နိုဝင်ဘာ ၂၃ – ၂၀၂၅
SN (VOM)
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်းထဲမှာ အိမ်စီးကားနဲ့ တက္ကစီကားတွေကို အဖွဲ့အစည်းတချို့က ဖမ်းဆီး ငွေတောင်းမှုတွေ ရှိနေတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
အောင်မင်္ဂလာ အဝေးပြေးဝင်းဟာ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတာဖြစ်ပြီး အခုလို ဖမ်းဆီးနိုင်ဖို့အတွက် စည်းကမ်းချက် သတ်မှတ်ချက် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိဘူးလို့ သိရပါတယ်။
“ကားပါကင်ဆိုလို့ ရပ်တာ။ ကားပေါ်ကလည်း မဆင်းရသေးဘူး။ လိုင်စင် လာသိမ်းသွားတယ်။ ဘာလို့လဲမေးတော့ ကားကြီးရပ်တဲ့ နေရာတဲ့။ အမှန်ဆို ဒီမှာရပ်လို့မရဘူးပြောပြီး ထွက်ခိုင်းလို့ရတာကို။ ဂိတ် (၁) မှာ လိုင်စင်လာရွေးပါတဲ့။ သွားရွေးတော့ မရပ်ရတဲ့နေရာရပ်လို့ ငါးသောင်းနဲ့ လိုင်စင် တလပိတ်မယ်တဲ့။ မပိတ်ချင်ရင် သုံးသောင်းပေးရမယ် ဆိုလို့ ပေးခဲ့လိုက်ရတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
အဲဒီ ကားဝင်းကြီးထဲကို ခရီးသည် အကြို၊ အပို့ လာရောက်ကြတဲ့ အိမ်စီးကားတွေ၊ တက္ကစီကားတွေဟာ ကားရပ်ပြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းမှာတင် ဖမ်းဆီးခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်မတုန်းကတော့ ၃ စက္ကန့် တကယ်မကြာလိုက်ဘူး။ ကားပေါ်ကနေ ပစ္စည်းချနေတုန်း လာဖမ်းတာ ခံလိုက်ရတယ်။ ဘာလို့ဖမ်းတာလဲ ဆိုတော့ ဒရိုင်ဘာနဲ့ ကား ကင်းကွာလို့တဲ့။ အထွက် Gade -1 ရဲကင်းမှာ ပိုက်ဆံ ငါးသောင်း ဆောင်ရတယ်။ သူတို့ မှတ်တမ်းထဲမှာတော့ ထိုင်ခုံ ခါးပတ်မပတ်လို့ ဖမ်းတာဆိုပြီး ရေးတယ်။ ဘာလို့ အဲဒီလိုရေးတာလဲ မေးကြည့်တော့ အမှုငယ်အောင် လုပ်ပေးတာလို့ ပြောတယ်” လို့ ကိုယ်တွေ့ကြုံခဲ့ရသူ တယောက်က ပြောပါတယ်။
အဲဒီ အဝေးပြေးဝင်းထဲမှာ ကားကို ဖြည်းညှင်းစွာမောင်းရင်း ကားဂိတ်ရှာနေတာကိုလည်း ဖမ်းသလို ခရီးသည် အတင်၊ အချလုပ်နေတဲ့အတွက် ကားရပ်ထားပါကလည်း ကား လေးဘီးလုံး ရပ်ထားတာကြောင့်လို့ ဆိုကာ ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
အဲဒီလို ဖမ်းဆီးခံရပါက အနည်းဆုံး ငွေကျပ် ငါးသောင်း၊ကနေ တသိန်းအထိ တောင်းယူနေပြီး ညှိနှိုင်းမှု အဆင်ပြေရင်တော့ ကျပ် ငါးသောင်းကို သုံးသောင်း၊ ကျပ် တသိန်းကို ခုနစ်သောင်း ပေးရတယ်လို့ သိရပါတယ်။
“သူတို့က ချလန်မဖြတ်ဘူး။ ပိုက်ဆံပဲ တောင်းတာ။ အခုအခြေအနေက ဧည့်သည့်လာရင်လည်း သွားမကြိုရဲသလို၊ သွားလည်း မပို့ရဲ ဖြစ်နေပြီ။ အဝေးပြေးကားဂိတ် လာကြတဲ့ လူတွေထဲမှာ ကလေးသူငယ်၊ လူငယ်၊ လူကြီး၊ သက်ကြီးရွယ်အို၊ ရဟန်းသံဃာ၊ လူမမာ၊ ကိုယ်ဝန်ဆောင် အစုံပါပါတယ်။ ပြီးတော့ အထုပ်အပိုးတွေ ပါတယ်။ ရပ်၊ တင်၊ ချကိုတောင် လက်မခံတာတော့ လွန်လွန်းပါတယ်။ ရန်ကုန် နိုင်ငံတကာလေဆိပ်တောင် ရပ်၊ တင်၊ ချ လက်ခံတယ်။ အောင်မင်္ဂလာ အဝေးပြေးကတော့ အတော်ကိုဆိုးနေတာ” လို့ ပြည်သူတယောက်က ပြောပါတယ်။
အခုလို ကြုံတွေ့နေရတာတွေကြောင့် တက္ကစီသမား အများစုက အောင်မင်္ဂလာ အဝေးပြေးကို ခရီးသည် လိုက်မပို့ရဲတာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က တာဝန်ရှိသူကို VOM က မေးမြန်းနိုင်ဖို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် ဖုန်းကိုင်ပြီး ပြန်ချသွားတာကြောင့် မေးမြန်းလို့မရသေးသလို အောင်မင်္ဂလာ အဝေးပြေးဝင်း အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
Photo – CJ
