ပခုက္ကူမှာ ပြန်ပေးဆွဲ ငွေတောင်းခံရမှုတွေ ခပ်စိပ်စိပ် အဖြစ်များလာ

နိုဝင်ဘာ ၂၂ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ငွေကြေးအင်အား တောင့်တင်းတဲ့ ဒေသခံတွေကို အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက ပြန်ပေးဆွဲပြီး ငွေတောင်းယူနေမှုတွေ အခုနောက်ပိုင်း ခပ်စိပ်စိပ် အဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်မှုဇုန် လုပ်ငန်းရှင်တွေ၊ ရွှေဆိုင်ပိုင်ရှင်တွေ၊ မြို့ပေါ်ကပွဲရုံတွေ၊ စတိုးဆိုင်တွေ၊ ကားလုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်၊ ကုန်သည်ပွဲစားတွေအပြင် ငွေကြေးအင်အား တောင့်တင်းတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီး ငွေကြေး သိန်း ရာနဲ့ချီကစလို့ သိန်း သောင်းဂဏန်းအထိ တောင်းယူမှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
“အခုနောက်ပိုင်း တရက်ကို တယောက်၊ နှစ်ယောက်နှုန်းလောက် အဖမ်းခံနေရတယ်။ မနေ့ကလည်း အသက် ၇၀ အရွယ်၊ ဂေါပကလူကြီးတယောက် အဖမ်းခံရတယ်။ သူက လုပ်ငန်းရှင်တော့ မဟုတ်ပေမယ့် နှစ်လုံးနဲ့ ချဲဒိုင် လုပ်တယ်လို့ သိရတယ်။ ပြောရမယ်ဆိုရင် ပိုက်ဆံရှိတယ်ပေါ့။ အခုကတော့ ပိုက်ဆံ သိန်း ၅၀၀၀ နဲ့ ညှိနေတယ်လို့ ပြောတယ်။ အခု ဒီမှာ တောင်းတာတွေက သိန်း ၅၀၀၀၊ တသောင်း အဲဒီလိုတွေ တောင်းနေတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲဒီလို ဒေသခံတွေ ပြန်ပေးဆွဲ၊ ဖမ်းဆီးခံရမှုတွေဟာ ၂၀၂၁ ခုနှစ်၊ နောက်ပိုင်းကတည်း ဖြစ်ပွားလာနေတာလို့ သိရပြီး ဒီဖြစ်စဉ်တွေကြောင့် လုပ်ငန်းရှင် အများစုဟာ ပခုက္ကူမြို့ပေါ်မှာ မနေရဲကြတော့တဲ့အတွက် တခြားမြို့တွေဆီ ပြောင်းရွှေ့သွားကြတယ်လို့ သူက ပြောပါတယ်။
“အခု ဒီနယ်မှာက ပိုက်ဆံအဆင်ပြေတဲ့ လုပ်ငန်းရှင်ဆိုရင် မရှိသလောက်ကို ရှားသွားပြီ။ မနေရဲကြတော့ဘူး။ ပိုက်ဆံ အဆင်ပြေတဲ့ လုပ်ငန်းရှင်ဆိုရင် သူတို့က ပစ်မှတ်ထားပြီး ပြန်ပေးဆွဲတော့တာ။ ဒီမြို့ ပတ်ပတ်လည်မှာဆို စက်မှုဇုန်ဆိုလည်း နေလို့မရတော့ဘူး။ စက်မှုဇုန်က လုပ်ငန်းရှင်တွေဆို တယောက်မှ မနေတော့ဘူး” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေသခံတယောက် ပြန်ပေးဆွဲခံရတာမှာ သိန်း တထောင် တောင်းယူခံရပြီး ပြန်လည် ညှိနှိုင်းခဲ့တဲ့အတွက် သိန်း ၆၀၀ နဲ့ ညှိနှိုင်းမှု အဆင်ပြေခဲ့သလို နောက်ထပ် ပြန်ပေးဆွဲခံရတဲ့ ဒေသခံ တယောက်ကတော့ သိန်း ၁၄၀၀ နဲ့ အဆင်ပြေ မြောက်လာခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် နောက်ထပ် ဒေသခံတွေ ဆိုရင်လည်း သိန်း ၇၀၀ ၊ သိန်း ၃၀၀၀၊ သိန်း ၂၀၀၀ အသီးသီး ‌ပေးခဲ့ရပြီး ပြန်လည် လွတ်မြောက်လာကြတယ်လို့ သူက ပြောပါတယ်။
“သူတို့က ဖမ်းရင် ဖုန်းတွေစစ်ပြီး ဖမ်းတာ။ ရိုက်နှက်တာတွေလည်း ရှိတယ်။ ပိုက်ဆံ မပေးမချင်း၊ လူတိုင်း အဲဒီလိုခံရတာ။ အရိုက်မခံရတဲ့သူ တယောက်မှ မရှိဘူး။ ပြီးတော့ သူတို့က လူကိုပဲ ဖမ်းတာမဟုတ်ဘူး။ ရှိသမျှ ပစ္စည်းတွေပါ အကုန်ယူသွားတာ။ ဆိုင်ကယ်တွေ့ ဆိုင်ကယ်၊ ရွှေတွေ့ ရွှေ၊ ပိုက်ဆံတွေ၊ ကားတွေရော အကုန်လုံး ယူသွားပြီးမှ အဲဒီရဲ့ တန်ဖိုးအတိုင်း ပြန်ရွေးခိုင်းတာ။ ဒါပေမယ့် ပစ္စည်းတိုင်းကိုတော့ ပြန်မပေးဘူး။ ကားပြန်ရပြီး ရွှေတွေ၊ ပိုက်ဆံတွေ ပါသွားတဲ့သူတွေလည်း ရှိတယ်။ မပေးမချင်း ရိုက်နှက်နေတော့ ပေးရတာပဲ” လို့ သူက ပြောပါတယ်။
အဲဒီလို ပြန်ပေးဆွဲခံရသူတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေလည်း ရှိနေတဲ့အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားတာမျိုးလည်း မပြုလုပ်ရဲကြသလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကလည်း လက်ရှိအချိန်အထိ ထိရောက်တဲ့ ဖြေရှင်း ဆောင်ရွက်နိုင်မှုအပိုင်း အားနည်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပခုက္ကူနယ်မြေ ရဲစခန်းကို VOM က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါဘူး။
အခုလို ပြန်ပေးဆွဲ၊ ငွေတောင်းခံရတာတွေဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ဖြစ်စဉ်ပေါင်း မရေတွက်နိုင်အောင် ရှိနေတာဖြစ်ပြီး လက်ရှိ ရက်ပေါင်း နှစ်ဆယ်အတွင်းမှာလည်း အမှုပေါင်း ငါးမှုလောက် ရှိနေတယ်လို့ သူက ပြောပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW