မင်းကင်းနဲ့ မုံရွာမှာ လေကြောင်း တိုက်ခိုက်မှုတွေဖြစ်လို့ ငါးယောက်ထက်မနည်း သေဆုံး

နိုဝင်ဘာ ၂၃ – ၂၀၂၅
SS(VOM)
စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ မုံရွာမြို့တို့မှာ မနေ့ နိုဝင်ဘာ ၂၂ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ငါးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီး၊ လောင်းပြည့်ကျွန်း ရွှေမျော လုပ်ကွက်နေရာမှာ မနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်ကနေ စတင်ပြီး ညနေ ၄ နာရီဝန်းကျင်အထိ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာမှာ နှစ်ယောက် သေဆုံးကာ ၁၂ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကူညီရေး လုပ်ဆောင်ပေးနေသူက ပြောပါတယ်။
“သေဆုံးက လောလောဆယ် နှစ်ယောက် ရထားတယ်။ ဒဏ်ရာရက ၁၂ ယောက်လောက် ရှိမယ်။ ဒဏ်ရာရတွေထဲမှာ ပြင်းထန် အဆင့်တွေလည်း ပါတယ်။ ဒီဖြစ်စဉ်မှာ ရွှေမျောဖောင်နှစ်ခု မီးလောင်ပြီး ချင်းတွင်းမြစ်ထဲ မြုပ်သွားတာလည်းရှိတော့ ပျောက်ဆုံးနေတဲ့ သူတွေလည်း ရှိသေးတယ်။ ဒါကြောင့် သေဆုံး၊ ဒဏ်ရာရ အတိအကျက ဒီအချိန်မှာ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေး လုပ်နေပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီဖြစ်စဉ်မှာ လေကြောင်း တိုက်ခိုက်ခံရမှု ခုနစ်ကြိမ်လောက် ရှိခဲ့တယ်လို့ သိရပြီး ချင်းတွင်းမြစ်ရိုး တောက်လျှောက်ကို တိုက်ခိုက်ခဲ့တာမဟုတ်ဘဲ တနေရာတည်းကိုသာ ဦးတည် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီ လောင်းပြည့်ရွာအနီးက ချင်းတွင်းမြစ်ရိုးမှာ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက ရွှေတူးဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ ဒေသခံတွေက အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
“မျောစင်တွေဆိုတာ တနေရာတည်းမှာတောင် အများကြီး ရှိနေတာ။ ချင်းတွင်းမြစ် တိမ်ကောသွားနိုင်သလို လယ်ယာမြေတွေလည်း ဧက သောင်းနဲ့ချီ ပျက်စီးနိုင်လို့ ဒီက ဒေသခံတွေ အားလုံးလိုလိုက ကန့်ကွက်နေကြတာ။ ဆန္ဒပြပွဲ ဦးဆောင်တဲ့သူ သုံးယောက်ကိုလည်း လက်နက်ကိုင် တပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ချင်းတွင်းမြစ်နံဘေး လောင်းပြည့်ကျေးရွာအနီးက မြေနုကျွန်းပေါ်မှာ ရွှေတူးဖော်နိုင်ဖို့အတွက် ရွှေမျောစီမံကိန်းကို လက်နက်ကိုင် တပ်ဖွဲ့တချို့က ဒေသခံတွေရဲ့ သဘောဆန္ဒ မပါဘဲ လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့် ချထားပေးတာလို့ သိရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မုံရွာမြို့နယ်၊ ရတုံရွာနဲ့ ဘူးတောင်းကန်ရွာ ကြားမှာလည်း မနေ့ မနက်ပိုင်း ၁၀ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ သုံးယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်ခံရတဲ့ နေရာဟာ မုံရွာမြို့နဲ့ ၅ မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပြီး အဲဒီ တိုက်ခိုက်မှု မဖြစ်ခင် မနက် ၉ နာရီဝန်းကျင်ကလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် လူထိခိုက်၊ ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကလည်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ် အစပ်မှာ စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူအယောက် ၂၀ ကျော် သေဆုံးခဲ့ကာ အယောက် ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW