စစ်ကိုင်းက ဝါးချက်ရွာမှာ တိုက်ပွဲဖြစ်ပြီး သီတဂူဝိပဿနာရိပ်သာဝင်းအတွင်း လက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲ

စစ်ကိုင်း၊ နိုဝင်ဘာ- ၂၃- ၂၀၂၅
VOICE OF MYANMAR
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာမှာ မနေ့နိုဝင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီ ခွဲဝန်းကျင်က စလို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝါးချက်ကျေးရွာအတွင်းက စစ်ကိုင်း- မင်းကွန်း သွားတဲ့ လမ်းမကြီးပေါ် မှာ နိုဝင်ဘာ ၂၂ ရက်နေ့ည ၉ နာရီခွဲ ဝန်းကျင်ကနေ ၁၁ နာရီ အထိ နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်နေစဥ်အတွင်း ဝါးချက်ကျေးရွာရဲ့ အနောက်မြောက်ဘက် စစ်ကိုင်းတောင်ခြေအနီး လက်နက်ကြီးကျည် လေးလုံးနီးပါး ကျရောက်ပေါက်ကွဲခဲ့သလို စစ်ကိုင်းမြို့နယ် တောင်ဖီလာကျေးရွာနဲ့ ဆန်းသစ်ကျေးရွာကြားမှာရှိတဲ့ သီတဂူဝိပဿနာရိပ်သာအတွင်းက လက်ထောက်ဆရာတော် သီတင်းသုံးနေထိုင်တဲ့ ကျောင်းဆောင်ရဲ့ မြောက်ဘက်မှာ လက်နက်ကြီးကျည် တလုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်းထရံကာရံထားတဲ့ သွပ်ပြားတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာနဲ့ တိုက်ပွဲဖြစ်ခဲ့တာ ရှိမရှိ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ ဖြစ်တာမှန်​ကြောင်း အတည်ပြု ကြပါတယ်။
တိုက်ပွဲကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပြီး ၁၁ နာရီဝန်းကျင်ခန့်မှာ​တော့ ဒေသတွင်းလက်နက် ကိုင်တွေ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
” မနေ့ည ကိုးနာရီခွဲလောက်ကနေ ဆယ့်တစ်နာရီအထိ နှစ်ဘက်တိုက်ပွဲဖြစ်တာ စက်သေနတ်အသံတွေရော ကြားရတယ်၊ ရွာရဲ့ မြောက်ဘက် တောင်ခြေနား လက်နက်ကြီးတွေ သုံးလေးလုံးကျတယ်၊ ဒီမနက်တော့ သွားလာနေကြပါပြီ” လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဝါးချက်ကျေးရွာမှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ လုံခြုံ ရေးတပ်ဖွဲ့နဲ့ မကြာခဏ ဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးမှုမရှိခဲ့ဘူးလို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW