သူတို့အိမ် အခန်း – ၃၅

 

 

 

ငချိပ်ပေါင်း၊ စားတော်ပဲ၊ ဘယာကြော်
—————————————–

ငယ်ငယ်က မနက်လင်းလျှင် စားဖြစ်သော အစားအသောက်ထဲက ငချိပ်ပေါင်းနှင့် ဘယာကြော်ကို အတော်ကြိုက်သည်။ မနက်လင်းသည်နှင့် ပဲဝင်းက လာနေကျ ပဲသည် ဒေါ်ရီရောက်လာသည်။ ဒေါ်ရီက ဘီလူးမ ညောင်ပင်အနီး ပဲဝင်းက ဖြစ်သည်။ ကျွန်တော် မှတ်မိသည့်အရွယ် ကတည်းက ဒေါ်ရီ ၏ ကောက်ညှင်းပေါင်း ငချိပ်ပေါင်း စားတော်ပဲ အကြော်စုံက မနက်လင်းသည်နှင့် ရောက်လာသည်။ သူက ဝတ်တာစားတာက အစ သပ်ရပ်သည်။ ပဲတောင်း အကြော်ဗန်းကအစ သန့်ရှင်းသည်။ ကျွန်တော်ကြိုက်တာက ငချိပ်ပေါင်း ဖြစ်သည်။ ငချိပ်ပေါင်းကို ချိန်ခွင်နှင့် ချိန်ရောင်းသည်။ ထို့အတူ စားတော်ပဲကိုလည်း ချိန်ခွင်နဲ့ပဲပေါ့။

 

အမေက ဒေါ်ရီထံက ငချိပ်ပေါင်း စားတော်ပဲ နှင့် ဘယာကြော်ကို ဝယ်သည်။ ငချိပ်ပေါင်းနှင့် စားတော်ပဲတွင် ဒေါ်ရီ့ထံက နှမ်းထောင်းလေး ဖြူးသည်။ ထု့ိနောက် အမေက သူ့ဆီဗျပ်ထဲရှိ ဆီပုံးထဲက ပဲဆီကို ယူ၍ ခပ်ရွှဲရွှဲလေး ဆမ်းသည်။ ပြီးတော့ ဘယာကြော်ကို ချေထည့်ကာ အစေးပေါက်အောင် နယ်တော့၏။ ငချတ်ပေါင်း ပဲနှင့် ဘယာကြော်က ပဲဆီရွှဲရွှဲတွင် တစ်သားတည်းနီးနီးလောက် ဖြစ်သွားသည်။ ထို ငချိပ်ပေါင်း ပဲနှင့် အကြော်ဇလုံကို အလယ်ချပြီး သားအမိ သားအဖတစ်တွေ ရေနွေးကြမ်း တဖူးဖူးမှုတ်သောက်ရင်း အလုအယက်စားရတာ အရသာရှိလှသည်။

 

မနက်ပိုင်းတွင် ဒေါ်ရီက ကောက်ညှင်းပေါင်း ငချိပ်ပေါင်း အကြော်စုံ စားတော်ပဲ ပါလာပြီး ညနေစောင်း ၃နာရီလောက်တွင်လည်း တစ်ခေါက် ထပ်ရောက်လာသည်။ ညနေခေါက်မှာက ခေါ်ပဲပေါင်းပါသည်။ ကြက်သွန်ကြော် ဘူးသီးကြော်ပါသည်။ ထို့နောက် စွန်တာနီပဲပြုတ် ထောပတ်ပဲပြုတ် ပဲကတ္တီပါပြုတ် တို့ ပါလာသည်။ ခေါ်ပဲပေါင်းကတော့ ကြက်သွန်ကြော်နှင့် ပိုလိုက်တာပေါ့။

 

ညနေစောင်းတွင် ပဲသည် ဒေါ်ရီ မလာမီ လာနေကျ ဈေးသည် တစ်ဦးက ကာလစပါးယို သာကူယိုသည် ဖြစ်သည်။ သူကလည်း ဒေးဝန်းဘက်က လာတာတဲ့။ သူ့နာမည်ကိုတော့ မမေးမိ။ သို့သော် သူ၏ ထူးခြားမှုက ကာလစပါးယိုဟု ဟစ်လိုက်သော အသံက သံရှည် အတက်အကျ အနိမ့်အမြင့် တစ်ခုပါပဲ။ စကားလုံးက မပီ။ သို့သော် အသံသွင်းထားပြီး ကျော့ကာ ကျော့ကာ စက်က ဖွင့်ထားသလား အောက်မေ့ရအောင် ဘယ်အချိန် ဟစ်ဟစ် အတိမ်းအစောင်းမရှိဘဲ ထိုသံစဉ် ထိုအတိုအရှည် အတိုင်း ဖြစ်နေသည်။

 

သူ့ကာလစပါးယို သာကူယိုကလည်း ကောင်း လှသည်။ သန့်ရှင်းသည်။ သည်တော့ မစားဘဲ မနေနိုင်။ နေ့လယ်ပိုင်း နောက်ထပ် လာသော ဈေးသည်တွေက ကြိတ်မုန့် မုန့်ဦးနှောက် မုန့်စိမ်းပေါင်းသည်များဖြစ်သည်။ သူတို့ကတော့ ကြုံသလိုလာကြ၏။ မနက်ပိုင်းမှာ ဒေါ်ရီ့လိုပဲ ပင်တိုင်လာသည့် ဈေးသည် တစ်ဦးရှိသေးသည်။ သူက မုန့်ဟင်းခါးသည် မောင်အိ ဖြစ်သည်။ သူက မနက် ၈နာရီလောက်ရောက်လာသည်။ မုန့်ဟင်းခါးကို အထမ်းနှင့် ရောင်းချသူ ဖြစ်၏။ သူက မျက်ပါးရပ်ဘက်က လာတာတဲ့။

 

 

မုန့်ဟင်းခါး လက်သုတ်
———————-

ထိုစဉ်က မုန့်ဟင်းခါးသည် အများစုက အထမ်းသည်များဖြစ်သည်။ နောက်မှ တစ်နေရာတည်း အထိုင်ချ ရောင်းသည့် မုန့်ဟင်းခါးသည်များက ဆိုက်ကားနှင့် ဖြစ်လာသည်။ မောင်အိ မုန့်ဟင်းခါး အလွတ်ဆို ၂၅ပြား၊ အကြော်နဲ့မှ ပြား၃၀၊ ဘဲဥ အကြော် ငါးဖယ်ကြော် နှင့် မုန့်ဟင်းခါးသုတ်ကတော့ သုံးမတ် (၇၅ပြား) တဲ့ ။ သူက ဝင်းထဲမဝင်၊ ဝင်းပေါက် က အုတ်ခုံဘေးမှာ အထမ်းချသည်။ အထမ်းချပြီးတာနှင့် ကျုံးရေကန်က ရေကို အထမ်းတစ်ဖက် အောက်ဆင့်မှာပါသည့် ရေဇလုံထဲ ထည့်သည်။ ထို့နောက် ပန်းကန်တွေ ဆေးကြောသည်။ ထိုအထမ်းဘက်မှာက အပေါ်ဆင့်တွင် လက်သုတ် ပုဝါလေး အုပ်ထားသော မုန့်ဖတ်တောင်း၊ ဆီကျက်ပုလင်း၊ ငရုတ်သီးဘူး၊ ပဲမှုန့်ပုလင်း၊ ငံပြာရည်ပုလင်း၊ လှီးဖြတ် ထားပြီးသော နံနံပင် ကြက်သွန်မိတ် ဇကာ၊ ထိုပေါ်က အဖုံးလေးပေါ် သံဇွန်းလေးတွေ။

 

ဆိုင်းထမ်း အပေါ်ဘက် ထမ်းပိုးမရောက်ခင်မှာ ဝါးဇကာလေးကို ဆိုင်းထားသည့် ကြိမ်ကြိုး၄ကြိုးကြား ချိတ်ထားပြီး ထိုဇကာထဲတွင် ပဲကြော် ဘယာကြော် ငါးဖယ်ကြော် စသည့် အကြော်စုံ ထည့်ကာ လက်သုတ်လေး အုပ်ထားသည်။ ဆိုင်းတန်း တစ်ဖက်မှာက အောက်ဆင့်တွင် ထင်းမီးဖိုပါပြီး အပေါ်က မုန့်ဟင်းခါးအိုး တယ်ထားသည်။ သူက ဆိုင်းတန်းချ၊ ရေထည့် ပြီးတာနှင့် ဆိုင်းတန်းမှာ ချိတ်ထားသော သစ်သားခုံလေးချကာ ထိုင်ရင်း ဆေးကြော ပြင်ဆင်သည်။ ကျွန်တော်ကတော့ အကြော်နှင့် ပြား၃၀ ဖိုး မုန့်ဟင်းခါးပဲ စားပါသည်။

 

မောင်အိ ပင်တိုင် ဖောက်သည်တွေက ဝင်းပိုင်ရှင် စက်ပိုင် ဦးလေးသောင်တို့ မိသားစု ဖြစ်သည်။ သားအမိ သားအဖ ၄ယောက်စလုံး ဝင်းပေါက်ထွက်လာကာ စားကြသည်။ ဦးလေးသောင်တို့ စားနေကျက သုံးမတ်တန် မုန့်ဟင်းခါးသုတ် ဖြစ်သည်။ ပုံမှန် မုန့်ဟင်းခါးမုန့်ဖတ်ထက် အနည်းငယ် ပိုများသော မုန့်ဖတ်ကို အကြော်ချေထည့် ငါးဖယ်ကြော်ညှပ်ထည့် ဘဲဥ ညှပ်ထည့်ပြီး ပဲမုန့် ဆီကျက် အပေါ်ဆီ ငံပြာရည် နံနံပင် ကြက်သွန်မိတ် ထည့်ပြီး အိုးအောက်ထိ နှစ်ကာ ငါးဖတ် ကြက်သွန်ဥဖတ် ငှက်ပျောဖတ်တွေချည်း ပါအောင် ခတ်ထားသည့် ဟင်းရည် ပျစ်ပျစ်ကို အပေါ်က ဆမ်းလိုက်သည်။

 

ဟင်းနံ့မွှေးမွှေး ပဲမှုန့်ထွေးထွေးလေးနှင့် အတော် စားကောင်းသည်။ စားပြီးတော့ ထိုပန်းကန်ထဲပဲ မုန့်ဟင်းခါးဟင်းရည် ထည့်ပေးကာ သောက်ရသည်။ ကြိုက်လျှင် ဗမာကြက်သွန်ဥလေး လေးစိပ်ခွဲ ထည့်ချင်ထည့် ငရုတ်သီး အလှော်မှုန့်လေး ထည့်ချင် ထည့်ပေါ့။ တကယ်တော့ ဦးလေးသောင်တို့ စားသော မုန့်ဟင်းခါးသုတ်ကို ကျွန်တော်ကြိုက်လှပါသည်။ သို့သော် သုံးမတ် မတတ်နိုင်။ ထို့ကြောင့် ပြား၃၀တန် မုန့်ဟင်းခါးနှင့်ပဲ တင်းတိမ်ရပါသည်။ သို့သော် ၂ပတ် တကြိမ်လောက်တော့ ကျွန်တော် စားချင်သော မုန့်ဟင်းခါးသုတ်ကို စားဖြစ်ပါ၏။ ၂ပတ်လောက် စုလိုက်လျှင် အပိုသုံးဖို့ သုံးမတ်တော့ ထွက်နိုင်တာပေါ့။

 

 

အလွင်တို့ဆိုင်
——————-

ဥပုသ်လို ရက်မျိုးဆိုလျှင် စက်ဆရာကိုမောင်ဒွေးက အလုပ်နားလို့ သူနှင့် ထီးတိုင်ဈေးထဲ လိုက်ဖြစ်သည်။ ထီးတိုင်ဈေးထဲ ရေချိုဦးအေးမောင် တိုက်ဘေးက လမ်းကြားထဲမှာ အလွင်တို့ ညီအစ်မ မုန့်တီဆိုင်ရှိသည်။ သူတို့ဆိုင်က ထူးခြားသည်။ အလွင်ဟုသာ လူသိများသော ခပ်ချောချော အချိုးအဆစ်ကျကျ အသက် အစိတ်လောက်ရှိသည့် သူ၏ မုန့်တီဆိုင် ဖြစ်သည်။ သူမုန့်တီပြင်နေသည့် ကျောချင်းကပ်ရက် လူချင်းလည်း ထိနေသည့်နေရာမှာလည်း သူနှင့် ရုပ်တူ အရွယ်တူ အရပ်အမောင်း အလုံးအဆစ်တူသူ အမျိုးသမီး တစ်ဦးကလည်း မုန့်တီပြင်နေသည်။ သူတို့က ညီအစ်မအရင်း နှစ်ဦး။ သို့သော် ဆိုင်ချင်းမတူကြ။ မုန့်တီပြင်သည့် ညီအစ်မနှစ်ယောက်ကို ဗဟိုပြုပြီး စားပွဲတွေကလည်း လေးထောင့် ပတ်ထားသည်။

 

သူတို့ညီအစ်မ ကျောချင်းကပ်ထိုင်နေသည့် ဘေးတစ်ဖက်တစ်ချက် မျဉ်းဖြောင့်က နှစ်ဆိုင်နယ်နိမိတ်ပါပဲ။ အလွင်မျက်နှာပြုသည့် ဖက်ခြမ်းက အလွင့်ဆိုင် အလွင့်ဖောက်သည်ပေါ့။ သူ့ညီမ မျက်နှာပြုသည့် ဖက်ခြမ်းက သူ့ညီမဆိုင် သူ့ညီမ ပရိသတ်ပေါ့။ ညီအစ်မနှစ်ယောက်စလုံး၏ မုန့်တီက အတူတူပါပဲ။ ဈေးသိမ်း အပြန်မှာလည်း လှည်းတစ်စီးပေါ် ပစ္စည်းအတူတင် သိမ်းဆည်းကြတာပါပဲ။ မနက်လင်းတာနှင့် အလွင်တို့ညီအစ်မဆိုင်မှာ နေရာလု နေကြရအောင် မုန့်တီကလည်း ကောင်းသည်။ စက်ဆရာနှင့် ကျွန်တော်က အလွင်တို့ဆိုင်မှာ မုန့်တီ မစားဖြစ်လျှင် ပန်းတန်းကြားက ဖြတ် အရှေ့တက်ပြီး ဂျေရုံနှင့် သံဖြူတန်းထောင့်မှာ မြီးရှည်စားကြသည်။ မြီးရှည် မစားချင်တော့ အနားမှာပဲ ကြာဆံဟင်းသောက်ကြသည်။ တစ်လ တစ်ခါလောက်တော့ အရှေ့ဆက်တက်ပြီး ဒေါ်ရယမ်ဘီဆိုင်က အုန်းထမင်းနှင့် အမဲကြော်ပေါ့။ သို့သော် အများဆုံးစားရသည့် မနက်ခင်းစာက ဒေါ်ရီ၏ ငချိပ်ပေါင်းပါ ပဲလေ။

 

အလင်းဆိုင် အလင်းထိုင်
——————————

ညပိုင်းမှာတော့ ညစဉ်လိုလို ညဈေးတန်းသွားဖြစ်သော်လည်း တောင်ဘက်ထိပ်က သံပုရာရည်ပဲ သောက်ဖြစ်ပါသည်။ တစ်ခါတလေ ထိုင်စိန်အဆင်းက ဒေါ်စင်းယုံ ဆီကျက် ဒါမှမဟုတ် ထမင်းပေါင်းပေါ့။ တစ်ခါတလေ ဆိုတာ တကယ့် တစ်ခါတလေပါပဲ။ ၂လနေမှ တစ်ခါမစားနိုင်။ အမေနှင့် ပစ္စည်း ဝယ်ချင်လို့ ညဈေးတန်း သွားဖြစ်ရင်တော့ ညဈေးတန်းတောင်ဘက်ထိပ် ၂၈လမ်းပေါ်က သင်းစပယ် ဆီချက်ခေါက်ဆွဲကို ကျွေးပါသည်။ အမေက ကြက်သွန်ဖြူ ဓားပြားရိုက်လေး၊ မုန့်ကြွပ်ရွရွလေးနှင့် ခေါက်ဆွဲသားနုနုအိအိ သင်းစပယ်ဆီချက်ခေါက်ဆွဲကို အလွန်ကြိုက်သည်။ မမခင်ဝင်းနှင့် ညဈေးတန်း သွားရင်တော့ အမေပါလျှင်ပါ၊ မပါလျှင် မမသန်းလှ၊ မမမြသွင်တို့ ပါသည်။ မမခင်ဝင်းက ရုံတော်ကြီးရှိ ကြယ်နီစတိုးက အလှပြင် မိတ်ကပ်ဘူးလေးတွေ ဆံထိုးဆံညှပ်လေးတွေ ဝယ်ဖို့ဖြစ်သည်။

 

ဒါကလည်း နေ့ခင်းပိုင်း ဈေးချိုအလယ်ပေါက်က မောင်မောင်လှဆိုင်မှာ မဝယ်ဖြစ်မှ ကြယ်နီစတိုး သွးခြင်းဖြစ်သည်။ ကြယ်နီစတိုးကို ဝယ်ခြမ်းပြီး ညဈေးတန်းဘက် လမ်းလျှောက်သည်။ အပြန်မှာ အမြဲဝင်တတ်သည့် ဆိုင်ရှိပါ၏။ သူတို့ကတော့ ၂၉လမ်းထိပ် ဘီကြင်ဟော်တယ်ဘေး ဓာတ်တိုင်အောက်မှာ တရုတ်အဖိုးကြီး ရောင်းသော အော်ကွေ့ကြည် ကို ကြိုက်သည်။ တရုတ်ကြီးဆိုင်ရှေ့ ရပ်ပြီး ချက်ချင်းကြော်သည့် အော်ကွေ့ကြည်ကို စောင့်ယူသည်။ အိမ်ကျမှ စားကြမည်ဟု ဝယ်လာပြီး လမ်းသွားရင်း စားတာနှင့် အော်ကွေ့ကြည်က အိမ်ထိ ပါမလာတော့။ အစပိုင်းတော့ အော်ကွေ့ကြည်ကို ကျွနိတော်လည်း မကြိုက်၊ နောက်တော့ မောင်ကျန်တတို့ ဖြစ်သွားသည်။

 

အကယ်၍ ညီအစ်ကို တူဝရီးတွေ ညပိုင်းဆုံဖြစ်ကြလျှင် ဂွေးချိုတိုက် အနောက်ဘက်က အန်တီမြင့် အသုတ်စုံဆိုင် ရောက်သွားကြသည်။ သူ့ဆိုင်က ကျွန်တော်တို့ အ.ထ.က ၂၁ နှင့် မျက်နှာချင်းဆိုင် မြို့မကဖေး၏ တောင်ဘက် ကပ်ရက်ဖြစ်သည်။ ဆိုင်လေးက လမ်းဘေးမို့ ထိုင်ကောင်းသည်။ ခုံရှည်ကြီးနှစ်လုံး မျက်နှာချင်း ဆိုင်ပြီး အလယ်မှာ စာပွဲရှိသည်။ အန်တီမြင့်ဆိုင်၏ ရှောက်သီးသုတ်က အရသာရှိလှသည်။ ထို့ပြင် ရာသီပေါ် အရွက်သုတ်တွေလည်း ရသည်။ သခွပ်ပွင့်၊ မြူရွက်၊ ကြက်တက်ရွက် အသုတ်တွေလည်း လက်ရာကောင်းသည်။ ထို့ပြင် သူ့ဆိုင်က ရေနွေးကြမ်းကလည်း ကောင်းတော့ တော်တော်နှင့် ဝိုင်းမသိမ်းနိုင်။ အန်တီမြင့်ဆိုင်က အပြန်စောလျှင်တော့ အရှေ့ဘက် သင်္ဘောတန်းထိပ် ဦးသောင်းဉာဏ် ပွဲရုံဘေးက အကောင်းကြိုက်ကဖေး ထိုင်ကြသေးတာပေါ့။

 

ညပိုင်းတွင် လက်ဖက်ရည်ဆိုင် အထိုင်နည်းကြသော်လည်း ကျွန်တော် ၈တန်အောင်သည့်နှစ် နွေရာသီမှာ ညပိုင်းထိုင်ကောင်းသည့် ဆိုင်တစ်ဆိုင် တွေ့ကြသည်။ ထိုဆိုင်က ညဈေးတန်းမြောက်ထိပ် တိုက်တန်းအရှေ့ဘက်ကြားက မြင့်ကြည်ကဖေးဖြစ်သည်။ မြင့်ကြည်က ညနေမှ ဖွင့်ပြီး အလင်းဆိုင်ဖြစ်သည်။ အမိုးအကာမရှိဘဲ လမ်းဘေးမှာ စားပွဲ ကုလားထိုင်ချထားသည်။ သူ့ဆိုင်က ပလာတာနှင့် အာလူးဟင်းကောင်းသည်။ လက်ဖက်ရည်လည်း ကောင်းပါ၏။ အဖေနှင့် သမီး သားအဖနှစ်ယောက် ဖွင့်သော ဆိုင်ဖြစ်သည်။ သမီးက လက်ဖက်ရည်ဖျော်သည်။

 

မြင့်ကြည်မှာ ညနက်လျှင် ဟံသာဝတီသတင်းစာတိုက်က ဖောင်ပိတ်ပြီး လက်ဖက်လာသောက်ကြသည့် အယ်ဒီတာတွေရှိသည်။ ဆောင်းအကူးနွေဦးပေါက်ကာလ ညချမ်းများတွင် မြင့်ကြည်မှာထိုင်ရင်း စကားကောင်းခဲ့ကြသည့် ညချမ်းများကို သတိရမိသည်။ တစ်ညကများ ညီအစ်ကိုတတွေ စကားကောင်းလိုက်ကြတာ ညဈေးတန်းသိမ်းတာပင် သတိမထားမိကြ။ ထီးတိုင်ဈေးနှင့် ကိုင်းတန်းဈေးကို လာသည့် အရှေ့တောဈေးကားတွေ ဘီလမ်းအတိုင်း ရိုးလ်ကုမ္ပဏီကုန်းက ဆင်းလာကြမှ မနက်လေးနာရီထိုးလုမှန်းသိကြတော့သည်။ ထို့ကြောင့် အိမ်မပြန်ကြတော့ဘဲ ဘုရားကြီး မျက်နှာသစ်တော် သွားဖူးကြတော့တာပေါ့။ ဘုရားကြီးက အပြန် ထိုင်စိန်ကဖေး ထပ်ဝင် ဟုတ်လို့။ အိမ်ကလူကြီးတွေက တစ်ညလုံး အိမ်ပြန်မရောက်ကြတာ သိကြမှာမဟုတ်။ ကိုင်း.. ဒီလိုပုံ ဒီလို အချိုးနဲ့ ကျွန်တော်က ၉တန်း တက်ရတော့ မှာတဲ့။

 

Related posts

Leave a Comment

VOM News

FREE
VIEW