ရှေးဟောင်း ကားတွေကို သတ်မှတ်ဒဏ်ကြေးနဲ့ ပြန်လည်မှတ်ပုံတင်ခွင့်ပြု၊ လက်ရှိကားဈေးကွက်အပေါ် ရိုက်ခတ်မှု မရှိနိုင်

နိုဝင်ဘာ ၂၉ – ၂၀၂၅
SS (VOM)
ရှေးဟောင်း Classic ကားတွေကို မှတ်ပုံတင် ပြန်လည် ခွင့်ပြုပေးခြင်းက ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
မှတ်ပုံတင် ဖျက်သိမ်းပြီးတဲ့ ရှေးဟောင်း Classic ကားတွေကို သတ်မှတ်ဒဏ်ကြေးနဲ့ မှတ်ပုံတင် ပြန်လည် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ ကားဈေးကွက် အတွင်းမှာ ကားဈေးနှုန်း အတက်အကျတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။
ဒါနဲ့ပတ်သက်လို့ ဦးကျော်စွာထွန်းမြင့်က “အဲဒါကတော့ လိုရာဆွဲတွေး၊ လိုရာဆွဲရေးကြတာပေါ့။ ဒီရှေးဟောင်းကားတွေကို မပျောက်ပျက်အောင် နိုင်ငံတော်ကနေ ဖြေလျော့ပြီး မှတ်ပုံတင် ပြန်ပေးတယ် ဆိုတာလည်း လမ်းပေါ်မှာလည်း ပြန်မောင်းတဲ့သူ ရှိပြီးတော့ Road City အရ ခွင့်ပြုလို့ရတဲ့ ကားတွေကို နဂို ကညန မှတ်ပုံတင်သက်တမ်း ပျောက်ပျက်သွားတဲ့ ကားတွေကို ပြန်ပေးတာ ဖြစ်တဲ့အတွက် ကားဈေးကွက်အပေါ်မှာ ထိခိုက်ဖို့ ဘယ်လိုအကြောင်းနဲ့မှ မရှိပါဘူး။ ဈေးတက်လာစရာ အကြောင်းလည်း မရှိသလို၊ ကျလာစရာ အကြောင်းလည်း မရှိပါဘူး” လို့ ပြောပါတယ်။
အခုလို ရှေးဟောင်း Classic မော်တော်ယာဉ်တွေကို မှတ်ပုံတင် ပြန်လည်ခွင့်ပြုပေးတဲ့ ကိစ္စရပ်ဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို သမိုင်းမှတ်တမ်းတွေမှာ ထားရှိလို့ရအောင်သာ လုပ်ဆောင်ခြင်း ဖြစ်တဲ့အတွက် မည်သူ့ကိုမျှ ထိခိုက်မှု ရှိနိုင်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။
“အမှန်တော့ ဒါက သူ့ဘာသာသူ သီးသန့်တလိုင်း သွားတာပါ။ အခုမှမဟုတ်ဘူး။ အရင်ကတည်းကလည်း Classic ကားက Classic တလိုင်းသွားတာ။ ရှေးဟောင်းကား လုပ်တဲ့အဖွဲ့ကလည်း သူ့ group နဲ့သူပေါ့။ ဒါကြောင့် ကျွန်တော့် တယောက်တည်းရဲ့ အမြင်အရတော့ ဘယ်သူ့ ဘယ်သူကိုမှ ထိခိုက်မှု မရှိနိုင်တဲ့အတွက် ဒါကို ကြိုဆိုပါတယ်။ နွေးနွေးထွေးထွေး ကြိုဆိုဖို့ ကောင်းမွန်တဲ့ ခွင့်ပြုချက်တရပ်လို့ မြင်တယ်။ ဒါက ကားဈေးအပေါ်မှာ ရိုက်ခတ်မှု လုံးဝ (လုံးဝ) မရှိဘူးလို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း ဖြစ်ရိုးဖြစ်စဉ်အရ အခုလို နှစ်တနှစ်ကုန်ခါနီး အချိန်တိုင်းမှာ ကားနဲ့ပတ်သက်တဲ့ မူဝါဒတွေ၊ Model Year သတ်မှတ်ချက်တွေ၊ CIF (Cost, Insurance, Freight) တန်ဖိုး သတ်မှတ်ချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် ကားဈေးနှုန်း အတက်အကျကို ဆိုရှယ်မီဒီယာတွေ၊ လေလှိုင်းပေါ်တွေမှာ အမျိုးမျိုး ရေးသား၊ ပြောဆိုနေကြတာတွေ နှစ်စဉ် ရှိနေတတ်တယ်လို့ ဆိုပါတယ်။
“ဒီကြေညာချက် ထုတ်တာကလည်း ကျွန်တော် သိသလောက်ကတော့ တတိယအကြိမ်လား မသိဘူး။ အခုမှ အဆန်းတကြယ် ကြေညာတာတော့ မဟုတ်ဘူး။ ဒီနှစ်မှာတော့ ရေးစရာမရှိလို့ Classic ကားကို ခေါင်းစဉ်တပ်ရေးတာလို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။ အဓိက ကတော့ ကားဈေး ကျခြင်း၊ တက်ခြင်းက လက်ရှိ ကားတင်သွင်းတဲ့ မူဝါဒအရရော၊ လက်ရှိ ခွင့်ပြုနေတဲ့ Automobile Policy နဲ့ သွားနေတဲ့ မူဝါဒအရရော ကားဈေးကွက်ကတော့ ကားဈေးတွေ မတရားတက်မယ်၊ ထိုးကျမယ် ဆိုတဲ့ အပြောင်းအလဲမျိုး ဖြစ်ပေါ်လာဖို့ အခြေအနေ မရှိဘူးလို့ပဲ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ၂၀၂၂ ခုနှစ်မှာ တကြိမ်၊ ၂၀၂၄ ခုနှစ်မှာ တကြိမ်၊ ရှေးဟောင်း Classic မော်တော်ယာဉ်တွေကို မှတ်ပုံတင် ပြန်လည် ခွင့်ပြုပေးမယ်လို့ ကြေညာခဲ့တာ တွေ့ရပါတယ်။
ဝန်ကြီးဌာနရဲ့ လက်ရှိ ကြေညာချက်မှာလည်း အရင်နှစ်တွေကအတိုင်း ဒီအစီအစဉ်အတွက် အကျုံးဝင်တဲ့ ယာဉ်တွေကို ၁၉၈၀ Model နဲ့ ရှေ့ပိုင်းထုတ် (သက်တမ်းတိုး ပျက်ကွက်တာကြောင့် မှတ်ပုံတင် ဖျက်သိမ်းပြီးဖြစ်တဲ့) ယာဉ်တွေ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ကန့်သတ်ချက် အနေနဲ့ကတော့ အရင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) မှာ မူလ မှတ်ပုံတင် ထားရှိခဲ့ဖူးတဲ့ ယာဉ်တွေသာ ဖြစ်ရမှာဖြစ်ပြီး မှတ်ပုံတင် လုံးဝ မရှိခဲ့ဖူးတဲ့ ယာဥ်တွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့လည်း ဦးကျော်စွာထွန်းမြင့်က “မှတ်ပုံတင်ထားပြီး မှတ်ပုံတင် ဖျက်သိမ်းခံထားရတဲ့ ကားတွေပေါ့။ ငါးနှစ်ကျော် သက်တမ်းတိုးထားခြင်း မရှိတဲ့ကားတွေ၊ နောက် ကညနရုံးနဲ့ အဆက်အသွယ် ပြတ်နေတဲ့ ကားတွေကို ပြန်ပြီးတော့ မှတ်ပုံတင်ခွင့် ပေးတာပေါ့။ တချို့ မရှင်းတဲ့သူတွေကျတော့ ဒီလို Classic ကားမှန်ရင် မှတ်ပုံတင်လို့ရတယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ အဓိက ကတော့ ကညနမှာ ကနဦး မှတ်ပုံတင်ထားပြီးတော့မှ နှစ်ပျက်သွားတဲ့ ကားတွေကို ပြန်မှတ်ပုံတင်ဖို့ အခွင့်အရေးပေးတာပါ” လို့ ပြောပါတယ်။
Classic ကားတွေဟာ သမိုင်းမှတ်တမ်းအဖြစ် ထားရှိရမှာဖြစ်သလို သမိုင်းဝင်မှတ်တမ်း ရုပ်ရှင်တွေ ရိုက်ကူးတဲ့အခါမှာလည်း ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် ဒီကားတွေကို ထိန်းသိမ်းခြင်းအားဖြင့် နောင်လာနောက်သားတွေ အတွက်လည်း အကျိုးရှိစေမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ Classic ကားတွေကို ပြန်လည် မှတ်ပုံတင်မယ် ဆိုပါက အရင်နံပါတ်ဟောင်းကို ရနိုင်တော့မှာ မဟုတ်ဘဲ ရောက်ရှိယာဉ်အမှတ် (နံပါတ်အသစ်) ကိုသာ သတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။
ရှေးဟောင်း Classic မော်တော်ယာဉ်တွေ ပြန်လည် မှတ်ပုံတင် ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွေမှာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
မှတ်ပုံတင်ခွင့်အတွက် အသေးစိတ် အချက်အလက်တွေကို သိရှိလိုပါက www.motc.gov.mm နဲ့ www.myanmarrtad.com တို့မှာ ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW