နိုဝင်ဘာ ၂၉၊ ၂၀၂၅။
NN(VOM)
မိုးကုတ်မြို့အဝင်အထွက်လမ်းတွေနဲ့ မြို့တွင်းအဓိကလမ်းတွေကို TNLA တပ်ဖွဲ့က ပိတ်ထားလိုက်ပြီလို့ မိုးကုတ်မြို့ခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့ မနေ့မနက်ပိုင်းကတည်းက လမ်းတွေ ပိတ်ထား တာဖြစ်တယ်လို့ မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။
“စစ်တပ်ဝင်လာရင် မတော်တဆ တိုက်ပွဲဖြစ်ပြီး လူတွေ ထိခိုက်မယ်ဆိုပြီး လမ်းတွေ ပိတ်ထားတယ်လို့ သူတို့ ပြောတယ်။ မြို့အဝင်အထွက်တွေ ပိတ်ထားတယ်”
ဒီနေ့မှာတော့ မြို့ထဲက TNLA တပ်ဖွဲ့တွေ ထပ်ပြီး ရွှေ့ပြောင်းနေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
မြို့ထဲမှာ ကျန်နေတဲ့ မြို့ခံတွေလည်း ဒီနေ့ထပ်ပြီး ရွှေ့ပြောင်းနေကြပြီး မြို့တွင်း ကျန်နေသူတွေကတော့ စိုးရိမ်စိတ်နဲ့ နေနေရတယ်လို့ ဆိုပါတယ်။
“မြို့ကြီးက တိတ်ဆိတ်ခြောက်ကပ်ပြီး လူကို မရှိတော့တာ။ အားလုံး ထွက် သွားကြပြီ။ ဘာတွေဆက်ဖြစ်လာမလဲ မသိတော့ဘူး။ စိုးရိမ်စိတ်တော့ ဖြစ် တာပေါ့” ဟု မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ မိုးကုတ်ကို TNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ကုန်ပိုင်းမှာ အစိုးရတပ်နဲ့ TNLA တို့ အပစ်အခတ် ရပ်စဲပြီးနောက် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို TNLA တပ်ဖွဲ့က အစိုးရကို ပြန်လွှဲမယ်လို့ ထုတ်ဖော်ပြောဆို ထားတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့ကို အစိုးရတပ်က ဒီရက်ပိုင်းအတွင်း ပြန်ဝင်လာဖို့ရှိနေပြီး မြို့တွင်း က PDF တပ်ဖွဲ့တွေကတော့ ပြီးခဲ့တဲ့ရက်တွေက ဆုတ်ခွာသွားခဲ့ပြီလို့ မြို့ခံတွေ က ပြောပါတယ်။
တချို့ကောလာဟလသတင်းတွေအရ အစိုးရဝန်ထမ်းတချို့ မိုးကုတ်ထဲစိမ့်ဝင်နေတယ်လို့ဆိုပေမယ့် ဒီမနက်ထိတော့ မြို့ထဲကို အစိုးရတပ်တွေ မရောက်ရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
