နိုဝင်ဘာ ၂၃ – ၂၀၂၅
SS (VOM)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် သုံးနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်၊ မနက်ပိုင်းက ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ မနက် ၉ နာရီမှစတင်ကာ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံမှာ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့တာဖြစ်ပြီး ဒုတိယမြောက် ဆိုင်းဘုတ်ကိုတော့ ပင်လုံ၊ ဘေလီတံတားအဆင်းရှိ သီတဂူကျောင်းနားနဲ့ တတိယဆိုင်းဘုတ်ကိုတော့ ဗထူးလမ်းနဲ့ ဦးဝိစာရ လမ်းထောင့်မှာ စိုက်ထူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကျားဖြူပါတီရဲ့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်သီတာရွှေက “ဒီနေ့ကတော့ ဆိုင်းဘုတ် စိုက်ထူတာကိုပဲ လုပ်တာပါ။ ကိုယ်စားလှယ်လောင်း မိတ်ဆက်တာ မပါပါဘူး။ ဒီနေ့အခမ်းအနားလေးကနေ ပြည်သူတွေကို ပြောချင်တာကတော့ ကျွန်မတို့ပါတီက အပြောနဲ့ မဟုတ်ဘဲနဲ့ လက်တွေ့ သက်သေပြသွားမယ့် တိုင်းရင်းသားပေါင်းစုံ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား ပေါင်းစုံအတွက် ရပ်တည်သွားမှာပါ။ အဲဒီအတွက် ယုံယုံကြည်ကြည်နဲ့ မဲပေးကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဒေါ်သီတာရွှေအနေနဲ့ တိုင်းဒေသကြီးလွှတ်တော် FPTP အတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ကတော့ အသန့်ရှင်းဆုံးနဲ့ အရိုးသားဆုံးနည်းနဲ့ပဲ။ ပြည်သူတွေရဲ့ ရင်ထဲမှာရှိတဲ့သူကို မဲပေးတာကိုပဲ လက်ခံပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ရွေးကောက်ပွဲဟာ အရင်က ကျင်းပခဲ့ပြီးဖြစ်တဲ့ ရွေးကောက်ပွဲတွေနဲ့ မတူဘဲ UEC ရဲ့ စည်းကမ်း တင်းကျပ်မှုတွေလည်း ရှိနေတာကြောင့် အခက်အခဲတွေ ရှိနေပေမယ့် သတ်မှတ်ချက်တွေအတိုင်း အဆင်ပြေအောင် ကြိုးစား လုပ်ဆောင်နေတယ်လို့ ပါတီဝင်တယောက်က ပြောပါတယ်။
လက်ရှိမှာ ပါတီအနေနဲ့ UEC ရဲ့ ခွင့်ပြုချက်နဲ့ ရွေးကောက်ပွဲအတွက် လူထုကြားထဲ သွားရောက်ကာ မဲဆွယ် စည်းရုံးရေးတွေ လုပ်ဆောင်နေသလို ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာ၊ TikTok လူမှုကွန်ရက်တွေက တဆင့် စည်းရုံးရေး လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကျားဖြူပါတီအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မှာ ၁၅၉ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၇၆ ယောက်၊ တိုင်း/ပြည်နယ် လွှတ်တော်မှာ အယောက် ၃၄၁ ယောက်၊ တိုင်းရင်းသားလူမျိုးမှာ ရှစ်ယောက်၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၈၄ ယောက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီးဖြစ်တယ်လို့ သိရပါတယ်။
Photo – SNDP
