ဒီဇင်ဘာ ၁ ၊ ၂၀၂၅
GG (VOM)
မိုးကုတ်မြို့ကို အစိုးရတပ်တွေ ဝင်ရောက်ပြီး တရက်အကြာမှာပဲ ဒေသတွင်းလက်နက်ကိုင် PDF တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မိုးကုတ်မြို့ခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့နဲ့ နှစ်မိုင်လောက်သာ ကွာဝေးတဲ့ ကျေးရွာဘက်မှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး အစိုးရတပ်ဘက်က မြေပြင် ပစ်ခတ်မှုအပြင် ဒရုန်းတိုက်ခိုက်မှုလည်း လုပ်နေတယ်လို့ သိရပါတယ်။
” ဆက်အင်းပြန့်ရွာ ဒလ၀န်ကုန်းမှာ ဖြစ်နေတာပါ ။ မိုးကုတ်မြို့ကနေ ချောင်းကြီးရွာသွားတဲ့လမ်းမှာ ဖြစ်နေတာပါ။ PDF တွေ ဆုတ်ပေးလိုက်ရတဲ့ လမ်းကြောင်းဘက်ကို စစ်တပ်က တိုးရင်းကနေ တိုက်ပွဲဖြစ်တာ ။ ခုထိဖြစ်နေတယ် ညောင်သုံးပင်ကျောင်းကနေ စစ်တပ် ဘက်က ဒရုန်း နှစ်စီးနဲ့ ဆက်အင်းဘုန်းကြီး ကျောင်းနား တ၀ိုက်အတက်အဆင်းလုပ်ပြီးကြဲနေတယ် ။” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံကပြောပါတယ်။
မိုးကုတ်မြို့ပြင်မှာ ဖြစ်နေတဲ့ တိုက်ပွဲကြောင့် မြို့ခံတွေအနေနဲ့ မြို့တွင်းမှာ အသွားအလာကြဲသွားသလို တိတ်ဆိတ်ငြိမ်သက် နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မိုးကုတ်ရောက်ရှိနေတဲ့ အစိုးရတပ်တွေက လက်နက်ကြီး ပစ်ခတ် အသုံးပြုနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ မြို့ခံ ကပြောပါတယ်။
“လတ်တလောမှာတော့ မြို့လယ်ခေါင် တည့်တည့်က ဘောလုံးကွင်းထဲမှာ ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေ ဆင်နေတယ် ။ ခုဖြစ်နေတဲ့ နေရာက မြို့နဲ့နီးတော့ အကုန်မြင်နေရတယ် ။ မြို့ထဲတိတ်ဆိတ်သွားတယ်။ ” လို့ မြို့ခံက ပြောပါတယ်။
အစိုးရတပ်တွေဟာ TNLA လုံခြုံရေးပေးမှုကြောင့် မိုးကုတ်မြို့ကို နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းမှာ ကားတန်း အစီး ၁၀၀ လောက်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိလည်း မြို့ထဲမှာ TNLA တပ်တွေ ရှိနေသေးကြောင်း သိရပါတယ်။
မိုးကုတ်မြို့ ပြင်ဘက်မှာတော့ PDFတွေက နေရာယူထားဆဲ ဖြစ်တာကြောင့် လက်ရှိမှာ အစိုးရတပ်နဲ့ PDF အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေပူးပေါင်းပြီး ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး သိမ်းပိုက်ပြီး တနှစ်ကျော်အကြာမှာ မိုးကုတ်မြို့ကို အစိုးရတပ်ဆီကို TNLA က ပြန်လည် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
မိုးကုတ်မြို့ကို TNLA ထိန်းချုပ်ထားတဲ့ တနှစ်ကျော် ကာလအတွင်းမှာ လေကြောင်းကနေ ဗုံးကြံ တိုက်ခိုက်ခံရမှု ဖြစ်စဥ်ကြောင့် လူသေဆုံးမှု အများအပြားရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူ နဲ့ နေအိမ် အဆောက်အဦ ၊ ဘာသာရေး အဆောက်အအုံတွေလည်း ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ ( နိုဝင်ဘာ နောက်ဆုံးပတ်တုန်းက မိုးကုတ်မြို့ရဲ့ မြင်ကွင်းပုံ)
