ယခုရက်ပိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ USDP ပါတီဝင်အပါ လူခုနှစ်​​ယောက် အသတ်ခံရ

နိုဝင်ဘာ ၂၉ ၊ ၂၀၂၅
GG (VOM)
ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး နဲ့ ပြည်နယ်အချို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင် အပါအဝင် လူခုနှစ်ယောက် အသတ်ခံခဲ့ရတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ရှမ်းပြည်နယ် ၊ မကွေးတိုင်း ၊ တနင်္သာရီတိုင်း ၊ မန္တလေးတိုင်း တို့မှာရှိတဲ့ မြို့နယ်အချို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ မန္တလေးတိုင်း ၊ မလှိုင်မြို့နယ် ၊ သဲကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမြင့် နဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်ဖြစ်သူ ဦးသိန်းဇော်တို့ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်အထိ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ အဲဒီနေ့မှာပဲ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်း ကျေးရွာမှာ နေထိုင်တဲ့ ဦးမင်းဇော် နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြိုင် ၊ ဦးကြည်ဝင်း တို့သုံးယောက်ကိုလည်း လက်နက်ကိုင်အဖွဲ့ တခုက နေအိမ်အထိလာရောက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
” ဟုတ်တယ် ။တနေ့က မနက်ပိုင်းမှာ အိမ်ကို ဝင်ပစ်သွားတာ လို့သိရတယ် ။ ဆိုင်ကယ်နှစ်စီး နဲ့ ရောက်လာပြီး ပစ်သွားတာ ။ မိသားစု သုံးယောက်လုံးသေတယ်။ လင်မယားနှစ်ယောက်နဲ့ မောင်ဖြစ်သူပေါ့ ။ ” လို့ တောင်တွင်းကြီး ဒေသခံက ပြောပါတယ် ။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း တပင်ပျော်ကျေးရွာမှ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးသက်နိုင်ထွန်းဆိုသူကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် သေနတ်နဲ့ပစ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် ၊ပလုံးကျေးရွာမှာလည်း နိုဝင်ဘာလ ၂၆ ရက်ညက ဒေါ်မူမူဆိုတဲ့ အမျိုးသမီးရဲ့ နေအိမ်ကို လက်နက်ကိုင် အဖွဲ့တခုရောက်ရှိလာပြီး ဖမ်းဆီးကာ ကျေးရွာ တံတားအနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့မှု ရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးတင်ကိုကိုဦး ဆိုသူကို လက်နက်ကိုင်အဖွဲ့တခုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
မကွေးတိုင်း ၊ ပခုက္ကူမြို့မှာလည်းနိုဝင်ဘာ ၂၅ ရက်နေ့ ကပဲ မကွေးတိုင်း ၊ ပခုက္ကူမြို့က အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူကိုလည်း လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW