခြင်းရှိမရှိ မပြောပါဘူး။
ထရန့်ကတော့ ဆော်ဒီအာရေဗျနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဆော်ဒီဟာ နေတိုးမဟုတ်တဲ့ အဓိကမဟာမိတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အင်္ဂါနေ့ အစောပိုင်းမှာတော့ ထရန့်ဟာ အိမ်ရှေ့မင်းသားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ညစာစားပွဲမှာ နည်းပညာဘီလျံနာ အီလွန်မာ့ခ် ၊ Apple စီအီးအို တင်ကွတ်ခ် အပါအဝင် အခြားဩဇာကြီးမားတဲ့ စီးပွားရေးခေါင်းဆောင်တွေတွေ တက်ရောက်ခဲ့ပါတယ်။ ဧပြီလမှာ ထရန့်အစိုးရရဲ့ အစိုးရစွမ်းဆောင်ရည်ဌာန (Doge) အကြီးအကဲအဖြစ်ကနေ နုတ်ထွက်ပြီးနောက်ပိုင်း အီလွန်မာ့ခ်ဟာ အိမ်ဖြူတော်ကို ပထမဆုံးအကြိမ် လာရောက်တာလည်းဖြစ်ပါတယ်။
ထရန့်နဲ့ တက်စ်လာသူဌေး အီလွန်မာ့ခ်တို့အကြား ပြင်းထန်တဲ့ ရန်ပွဲဟာ လပေါင်းများစွာ လူသိရှင်ကြား ဖြစ်ပွားခဲ့ပြီး အီလွန်မာ့ခ်က နိုင်ငံရေးပါတီအသစ်တခု တည်ထောင်မယ်လို့ ကြေညာခဲ့ပါတယ်။
Ref:BBC
Photo:Reuters
