မန္တလေး၊ နိုဝင်ဘာ- ၂၉- ၂၀၂၅
Voice Of Myanmar
မြန်မာ့ယဥ်ကျေးမှုနဲ့ အနုပညာပမာဏ အကြီးမားဆုံးဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအသင်း ဟာ အခု ၂၀၂၅ ခုနှစ် မှာ နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တာကြောင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံ ခမ်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မန္တလေးမြို့က ရပ်မိရပ်ဖတွေနဲ့ မန္တလေးသူ မန္တလေးသားတွေအပါအဝင် မြို့က မ ကြတဲ့ အသင်းကြီးမို့ မြို့မအသင်းကြီး လို့ နာမည်တွင်ခဲ့တဲ့အကြောင်းတွေနဲ့ မြို့မအသင်းရဲ့ သမိုင်း ကြောင်းတွေကို အသင်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာလှခိုင် က ပြောကြားခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ မြို့မအသင်းက ဥက္ကဋ္ဌ ဒေါက်တာလှခိုင်နဲ့အတူ ဧည့်ပရိတ်သတ်များစွာ တက်ရောက်ခဲ့ပါတယ်။
မြို့မအပျော်တမ်းတူရိယာအသင်းရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဖိတ်ခေါ်သီချင်းဆိုပြိုင်ပွဲကနေ ဆုရရှိခဲ့တဲ့ မချောစုလင်း နှစ်သိမ့်ဆု ၇၊ မလင်းလက်နွယ် နှစ်သိမ့်ဆု ၆၊
ဦးငြိမ်းချမ်း နှစ်သိမ့်ဆု ၅ တို့ကို ဆုငွေ တဦး ၅ သိန်းကျပ်၊ ဦးသက်နိုင် နှစ်သိမ့်ဆု ၄၊ မနှင်းရွှေရည် နှစ်သိမ့်ဆု ၃၊မမြသီတာ နှစ်သိမ့်ဆု ၂၊ ရတနာသန့် နှစ်သိမ့်ဆု ၁ တို့ကို ဆုငွေ တဦး ၁၀ သိန်းကျပ် ဆီ ပေးအပ်ခဲ့ပါတယ်။
တတိယဆုရရှိတဲ့ ဒေါ်ကြူကြူခိုင် ကို ဆုတော်ငွေ ၂၅ သိန်း၊ ဒေါက်တာဖြိုးဝေ ဒုတိယဆု သိန်း ၅၀ ကျပ်၊ ဒေါ်ချောချစ်ရတနာ ပထမဆု ကျပ်သိန်း ၁၀၀ အသီးသီး ရရှိခဲ့ကြပါတယ်။
မြို့မအပျော်တမ်းတူရိယာ အသင်းကို ၁၉၂၅ ခုနှစ်ကအလင်္ကာကျော်စွာ မြို့မငြိမ်း ဦးဆောင်ပြီးတော့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
၁၉၂၈ ခုနှစ်မှာ မန္တလေး ဆိုင်းတန်းရပ်က ဦးတော်လုံ ကို အမှူးပြုပြီး ဦးကျော်ငြိမ်း(မြို့မငြိမ်း)၊ ဦးကြီးငွေ၊ ဦးသန့်ဇင်၊ ဦးရင်ကလေးတို့က ဒါးတန်း ဦးသန့်နေထိုင်တဲ့ ဒါးတန်းဝင်းအတွင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။
မြို့မ အပျော်တမ်းတူရိယာအသင်းရဲ့ ပထမဆုံး အဆိုတော်တွေကတော့ ဦးညီနှင့် ဦးဖူးအံ့တို့ ဖြစ်တယ်လို့သိရပါတယ်။ အရင်က ဒါးတန်းဝင်းမှာ အသင်းတည်ရှိခဲ့ပြီး ခုအခါ ၈၆-လမ်းနှင့် ၂၁ လမ်းထောင့်မှာ မြို့မ အပျော်တမ်း တူရိယာအသင်း တည်ရှိပါတယ်။
မန္တလေး မြို့မသီချင်းများကို တေးပြုစာဆို ဆရာ မြို့မငြိမ်း ၊ ဆရာ ဦးဘသိန်း ၊ မြို့မ ဦးရင်လေး ၊ မြို့မ ကိုပေါ ၊ ဦးရွှန်းမြိုင် တို့က အဓိကရေးသားခဲ့ကြပါတယ်။
မြို့မ နှစ်၁၀၀ပြည့်ပွဲမှာ မြို့မအသင်း ဥက္ကဋ္ဌ ဒေါက်တာလှခိုင်နဲ့ မန္တလေးစည်ပင်သာယာရေးကော်မတီပြန်ကြားရေးဌာနမှူး ဦးတင်ထွန်းဦးတို့ကို VOM က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ရိုက်ကူး တည်းဖြတ် – ရှိုင်းအောင် (VOM)
