နိုဝင်ဘာ ၂၂ – ၂၀၂၅
SS (VOM)
ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ဖိုး ပြန်လည် ပေးသွင်းခြင်းမရှိတဲ့ ပဲတင်ပို့တဲ့ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
နိုင်ငံတော်ကို ပို့ကုန်ရငွေ ပြန်လည် ပေးသွင်းဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းရှင် ရှစ်ယောက်ထဲက လက်ရှိမှာ Maha Nadi International ကုမ္ပဏီမှ ဒါရိုက်တာတွေဖြစ်တဲ့ ဒေါ်ခင်စန်းသီ၊ ဒေါ်မြင့်မြင့်လှိုင်၊ RK Shipping and Trading ကုမ္ပဏီ ဒါရိုက်တာ ဦးဟင်နရီခင်မောင်နဲ့ Taw Thar Gyi ကုမ္ပဏီက ဒါရိုက်တာ ဦးဗိုဗိုသန့်တို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Maha Nadi International ကုမ္ပဏီမှ နောက်ထပ် ဒါရိုက်တာတွေဖြစ်တဲ့ ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီနဲ့ ဒေါ်ဖြူဖြူဇင်၊ Ocean Lion King ကုမ္ပဏီဒါရိုက်တာ ဦးဌေးကိုတို့ကတော့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူ တယောက်က “ပြဿနာ ဖြစ်လာရင်တော့ တိမ်းရှောင်တာထက် ရင်ဆိုင် ဖြေရှင်းရမှာပါ။ ပို့ကုန် ဝင်ရောက်ခြင်း မရှိတဲ့ ကုမ္ပဏီတွေ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ချက်ချင်း အမည်ပျက် (Black List) စာရင်း ထည့်သွင်းတာ မဟုတ်ပါဘူး။ ဘဏ်တွေကို ကုမ္ပဏီနဲ့ ဆက်သွယ်ရှင်းလင်းစေတာ၊ ပို့ကုန်ရငွေ ဆက်စပ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ တွန်းအားပေး ဆောင်ရွက်တာ၊ တရားစွဲဆိုတာတွေကို အဆင့်ဆင့် ဆောင်ရွက်ပြီးမှသာ Black List သွင်းတာဖြစ်လို့ ကုမ္ပဏီအနေနဲ့ ဖြေရှင်းဆောင်ရွက်ချိန် အခွင့်အလမ်းတွေ အများကြီး နေတာပါ” လို့ ပြောပါတယ်။
ဒါအပြင် ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်းဟာ နိုင်ငံခြား ငွေကြေးဈေးကွက် တည်ငြိမ်နိုင်ရေးအတွက် အလွန် အဓိကကျတဲ့အပြင် နိုင်ငံ့ စီးပွားရေးကိုလည်း တည်ငြိမ်စေတယ်လို့ သူက ပြောပါတယ်။
“နိုင်ငံအတွက် မဖြစ်မနေ လိုအပ်တဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးလိုမျိုး ကုန်စည်တွေ တင်သွင်းနိုင်ဖို့အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။ ဒါကြောင့် ပို့ကုန်ရငွေ ပြန်လည် ပေးသွင်းကြဖို့ မူဝါဒတွေ ချမှတ် ဆောင်ရွက်နေတာပါ” လို့ သူက ပြောပါတယ်။
လက်ရှိ ဖြစ်စဉ်မှာ Maha Nadi International ကုမ္ပဏီက ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်၊ RK Shipping and Trading ကုမ္ပဏီက ဒေါ်လာ နှစ်သန်းကျော်နဲ့ Taw Thar Gyi ကုမ္ပဏီက ဒေါ်လာ ၉ ဒသမ ၃ သန်းကျော် ပေးသွင်းဖို့ ကျန်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် Ocean Lion King ကုမ္ပဏီနဲ့ ပတ်သက်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပကို ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်တန်ဖိုးရှိ မတ်ပဲတွေ တင်ပို့ခဲ့တယ်လို့သာ ဖော်ပြထားပြီး ပို့ကုန်ရငွေ မည်မျှပေးသွင်းဖို့ ကျန်ရှိနေတယ် ဆိုတာကတော့ မပါရှိပါဘူး။
ဒါအပြင် Maha Nadi International ကုမ္ပဏီရဲ့ ဒါရိုက်တာ တယောက်ဖြစ်တဲ့ ဦးရဲမင်းလွင် ဆိုသူဟာလည်း ပို့ကုန်ရငွေ ပြန်လည် ပေးသွင်းခြင်း မရှိတာနဲ့ ပတ်သက်လို့ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံခဲ့ရတဲ့အပေါ် ကျေနပ်မှုမရှိတာကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းမှ တာဝန်ရှိသူတွေကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စာသားတွေ ရေးသား ဖော်ပြခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအလိုက် အရေးယူသွားမှာဖြစ်ပြီး ၎င်းတို့အနေနဲ့ ပို့ကုန်ရငွေတွေ မပေးသွင်းတဲ့အပြင် ပို့ကုန်ရငွေတွေကို ဖျောက်ဖျက် ဆောင်ရွက်ထားကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရတာကြောင့် ပိုင်ဆိုင်မှုတွေအပေါ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူနိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပို့ကုန်တင်ပို့သူဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ (FEML) ပုဒ်မ ၃၈ – ခ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း (FEMR) အပိုဒ် ၃၅ နဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၂၃ တို့အရ “အာရှနိုင်ငံတွေကို တင်ပို့ခြင်းဖြစ်ပါက ပို့ကုန် တင်ပို့တဲ့နေ့မှ ရက်ပေါင်း ၃၀ အတွင်း၊ အာရှနိုင်ငံတွေမှအပ တခြားနိုင်ငံတွေကို တင်ပို့ခြင်း ဖြစ်ပါက ပို့ကုန်တင်ပို့တဲ့နေ့မှ ရက်ပေါင်း ၆ဝ အတွင်း ပို့ကုန်တင်ပို့သူရဲ့ ဘဏ်ငွေစာရင်းကို နိုင်ငံခြားသုံးငွေနဲ့ မပျက်မကွက် ထည့်သွင်းရမယ်” လို့ ပြဋ္ဌာန်းထားပါတယ်။
ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက FEML ပုဒ်မ ၄၂ – က အရ တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခု အခြေအနေက အစိုးရဘက်မှာလည်း အခက်အခဲတွေ ရှိသလို၊ တဖက်က ကျွန်တော်တို့ လုပ်ငန်းရှင်တွေဘက်မှာလည်း အခက်အခဲတွေ အများကြီးပါ။ ဒီအချိန်မှာက ငွေကြေး စီးဆင်းမှုတွေ ပိုပြီး ကျပ်တည်းလာတဲ့ အခြေအနေရှိတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ငွေအလွှဲအပြောင်း ပြုလုပ်ရတဲ့အခါမှာလည်း တချို့နေရာတွေမှာ ကြန့်ကြာမှုတွေ ကြုံတွေ့နေရတဲ့ အပိုင်းတွေရှိတယ်။ လုပ်သာကိုင်သာမရှိတဲ့ အနေအထားကို ရင်ဆိုင်နေရတာပါ။ နောက်ပြီး အစိုးရဆီမှာ ဘဏ်စာရင်းဖွင့်ပြီး ဆောင်ရွက်ရတာကလည်း ငွေလဲနှုန်းက အဓိက ပြဿနာဖြစ်နေတယ်။ ကျွန်တော်တို့အတွက် အရှုံးတွေချည်းပဲ။ ဆိုတော့ အခုလို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ ကာလမှာ လုပ်သာကိုင်သာရှိအောင် အခွင့်အလမ်းတွေ ပိုပြီး ပေးလာရင်တော့လည်း နှစ်ဦးနှစ်ဖက် ပိုပြီး အဆင်ပြေနိုင်မှာပါ” လို့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ကုမ္ပဏီတွေရဲ့ ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရာမှာ နိုင်ငံခြားဝင်ငွေ ၇၀ ရာခိုင်နှုန်းကို အစိုးရက သတ်မှတ်ထားတဲ့ ငွေလဲနှုန်း တဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင်နဲ့ လဲလှယ်ရမှာဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကိုတော့ ငွေကျပ် ၄၅၀၀ ဝန်းကျင် ပေါက်ဈေးရှိတဲ့ ဒေါ်လာဈေးနှုန်းနဲ့ လဲလှယ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တွက်ခြေကိုက်မှု မရှိတဲ့အတွက် ပြည်ပပို့ကုန် တင်ပို့သူတွေက များသောအားဖြင့် နိုင်ငံခြားဝင်ငွေတွေကို ပြည်တွင်းကိုမသွင်းဘဲ ထိုင်း၊ စင်္ကာပူ စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာသာ သိမ်းဆည်းမှု များလာကြတယ်လို့ သိရပါတယ်။
Photo – MOI
