လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၃၃)

ဆူးငှက်
၁ ကြိမ် ၂ ကြိမ်ဦးနှိမ်ချလို့
၃ ကြိမ် ၄ ကြိမ် ဦးနှိမ်ချလို့
၅ ကြိမ် ၆ ကြိမ် ဦးနှိမ်ချလို့
၇ ကြိမ် ၈ ကြိမ် ဦးနှိမ်ချလို့…… တဲ့။
ဣဓပါတိမောက္ခသံဝရသံဝုတောဥဘတောဝိဘင်းအလာမာတိကာဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊မဟာဝါစူဋ္ဌဝါ၊ပရိဝါပါဠိတော်အရပ်ရပ်ဆုံးဖြတ်ပိုင်းခြား၊အကျယ်အားဖြင့်ကုဋေကိုးထောင့်တစ်ရာ့ရှစ်ဆယ့်ငါးသန်းသုံးသောင်းခြောက်ထောင်များမြောင်လှစွာသောအာစာရဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ထုတ်ပြန်တော်မူအပ်သောသိက္ခာပုဒ်တော်အပေါင်းတို့ကိုထိန်းသိမ်းစောင့်ရှောက်သောဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့သာသနာ့ဝန်ထမ်းရဟန်းကောင်း၊ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန်စွာတက်လှမ်းအောင်မြင်နိုင်ရန် ကျွန်တော်တို့ကို ဒုလ္လဘ ရဟန်းခံ ကုသိုလ်ယူ လှူဒါန်းပေးသည့် သာသနာ့ဒါယကာကြီး လူထုဦးလှ နှင့် သာသနာ့ဒါယိကာမကြီး လူထုဒေါ်အမာကိုယ်စား ဒေါ်ဒေါ့်ကို ကျွန်တော်တို့ သင်္ကန်းမစည်းမီ လူဝတ်ကြောင်ဘဝနှင့် ကန်တော့ကြတော့ ဝမ်းသာပီတိမျက်ရည် ဖြိုင်ဖြိုင်ကျမိသည်။ စာပေကျေးဇူးရှင် စာပေ့မိခင်ကြီးမို့လည်း ၃ကြိမ်မက အကြိမ်ကြိမ် ဦးချနေမိပါ၏။ မျက်ရည်ကြားက မြင်ရသော ဒေါ်ဒေါ့်မျက်နှာမှာလည်း လွမ်းဆွတ်မှုနှင့် လောကဓံအရိပ်အရောင်တွေ ပျောက်ကာ ပီတိပြုံးချည်း လွှမ်းနေတာ သတိထားမိပါသည်။
ပီတိလွှမ်းသည့် ဒေါ်ဒေါ့် မျက်နှာ..၊ ၁၃၆၁ခုနှစ်၊ နယုန်လဆန်း၈ရက်၊ ၁၉၉၉ခုနှစ် မေလ ၂၂ ရက်။ မြတောင်သာသနာ နှစ်၁၀၀ဗိမာန်တော်ကြီးအတွင်း…။
ဤသို့ဖြင့် မြစ်ရေတွေ တသွင်သွင် စီးဆင်း၊ ရာသီတွေ အလီလီပြောင်း….
ပျဝတ်ဦးချ ကန်တော့ အပြီး ဒေါ်ဒေါ့်ကို လှမ်းကြည့်တော့ အောက်စီဂျင်ပိုက်နှင့် ဒေါ်ဒေါ့်မျက်နှာက ပီတိအပြုံးတွေ လတ်ဆတ်ဆဲလေ..၊ ဒါပေမင့် ဖျော့တော့..။ “ အေး..၊ အေး…. မင်းကိုတွေ့ချင်လို့ပါကွယ်။ မင်း အလုပ်တွေ များနေမယ်ဆိုတာသိပါရဲ့။ မနေ့ကပဲ မင်းစာအုပ်လေးကို ရွှေပြည်စိုးက အစအဆုံးဖတ်ပြတယ်။ ဒို့ ငယ်ငယ်က အကြောင်းတွေမို့ လွမ်းလိုက်တာ..၊ ဒါနဲ့နေပါဦး အဲ့ဒါတွေက မင်းမမွေးခင်က အကြောင်းတွေမှုတ်လား၊ ဘယ်လိုလုပ်သိတာလဲ.. (ကျွန်တော်က အဲ့ဒါတွေက ဒေါ်ဒေါ့် စာအုပ်တွေထဲကလေ.. ဟုဖြေတော့) သြော်.. ဒို့က ဒါတွေ ရေးခဲ့ဖူးသလား” တဲ့လေ။ ကျွန်တော် ပြန်မဖြေနိုင်၊ စကားလုံးပျောက် ငေးငိုင်။
တကယ်တော့ ကျွန်တော် ၂၀၀၅ခုနှစ် သြဂုတ်လလယ်လောက် ကတည်းက လူထုကြီးပွားရေး အယ်ဒီတာစာပွဲမှသည် နောက်ထပ် မီဒီယာနှင့် ပတ်သက်သော စာပွဲသစ်တစ်လုံးဆီ ရောက်ခဲ့ရသည်။ ကနဦး အစမှာတော့ ၂နေရာက မလှမ်းမကမ်းမို့ စာပွဲ၂လုံးဆီ ကူးချည် သန်းချည်ပေါ့။ နောက်တော့ စာပွဲအသစ်၏တာဝန်က ဖိဆီးလာတော့ လူထု စာပွဲဆီ မရောက်ဖြစ်တော့။ ဒါပေမယ့် လူထုမန်နေဂျာ အစ်မဒေါ်တင်ဝင်း နှင့် ဆရာညီပုလေးတို့က လိုအပ်သော တာဝန်ပေးမှုများဖြင့် အဆက်အသွယ်မပြတ်ခဲ့။ ဤသို့ဖြင့် ၂၀၀၇ခုနှစ် နိုဝင်ဘာလ၏ လကုန်ပိုင်း တစ်နေ့လယ်ခင်းတွင် အစ်မကြီး ဒေါ်တင်ဝင်းက ဖုန်းဆက်ပြီး “ မေမေက မင်းကို စကားပြောချင်လို့တဲ့” ဟု ဆိုကာ ဒေါ်ဒေါ့်ကို ဖုန်းပေးလိုက်တော့ “ ဆူးငှက်ရေ.. မင်းနေကောင်းလား၊ အားရင် ဒို့ဆီလာခဲ့ပါဦး” တဲ့။ ကျွန်တော် ဝမ်းသာ ဝမ်းနည်းဖြစ်သွားပါ၏။ “ ဟုတ်ကဲ့၊ ဒေါ်ဒေါ်ရော နေကောင်းလား၊ ကျွန်တော်လာမယ်။ ခဏနေ ဒေါ်ဒေါ် နေ့ခင်းပိုင်း အိပ်ဦးမှာမဟုတ်လား၊ ဒေါ်ဒေါ်နိုးမယ့်အချိန်လာမယ်ဗျ” ဟုဆိုတော့ တိုးလျသောအသံဖြင့် “ အိပ်မပျော်တော့ပါဘူးကွယ်၊ ကလေးတွေ စိတ်ချမ်းသာအောင်သာ အိပ်ချိန်တန်ရင် မျက်လုံပိတ် အိပ်ချင်ယောင်ဆောင်ရတာ၊
တကယ်တမ်း အိပ်မပျော်ပါဘူး၊ မင်းလာရင် ဒေါ်ဒေါ်လို့ သာ အသံလေးပေးလိုက်၊ ဒေါ်ဒေါ် မျက်လုံးဖွင့်မှာပေါ” တဲ့။ ထို့ကြောင့် ညနေ ၄နာရီလောက် အပေါ်ထပ်က ဒေါ်ဒေါ့်အိပ်ရာဆီရောက်တော့ “ မင်း ရောက်ပြီလား” တဲ့။ ကျွန်တော်က ဦးချကန်တော့ရင်း မျက်ရည် တွေတွေ ကျပေါ့။ ဒေါ်ဒေါ်က သူပြောချင်တာလေး ခပ်တိုတိုပြောပေါ့။ ပြီးတော့ တူအရီးနှစ်ဦးနှုတ်ဆိတ်သွားကြ။ ခဏနေတော့ “ မင်းက အလုပ်အများသား ပြန်ပါကွယ့် ၊ ဒို့က တွေ့ရုံပါ၊ အကြောင်းအထွေအထူးမရှိပါဘူး” တဲ့။ ဒေါ်ဒေါ် မျက်လုံးပြန်မှတ် တော့ ကျွန်တော်က ထပြီး “ ဒေါ်ဒေါ် ကျွန်တော်ပြန်ပါဦးမယ်” ဟု အသံထိန်းကာ မနည်းနှုတ်ဆက်လိုက်ရသည်။ ဒေါ်ဒေါ်က ပို၍ တိုးသော လေသံလေးနှင့် “အေး.. အေး..၊ တိုက်ကို အဝင်အထွက် မပျက်ကြပါနဲ့ကွယ်..” တဲ့။
ကျွန်တော် အနားမှာရှိသော ဘယ်သူ့ကိုမှ နှုတ်ဆက်ဖို့ အင်အားမရှိတော့။ သွန်ကျလာသော မျက်ရည်တွေကြားက ကြိမ်ဖန်များစွာ တက်ခဲ့ သက်ခဲ့သော လှေကားတွေကို တစ်ထစ်ချင်း နင်းကာ ဆင်းခဲ့သည်။ ကျွန်တော့ကို အောက်ထိလိုက်ပို့သည့် မမဒေါ်တင်ဝင်းကလည်း ခေါင်းညိတ်နှုတ်ဆက်..။
သည်လိုနှင့် နောက် ၅လအကြာ ၂၀၀၈ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပြည်သူချစ်သော ထီးရိပ်၏ ပဲ့ကိုင် ဒေါ်ဒေါ် လူထုဒေါ်အမာ သူချစ်သော လူထုကို ခွဲခွာ ထားရစ်ခဲ့။
(ပြီးပါပြီ)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW