အဘူဂျာ၊ နိုဝင်ဘာ-၂၂-၂၀၂၅
ရတီ(VOM)
နိုင်ဂျီးရီးယားအလယ်ပိုင်းရှိ ကက်သလစ်ကျောင်းတကျောင်းမှ ကျောင်းသား ၂၀၀ ကျော်ကို သေနတ်သမားများက ပြန်ပေးဆွဲခဲ့ပြီး ယခုအပတ်အတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ကျောင်းပြန်ပေးဆွဲမှုဖြစ်ပါတယ်။
နောက်ဆုံးပြန်ပေးဆွဲမှုဟာ နိုင်ဂျာပြည်နယ်၊ ပါပီရီရှိ စိန့်မေရီကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေးခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် ဘော်ဒါကျောင်းအားလုံးကို ယာယီပိတ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပြီးဖြစ်ပါတယ်။
မနက်အစောပိုင်းစီးနင်းမှုအတွင်း ကျောင်းသား ၂၁၅ ယောက်နဲ့ ဝန်ထမ်း ၁၂ ယောက်ကို လက်နက်ကိုင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ နိုင်ဂျီးရီးယားခရစ်ယာန်အသင်းက ပြောပါတယ်။
နိုင်ဂျာပြည်နယ်ရှိ အာဏာပိုင်တွေကတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုအန္တရာယ် မြင့်မားလာကြောင်း ထောက်လှမ်းရေး သတိပေးချက်တွေ ထွက်ပေါ်လာပြီးနောက် ဘော်ဒါဆောင်အားလုံးကို ပိတ်ဖို့ အမိန့်ကို ကျောင်းအာဏာပိုင်တွေက လျစ်လျူရှုခဲ့တယ်လို့ ပြောပါတယ်။
“ဝမ်းနည်းစရာကောင်းတာက စိန့်မေရီကျောင်းဟာ ပြည်နယ်အစိုးရဆီကနေ အကြောင်းကြားခြင်း ဒါမှမဟုတ် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြန်လည်ဖွင့်လှစ်ပြီး ပညာရေးဆိုင်ရာလှုပ်ရှားမှုတွေကို ပြန်လည်စတင်ခဲ့တာကြောင့် ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်” လို့ ကြေညာချက်တစောင်မှာ ပြောကြားခဲ့ပါတယ်။
စိန့်မေရီကျောင်းကတော့ အဲဒီပြောဆိုချက်အပေါ် မှတ်ချက်မပေးခဲ့ပါဘူး။ နိုင်ဂျီးရီးယားမှာ မကြာသေးမီက ရက်များအတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
တနင်္လာနေ့ကလည်း အိမ်နီးချင်း ကက်ဘီပြည်နယ်ရှိ ဘော်ဒါကျောင်းမှ ကျောင်းသူ ၂၀ ကျော်ကို ပြန်ပေးဆွဲခံခဲ့ရပါတယ်။ တောင်ပိုင်း ကွာရာပြည်နယ်ရှိ ဘုရားကျောင်းတကျောင်းကိုလည်း တိုက်ခိုက်ခဲ့ပြီး လူနှစ်ယောက် သေဆုံးကာ ၃၈ ယောက်ကို ပြန်ပေးဆွဲခဲ့ပါတယ်။
သမ္မတ ဘိုလာတီနူဘူဟာ အခုလို လုံခြုံရေးပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ယခုသီတင်းပတ်ကုန်မှ တောင်အာဖရိကမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးအပါအဝင် သူ့ရဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။
Ref:BBC
Photo:BBC
