ငွေငန်း ရှင်းတမ်း (၃)

ဆူးငှက်
မြန်မာပြည် လွတ်လပ်ရေးရသော (၁၉၄၈)ခုနှစ် သင်္ကြန်တွင် မြို့မအသင်းက လူစုံတက်စုံ ဖြင့် ပါဝင်ဆင်နွဲှသည်။ ပန်းချီဦးဘသက်၊ နန်းတော်ရှေ့ ဆရာတင်တို့ပါ မြို့မငြိမ်းနှင့်အတူ မြို့မအသင်းသားများနှင့် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြသည့် ထူးခြားသော နှစ်တစ်နှစ်ဖြစ်သည်။ မြို့မအလှပြယာဉ်ကို မနှစ်က (၁၉၄၇)ခုနစ်ကဒီဇိုင်းကို ပြုပြင်ပြီး ပိုမိုလှပစွာ ဆင်ယင်ထားသည်။
ထုပုံဖော်ထားသော ငန်းတောင်များက ကား၏ ဘေးတစ်ဖက်တစ် ချက်စီတွင် အဆင့် ၃ဆင့်ဖြင့် ကားအမြီးပိုင်းအထိ ဆင်ယင်ထား၏။ ကားအမြီးမှာက အခါတိုင်းနှစ်တွေလို အဆင့်ဆင့် စင့်မြင့်မပါ။ ကားအလယ်ခေါင်းမှာပဲ အလျားလိုက် စင်မြင့်ဆင်ပြီး အသင်းသား များက ထိုအပေါ်မှ တီးမှုတ်ကြသည်။
ကားတစ်စင်းလုံး ဝိုက်မိုးထားသော ငန်းရုပ်ကြီးအောက်တွင်မှ ရေခံထည်ကို ဆင်ထားသည်။ လေးထောင့်စပ်စပ် ရေခံထည်မှာ အောက်ဆုံးမှ ပဉ္စဂံပုံ တုံးကလေးတွေ ပတ်လည်ကပ်ရိုက်ထားသည်။ ပဉ္စဂံတုံးလေးများ အပေါ်မှ အပြာလွင်လွင် ရေလှိုင်းငြိမ့်ငြိမ့် ရှိသည်။ အပေါ်မှာက အဖြူ၊ အပြာနု၊ အစိမ်းနုနှင့် အပြာလွင်လွင် လှိုင်းချိတ်ဆင်တွေ တင်ထားသည်။ လှိုင်းချိတ်ဆင်လေးတွေ အထက်တွင် အပြာရင့် လှိုင်းထူထူနှင့် အပေါ်က လှိုင်းခေါင်းဖြူဖွေးဖွေးတွေ လှုပ်ရှားနေပုံဖော်ထား၏။ လှိုင်းခေါင်းဖြူတွေ အပေါ်မှာ စိမ်းနုရောင်ကို ရေခံထည် ပြင်ညီအတိုင်း အပြည့်ခြယ်သထားသည်။
ကား၏ ရှေ့တည့်တည့်မှာက ငန်းရင်အုပ်အောက်မှ ရေခံထည်ကို လေးထောင့် တည့်ချိုးထား၏။ လှိုင်းတွေက ရှေကတည့်တည့် အလယ်ခေါင်မှာ ဆုံထားပြီး မြို့မအဝိုင်း တံဆိပ်ကို တပ်ဆင်ထားသည်။ ယနေ့အထိ အစဉ်တစိုက် သုံးစွဲနေသော “မြို့မ” ဒီဇိုင်း၊ စာလုံးကို ရှုမ၀ ဦးဘငွေ၊ ပန်းချီ ဦးဘသက်တို့က စတင်တီထွင်ခဲ့ပြီး ပန်းချီဦးဘရင်ကလေးက နောက်ဆုံး လက်စသတ်ခဲ့သည့် စာလုံးပုံစံဖြစ်သည်ဟုဆို၏။ အလှပြယာဉ်ပေါ်တွင် တိုင်များဖြင့် ထိပ်၌ ကြွေမီးလုံးများ တပ်ဆင်ကာ မီးလုံးတိုင်များ တစ်တိုင်နှင့်တစ်တိုင်ကို မီးလုံးကုံးများဖြင့် သွယ် တန်းထား၏။
၁၉၄၈ သင်္ကြန်ကား ပထမဆုံး လွတ်လပ်ရေးရသည့် နှစ်သင်္ကြန်မို့ … မြို့သူမြို့သားတွေ ကလည်း ပျော် …။ ဆင်နွှဲသည့် အသင်းတွေ ကလည်း ပျော် …။ ထူးထူးခြားခြား လူဟောင်းလူသစ် အစုံအညီ ပါဝင်ဆင်နွှဲကြလို့ မြို့မငွေငန်းကြီးလည်းပျော် ..။
××××× ×××××
၁၃၁၀ ခုနှစ်မှ ၁၃၁၁ ခုနှစ်အကူး မဟာသင်္ကြန်အကြိုနေ့(၁၉၄၉ ခု ဧပြီလ ၁၂ရက်နေ့) သည်ကား တန်ခူးလပြည့်နေ့ဖြစ်သည်။ ဘေးအန္တရာယ် အပေါင်းမှ လွတ်ကင်းကာ အေးချမ်း ပျော်ရွှင်ဖွယ် နှစ်သစ်အကူးသည် တန်ခူးလပြည့်နေ့ ညချမ်း လပြည့်ဝန်းကဲ့သို့ ကြည်နူး ရွှန်းမြ အေးချမ်း ပျော်ရွှင်ဖွယ်ဖြစ်ပေ၏။ မန္တလေး၏ တေးသံစုံ မြူးကြွကာ အက၊ အလှ၊ ဂီတသံစုံ လွှမ်းခြုံသည့် တာသင်္ကြန်ပွဲတော်လည်း တန်ခူးလပြည့်၏ လရောင်အောက်၌ ဝတိံသာစခန်းနတ်ဘုံနတ်နန်းကဲ့သို့ ဖြစ်ဖွယ်ရှိ၏။
သို့သော် မငြိမ်းချမ်းခဲ့သော ရန်လိုမုန်းပွားခဲ့သော ဒေါသ၊ မောဟအမှောင်တိုက်ကြီးကို ဖြတ်သန်းခဲ့ကြရ၍ ကြိုတင်ပြင်ဆင်ရန် အခွင့်မသာခဲ့ပေ။ အထူးသဖြင့် နာမည်ကြီး မဏ္ဍပ်များ၊ အလှပြယာဉ်များ၊ အသင်းအဖွဲ့များ၊ ၁၉၄၉ သင်္ကြန်၌ ဆင်နွှဲနိုင်ခြင်း မရှိခဲ့ကြ။
မြို့မငွေငန်းယဉ်ကြီးလည်း အရှိန်မှ ရမယ်မကြံသေး နားရပြန်ပေါ့။ ထို့အတူ မြို့မအသင်း တော်သားတွေ နှစ်နှစ်သက်သက်၊ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တီးမှုတ်လက်တွေ့ခဲ့ကြသည်။ ဆရာငြိမ်း၏ နီတျာတျာ အစီချီ “လှကြစမ်းပါဗျာတို့” သီချင်းအား ရုတ်ခြည်းပင် မဆိုမတီးဖြစ်စေခဲ့ သည့် အကြောင်းခြင်းရာကလည်း မကြာမီ ပေါ်ပေါက်စေခဲ့သည်ဟူလို …။
ထိုနှစ်များတွင် အငြိမ့်မင်းသမီး ယုဝတီမြသောင်းခင်ကလည်း မြို့မနှင့် တွဲဖက်ပြီး “အငြိမ့်ခန်း”က နာမည်ရလာသည်။ ယုဝတီ မြသောင်းခင်က ဖြူဖြူဖွေးဖွေး လုံးကြီးပေါက်နှင့် ရုပ်ရည်ချောမောလှပသည်။ မြို့မ၏ ခေတ်မီတူရိယာ၊ ခေတ်ပေါ်အသံများနှင့် လိုက် ဖက်လှသည်ဟု ဆိုကြသည်။ ကနွဲ့ကလျ သီဆိုသော သူ့ဆို ဟန် ဆိုပေါက်လည်း တစ်မူ ထူးခြားသည် ဆို၏။ ယုဝတီ မြသောင်းခင်က မြို့မနှင့် “အငြိမ့်ခန်း” တွင် ဝိုင်အမ်ဘီ ဆရာတင်၏ “မျှော်တိုင်း သာ” “မိုးအမ္ဗုန်” နန်းတော်ရှေ့ ဆရာတင်၏ “ဦးရွှေထူး” စသောသီချင်းများလည်း သီဆိုတတ်၏။ ထိုအချိန်တွင် နာမည်ကြီး လူရွှင်တော် ဦးဓာတ်ခိုး၏ သားနှစ် ယောက်ဖြစ်သော သိန်းအောင်နှင့် ပေါစံတို့ ညီအစ်ကိုလည်း မြို့မအသင်းသားများ ဖြစ် လာကြသည်။
၁၉၅၀ ပြည့်နှစ် မြို့မအသင်းတွင် ကိုရင်လေး၊ ကိုဘကြင်၊ ရတနာပုံကိုအေးမောင်၊ ကိုကြီးငွေ၊ ကိုဘသိန်း(မြို့မငြိမ်း)၊ ကိုလှဒင်၊ ကိုဝင်းဖေ၊ ကိုဝင်းလွင်၊ ကိုဗစိန်၊ တောင်မြို့ကိုလေး၊ ကိုဝင်း၊ ကိုပေါ၊ ကိုထွန်းရင်၊ ကိုမြမောင်၊ ကိုဘိုခင်၊ ကိုဘသင်၊ ကိုဘသောင်၊ ကိုသိန်းတန်၊ ကိုသိန်း၊ ကိုကြည်စိန်၊ ကိုတူ၊ ကိုရာမန်၊ ကိုသန်းမောင်၊ ကိုဖူးအံ့၊ ကိုကိုကြီး၊ ကိုထွန်းရှိန်၊ ကိုတင်အေးတို့ ပါဝင်ကြသည်။
၁၉၅၀ သင်္ကြန်(၁၃၁၁ခုမှ ၁၃၁၂ခုနှစ် နှစ်ကူးသင်္ကြန်)တွင် မြို့မအသင်းက အသင်း အမှတ်တံဆိပ် ငန်းရုပ်ကြီးကို မော်တော်ယာဉ် ရှေ့ခြမ်းတစ်ခုလုံးအုပ်ကို အတောင်နှစ်ဘက်အား ကားဘေးတစ်ဖက်တစ်ချက် ဖြန့်တန်းပြီး ဘေးရေခံထည်က ကားနောက်မြီးပိုင်းထိ အနိမ့်အမြင့်မပါ တစ်ညီတည်းဖြစ်၏။ ကား၏အလယ်ခေါင်မှာသာ ရှေ့နောက်အလျားလိုက် အိမ့်အမြင့် စင်ရိုက်ထားပြီး အသင်းသားများ နေရာယူ တီးမှုတ်ကြသည်။ ရေလှိုင်းများက ခပ်ပြေပြေ လှိုင်းကျဲများဖြစ်ပြီး ရေခံထည်အပေါ် ကလနားတစ်လျှောက်တွင် ငန်းရုပ် လေးများ အစီအရီ ခြယ်ထား သည်။ မြို့မတံဆိပ်ဝိုင်းက ဘေးတစ်ဖက်တစ်ချက်အပြင် ငန်းရုပ် ရင်အုပ်အလယ်တွင် လည်း ချိတ်ဆွဲထား၏။
ငန်းရုပ်နှင့် ကားရေခံထည် ပတ်လည်မီးလုံး များဖြင့် အလှဆင်ထားပြီး ကားပေါ်တွင် တစ်ဖက် တစ်ချက်၌ ဖန်မီးလုံးကြီးများကို တိုင်ဖြင့် ထွန်းညှိထားသည်။
××××× ×××××
၁၉၅၀ ဝန်းကျင်ကာလ၏ မန္တလေး အနီးတစ်ဝိုက်တွင် တိုင်းပြည် ငြိမ်သက်အေးချမ်းမှု က အသားတကျ မဖြစ်သေးပေ။ တံတားဦးမှာ၊ ကျောက်ဆည်မှာ၊ မတ္တရာမှာ၊ ပြင်ဦးလွင်လမ်း ၂၁မိုင်မှာ စသည်ဖြင့် တိုက်ပွဲတွေက ကျိုးကြားဖြစ်နေ၏။ ထိုနှစ် (၁၃၁၁-၁၂)သင်္ကြန်မှာတော့ ရန်ကုန်ရောက်နေသည့် မြို့မကိုလှဒင်က မန္တလေး ရှိ အပေါင်းအသင်းများကို ခေါ်ယူကာ “ရွှေမန်းရေယဉ်” အမည်ဖြင့် အလှပြယာဉ်ထွက် သည်။ ရန်ကုန်ရောက် “မန္တလေးမြန်မာ ကုန်သည်များအသင်း” ကမ္မကထပြု စီစဉ်ခဲ့ခြင်းဖြစ်၏။ ဆရာမြို့မငြိမ်းလည်း စိတ်ပြေလက်ပျောက် သဘောနှင့် ရန်ကုန်သင်္ကြန်သို့ ဆင်းကာ ဆင်နွှဲသည်။ မန္တလေးမှာ မြို့မအသင်းက ငွေငန်းယာဉ်ကြီးနှင့် သင်္ကြန်ပွဲတွေ အဆက်မပြတ် ဆင်နွှဲခဲ့သော်လည်း သီချင်းရေးစပ်ပေး တီးလုံးချပေးခဲ့ရုံကလွဲ၍ ဆင်နွှဲခဲ့ခြင်း မရှိခဲ့သော ဆရာ မြို့မငြိမ်းသည် ရန်ကုန်မြို့ သင်္ကြန်၌ “ရွှေမန်းရေယဉ်” အလှပြကားပေါ်၌ ငွေငန်းရုပ်ကြီးနှင့် ကပ်လျက်ထိုင်ကာ သင်္ကြန်ပွဲ၌ ဆင်နွှဲခဲ့၏။
ထိုနှစ်သင်္ကြန်အတွက် ဆရာက “သဘာဝရွှင်မြူး နှစ်ကူး ဗမာ့ရေသဘင်” အစချီ “ငြိမ်းချမ်းရေးသင်္ကြန်” သီချင်းကိုလည်း ရေးစပ်ခဲ့သည်။တကယ်တော့ ထိုနှစ်က မန္တလေးသားတွေ ရန်ကုန်ရေသဘင် ဆင်နွှဲခဲ့ကြသော်လည်း မန္တလေးရေသဘင်၏ အသံ၊ သီချင်း၊ မြင်ကွင်းများကို ရန်ကုန်သားများက ထိတွေ့ ရင်းနှီး နှစ်သက်ပြီး ဖြစ်နေကြပြီ။ အဘယ်ကြောင့်ဆိုသော် ကိုအံ့ကြီး၊ ကိုဘဦးတို့ ဘီတီဘရားသား အဖွဲ့က သူတို့၏ ပြင်ဦးလွင်ချောင်းကွေ့ရှိ ဘီတီကော်ဖီခြံများမှ ကော်ဖီပင်များ စိုက်ပျိုးပုံ၊ ပြုစုပျိုးထောင်ပုံ၊ ရှမ်းပျိုဖြူလေးများ ကော်ဖီခူးကြပုံ၊ ကော်ဖီစေ့များကို အမှုန့်အထိ အဆင့်ဆင့် စီမံဆောင်ရွက်ပုံများကို အဆစ်အပိုင်း ကျနစွာ ရုပ်ရှင်ကားတိုလေး ရိုက်ကူးပြီး ဘီတီကော်ဖီ အား ကြော်ငြာသည်။ ထိုရုပ်ရှင်ကားပိုင်းတိုလေးမှာ မန္တလေးသင်္ကြန် မြင်ကွင်းကိုလည်း နောက်ခံသီချင်းများဖြင့် ရိုက်ကူးထည့်သွင်းထား၏။ ကော်ဖီထုတ်လုပ်ပုံ၌ ကိုဘဦး၏ အပြောကလေးကို နောက်ခံဂီတသံဖြင့် ဖြူးပေးကာ မန္တလေးသင်္ကြန် အခန်း၌ ကိုအံ့ကြီး၏ အဆိုတွင် တူးပို့တူးပို့ သံမြိုင်မြိုင်ဖြင့်““ရွှေမန်းတောင်ရိပ်ခို”” သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တီးမှုတ်ထားသည်။ အဆိုကောင်း၊ အတီးကောင်းနှင့် မြင်ကွင်းသစ်၊ အသံသစ်မို့ ဘီတီ ဘုရားသား ရုပ်ရှင်ကားပိုင်း တိုကလေးက ရန်ကုန်မှာ ရေပန်းစားနေသည်။ ထို့ကြောင့် ဆရာ မြို့မငြိမ်းတို့ ရန်ကုန်ရေသဘင်တွင် ပါဝင် ဆင်နွှဲကြသောအခါ ရန်ကုန် က အထူး အားပေးခဲ့ကြသည်။ ထိုနှစ်က “ငြိမ်းချမ်းရေး ရေသဘင်”သီချင်းအသစ်အပြင် ရန်ကုန်က ရင်းနှီးကျွမ်းဝင်ပြီး ““ရွှေမန်းတောင်ရိပ်ခို”သီချင်းကိုလည်း အထူးပွဲတောင်းခံရသော ကြောင့် ““ရွှေမန်းရေယာဉ်”” အလှပြယာဉ်ပေါ်မှ ဆရာမြို့မငြိမ်း၏ ရှေ့မှောက်မှာပင် “‌ရွှေမန်းတောင်ရိပ်ခို”” သီချင်းကို တွင်တွင်ကြီး သီဆိုဧည့်ခံ ပေးခဲ့ကြရလေသည်။
၁၉၄၇ ခုနှစ် သင်္ကြန်အတွက် စတင်ရေးစဉ်က ““ခင့်ငွေငန်းလာပြီကွယ် ဆီးကြိုလှည့် ကွယ်”” ဟူသော စာသားတွင် ရန်ကုန်မြို့ ““ရွှေမန်းရေယာဉ်”” အလှပြယာဉ်ပေါ်မှ သီဆိုသော အခါ ““ခင့်ရွှေမန်းလာပြီကွယ် ဆီးကြိုလှည့်ကွယ်”” ဟုပဲ ပြောင်းလဲ သီဆိုခဲ့၏။
ဆူးငှက်
××××× ×××××

Related posts

Leave a Comment

VOM News

FREE
VIEW