ဆူးငှက်
အထက်ပါ ဆောင်းပါးလေးကို ဒေါ်ဒေါ် လူထုဒေါ်အမာက ဖတ်ပြီး ကျွန်တော့်အလုပ်စားပွဲနား လာထိုင်သည်။ ရေချိုးပြီးစ နံ့သာဖြူကရမက်ရနံ့လေး သင်းပျံ့နေသည်။ ဒေါ်ဒေါ်က စမုန်စပါးစေ့လေးတွေလည်း ဝါးနေ၏။ စာရေးလက်စမို့လား၊ စာရေးဖို့ ပြင်ဆင်နေချိန်မို့လား၊ ဒေါ်ဒေါ့်အင်္ကျီမှာ ပတ်ကား ဘောလ်ပင် ချိတ်လျက်ပါလာသည်။ အမေက ကျွန်တော့်နံဘေးရှိ ဆက်တီခုံမှာ ဝင်ထိုင်ရင်း …
”မင်းဆောင်းပါးဖတ်ပြီးပြီကွဲ့”
ကျွန်တော် မျက်နှာပူသွားသည်။ အသံထွက်ပြီး ရှက်ရယ်လိုက်မိသည် ထင်၏။ ဒေါ်ဒေါ်ကလည်း ခင်သင်းသင်း ရယ်ရင်းဖြင့်
”ကိုလှကို အထင်လွဲကြတာ မင်းတယောက်တင် မဟုတ်ဘူးကွယ့်၊ မောင်စောလွင်တို့၊ မောင်စိန်ဝင်းတို့လည်းပါတယ်။ မင်းတို့ မပြောပါနဲ့ကွယ်။ ငါတောင် သူ့ကို အထင်ခပ်လွဲလွဲရယ်၊ အမြဲတမ်းနေရာတိုင်း ဥပဒေနဲ့ဘောင်နဲ့ လုပ်လွန်းလှချည့်၊ စဉ်းစားလှချည့်၊ ချင့်ချိန်လှချည့်လို့ပေါ့ကွယ်။ သူလုပ်တာ ကိုင်တာတွေ၊ သူပါဝင်ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းတွေကို သူ့ရဲဘော်ရဲဘက်တွေလောက် ငါတို့က ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒီတော့လည်း သူ့အပြင်ပန်း အမူအရာကြည့် ပြီး အထင်လွဲမိတာပေါ့”
ဒေါ်ဒေါ်က ပြောရင်း အသံတိမ်ဝင်သွားသည်။ ခေါင်းတညိတ်ညိတ်ဖြင့် တစ်စုံတစ်ရာစဉ်းစားပြီးမှ …
”မင်းနှယ် ဆရာသန်းထွန်း(သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း)တို့ စာအုပ်လုပ်ကြမယ်ဆိုပြီး စာမူတွေစုကြတော့ အဲဒီစာမူတွေ ဖတ်ကြည့်ပြီး မှ သြော် … ကိုလှဆိုတာ အဲဒီလိုပါလားလို့ သိရတာကွယ့်။ ကိုညွန့်အောင်(ညွန့်အောင်-ရေစကြို)ရဲ့ ဆောင်းပါးမှာဆိုရင် ငါတို့မသိတာတွေ အများကြီး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးလျှို့ဝှက်စည်းရုံးလှုပ်ရှားကြကတည်းက ကိုလှက ပါနေတာတဲ့။ ပိုက်ကျုံးက မန္တလေးခရိုင်ကွန်မြူနစ်ပါတီမှာလည်း ကိုလှတို့က ဆိုင်းဘုတ်တင်ကတည်းက ပါနေတာ တို့တောင် မသိဘူး။ ကိုညွန့်အောင် ဆောင်းပါးဖတ်မှာ သိရတာ။ မန္တလေးမှာ ဖ.တ.ပ.လ(ဖက်ဆစ်တိုက်ဖျက်ရေးကနေ ဖက်ဆစ်ဆန့်ကျင်ရေး) နာမည်ပြောင်းကြတဲ့ကိစ္စမှာ ဆရာကြီး(ဦးရာဇက်)တို့နဲ့အတူ ကိုလှလည်း ပါတယ်ဆိုတာ ကိုညွန့်အောင် ရေးမှ သိရတာကွယ့်” ဟု ပြောပြသည်။
ဒေါ်ဒေါ်လူထုဒေါ်အမာက သူ့စကားကို နားကာ တွေးနေသည်။ ပြီးတော့မှ စကားကို ဆက်ပြန်၏။ တိုးညှင်းညှင်းသာ ..
”အေဝမ်းဆရာညှာကို ‘လူထုစစ်’ သီချင်းစပ်ခိုင်းတယ်ဆိုတာတွေ၊ သီချင်းအတွက် အကြောင်းအရာတွေ စာသားတွေကို ကိုလှက ပေးခဲ့တယ်ဆိုတာ တွေ၊ စစ်ကြီးအပြီး ဂျပန်လက်အောက်က လွတ်ကာစ ဖဆပလ ဆိုင်းဘုတ်ထက် အရင်စောပြီး ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တင်တာ၊ ပါတီနိုင်ငံရေး ဦးစားပေးရမလားဆိုပြီး စွပ်စွဲကြ မကျေနပ်ကြတော့ ဆရာကြီး(ဦးရာဇက်)နဲ့ ကိုလှက ဒီလို စစ်အတွင်းကာလထဲမှာပဲ လွတ်လပ်ရေးတိုက်ပွဲဝင် ပါတီတစ်ခု ရဲ့ တရားဝင် ရပ်တည်မှုကို ရအေင်ယူကာ ဘယ်လောက်အရေးပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ အငြိုးအတေးနဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် ရဲဘက်များရဲ့ လုံခြုံရေးအတွက် ဘယ်လောက်အကျိုးသက်ရောက်တယ်ဆိုတာ ဒိုင်ခံပြီး မကြာမကြာ ရှင်းကြလင်းကြရသတဲ့။ ကိုညွန့်အောင်တို့လို လုပ် ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေ ရေးပြကြမှ ကိုလှ ဘာတွေလုပ်ခဲ့တယ်ဆို သိရတာပါကွယ်” ဟု ဆက်၍ ပြောပြသည်။
ကျွန်တော်သည် ‘နှစ်၉ဝပြည့် လူထုဦးလှ’ စာအုပ်အတွက် စာမူတွေ စုဆောင်းရစဉ်ကတည်းက မသိဖူး၊ မကြားဖူးတာတွေချည်းမို့ တအံ့တသြဖတ်ရ သည်။ စာအုပ်အတွက် ရုံးတင်ရန် ကွန်ပျူတာစီတော့လည်း ပရု(ပ)အကြိမ်ကြိမ်ဖတ်ရင်း လူထုဦးလှ၏ ရုပ်ပုံလွှာများက ဂုဏ်သရေမြင့်မားကျက်သရေရှိစွာ ပီပြင်သထက် ပီပြင်လာသည်။
ဒေါ်ဒေါ်လူထုဒေါ်အမာက သူ့ခင်ပွန်း၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးကိစ္စတွေမှာ မည်၍ မည်မျှ ပါဝင်ပတ်သက်ခဲ့ဖူးသည်များ အပြည့်အစုံမသိပါဟု ဆိုသည်။ သူ့ရဲဘော်ရဲဘက်များ ရေးပြမှ သိရသည်ဟု ဆိုခြင်းမှာ ဒိဋ္ဌဧကန်ဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် ဆရာ ညွန့်အောင်(ရေစကြို)၏ ဆောင်းပါးတွင် သူလူထုတိုက်၌ တစ်နှစ်လောက်နေသည့် ကာလအတွင်းမှာ ‘ဦးလှတို့ ဇနီးမောင်နှံ ထမင်းတောင် လက်ဆုံ စားခဲ့ရမှာမဟုတ်ပေးဘူးလို့ တွေးမိတယ်” ဟု ရေးသားခဲ့သည်။ သတင်းစာထုတ်ဝေနေသော ကာလတွင် ဇနီးမောင်နှံနှစ်ယောက်လုံး အလုပ်ရှုပ်နေကြသည်။ လူထုဦးလှက သတင်းစာတစ်ဖက်နှင့် နိုင်ငံရေးကို ထဲထဲဝင်ဝင် သိုသိုသိပ်သိပ် လုပ်နေသည့်သဘောဖြစ်သည်။
××××× ××××××
ဒေါ်ဒေါ်လူထုဒေါ်အမာက ‘နှစ် ၉ဝပြည့် လူထုဦးလှ’ စာအုပ်အတွက် ပေးပို့ထားသော ဆောင်းပါးတွေအကြောင်း မှတ်မှတ်ရရ ပြောနေရင်း…
”မင်း … ဆောင်းပါးလေး ဒီ့ထက်စောပါရင်ကောင်းမှာ ဒီစာအုပ်ရုံးမတင်ခင်ထည့်လို့ရအောင်” ဟု ဆိုတော့ ကျွန်တော်,တော်ရှက်သွားပါ၏။
××××× ××××××
အရှေ့ကျုံးပေါ်ရှိ ပန်တျာကျောင်းဝင်းထဲမှာ စိန်ဗေဒါကြီး ကြေးရုပ်နေရာရရှိရန်အတွက် မန္တလေး ပညာရှင်များက တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည့် လွန်ခဲ့သည့်နှစ် ၃ဝ ကျော်က ပွဲခင်းလေးကို သတိရနေမိ၏။ တစ်ဆက်တည်းပင် ဘဝအတွက် သင်ခန်းစာများကိုလည်း အမှတ်စဉ်တပ်ကာ ပြန်လည်ဖတ်ရှု နေမိတော့သည်။ သည်အမှတ်စဉ်များကလည်း ဘယ်တော့မှ ဆုံးမှာမဟုတ်တော့။ ထို့ကြောင့် စိန်ဗေဒါကြီး၏ ရွှေမန်ကျည်းခုနစ်စင်ကိုပဲ အမြဲသီဆိုနေ ရဦးမှာပေါ့။ ဘာတဲ့…
” ငါးကြိမ်ခြောက်ကြိမ် ဦးနှိမ်ချလို့
ခုနစ်ကြိမ်ရှစ်ကြိမ် ဦးနှိမ်ချလို့…” ဆိုသကဲ့သို့။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်
