နိုဝင်ဘာ ၂၂ ၊၂၀၂၅
GG (VOM)
ရန်ကုန် – နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၈၀/၂ နဲ့ ၁၈၀/၃ ကြားမှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ၊ မနက်အစော ၅ နာရီကျော်လောက်က ယာဥ်တိုက်မှု ဖြစ်ပြီး လူသုံးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ရန်ကုန် – နေပြည်တော်ကားလမ်းဘက်မှာ ရပ်ထားတဲ့ ကုန်တင်ကား ခြောက်ဘီးကားကို လားရာတူဘက်မှ မောင်လာတဲ့ အိမ်စီးကား ( Surf) က နောက်ကနေ ဝင်တိုက်မိပြီး ကားပေါ်ပါသူ အမျိုးသား သုံးယောက်လုံး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ကုန်ကားက ရပ်ထားပြီး တံခါးဖွင့်ပြီး အခြေအနေကြည့် စစ်ဆေးနေပုံလို့သိရတယ် ။အဲဒါကို Surf ကားက နောက်ကနေ ဝင်တိုက်တာပါ။ အရှိန်ကလည်း များလောက်မယ့် သဘောရှိတယ် ။ ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့ကားပါ ။ ” လို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူက ပြောပါတယ် ။
ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အိမ်စီးကားပေါ်မှာ အမျိုးသား သုံးယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဆွာမြို့တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားကြောင်း ၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲက ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၁/၇)နဲ့ (၁၀၂/၀)ကြားမှာ ယာဥ်တိုက်မှုဖြစ်ပြီး
ကလေးတယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၉ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၆၅/၁) နဲ့ (၆၅/၂) ကြားမှာ ကုန်ကားတစီး တိမ်းမှောက်ပြီး အမျိုးသမီး တယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမှာ ယခုနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာ ၃၁ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆ မှုတွေကြောင့် အမျိုးသားအယောက် ၃၀ နဲ့ အမျိုးသမီး ၁၇ ယောက် သေဆုံးခဲ့ရတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းအရ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိမှုအနေနဲ့ ၂၉၁ ယောက် ရှိခဲ့ပြီးယာဉ်တိုက်မှုတွေက မတ်လနဲ့ ဇွန် ၊ အောက်တိုဘာလတွေမှာ ဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – MR Swa
