နိုဝင်ဘာ ၂၄ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ လူငယ် ၂၃ ယောက် လူကုန်ကူးခံရပြီး ၁၆ ယောက် အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ ကူညီပေးနေသူတွေနဲ့ မိဘတွေဆီက သိရပါတယ်။
အသက် ၁၇ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ်ကြားရှိ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး သုံးယောက်၊ ပြီးခဲ့တဲ့ ဇွန်လအတွင်းက လူကုန်ကူးခံရတာဖြစ်ပြီး အဲဒီထဲက အမျိုးသား ၁၆ ယောက်ကတော့ လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ကူညီပေးနေသူက ပြောပါတယ်။
“ကျန်တဲ့သူတွေက အဆက်အသွယ်ရတယ်။ နောက်ဆုံးတသုတ်ပို့တဲ့ ၁၇ ယောက်မှာ တယောက်ကလည်း အဆက်အသွယ်ရပြီ။ သူ့ကို သူ့မိဘတွေက သိန်း ၃၀၀ ကျော်နဲ့ ပြန်ရွေးထားတယ်။ ကျန်တဲ့ ၁၆ ယောက်ကတော့ ခုထိ အဆက်အသွယ် မရသေးဘူး။ ဘယ်ကို ရောက်နေမှန်းလဲ မသိရသေးဘူး။ ဒါပေမယ့် တယောက်ကတော့ သူ့အမေကို ဘယ်ဖုန်းနဲ့ ဆက်လိုက်လဲမသိဘူး။ သူတို့တော့ အရောင်းခံလိုက်ရပြီ၊ တယောက်ကို သိန်း ၆၀၀ ဆိုလား၊ ၆၀၀၀ နဲ့ဆိုလားပြောသွားတယ်တဲ့၊ ကျန်တာတော့ ဘာမှမပြောဘဲ ဖုန်းချသွားတယ်လို့ ပြောတယ်။ ဘယ်ရောက်နေတယ် ဆိုတာလည်း မသိလိုက်ရဘူး။ ဘယ်လိုမှကို ဆက်သွယ်လို့ မရတော့ဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဂန့်ဂေါဒေသဟာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ စိုးမိုးတဲ့ နယ်မြေဖြစ်တာကြောင့် ပျောက်ဆုံးနေတဲ့ ၁၆ ယောက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီမှာ အမှုဖွင့်ပြီး လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ငွေကြေး လိမ်လည်မှုတွေနဲ့ တရားစွဲဆိုထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းမထူးသေးဘူးလို့ သူက ပြောပါတယ်။
“ပြည်သူ့လုံခြုံရေး (ပလဖ) မှာ အမှုဖွင့်ပြီး တရားစွဲဆိုထားတာကလည်း သူတို့က အထက်ကို တင်ထားလိုက်ပြီ၊ ဥပဒေရေးရာကို တင်ထားလိုက်ပြီ ပြောတယ်။ ဒါကြောင့် ဥပဒေရေးရာက လူကြီးတွေနဲ့ သွားတွေ့လိုက်တော့လည်း အမှုက ဒီဘက်ကို ဘာမှ ရောက်မလာသေးဘူးပြောတယ်။ အဲဒါနဲ့ ပြန်လာပြီး ပလဖ ကို သွားပြောတော့ သူတို့ လွှဲလိုက်ပြီ၊ လူချင်းလည်းတွေ့ပြီး ပြောပြီးပြီပြောတယ်။ အဲဒါဆို အမှုက ကြားထဲတင် ပျောက်နေတာလား ဆိုတော့၊ အဲဒါက သူတို့ (ဥပဒေရေးရာ) ကို ပြောထားတယ်။ နောက်ပြီး တိုက်ရိုက်လည်း ချိတ်ဆက်ပေးပြီး ပြောခိုင်းပါ့မယ်လို့ ပြောတယ်။ အခုအချိန်အထိတော့ ကျွန်တော်တို့ဆီ ဘာမှ အကြောင်းပြန်တာ မရှိသေးဘူး” လို့ သူက ပြောပါတယ်။
အဲဒီလို တရားစွဲဆိုထားမှုကို ပြီးခဲ့တဲ့ ဇွန်လ လကုန်ပိုင်းကတည်းက ပြုလုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အချိန်ကာလ လေးလနီးပါး ကြာမြင့်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခု နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဒုတိယအကြိမ် တိုင်စာ ထပ်မံ ပေးပို့ထားပေမယ့်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
“အခုက အမှုကျူးလွန်တဲ့သူနဲ့ တရားသူကြီး တယောက်ကလည်း ဆွေမျိုးမကင်းတဲ့သူတွေ ဖြစ်နေတော့ ဒါကြောင့်များ တရားဥပဒေကို လက်တလုံးခြား လုပ်နေတာလားလို့ ယူဆရတယ်” လို့ သူက ပြောပါတယ်။
ဒုတိယတခေါက် တိုင်စာပို့တဲ့အခါ သက်သေတွေ လိုတယ်လို့ ပြောလာပြီး သက်သေလိုက်ရမယ့် သူတွေရဲ့ အသက်၊ မှတ်ပုံတင်၊ အိမ်ထောင်စုမိတ္ထူ၊ မိသားစုမှာ မွေးချင်း ဘယ်နှစ်ယောက်ရှိတယ် ဆိုတဲ့ အချက်အလက်တွေကို တောင်းခံလာတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့က မပေးလိုက်နဲ့လို့ ပြောလိုက်တယ်။ အာမခံ သွားထုတ်မယ့်သူတွေ မဟုတ်ဘူးလေ။ ရုံးပေါ်မှာရောက်မှ သက်သေက ထွက်ဆိုရမှာ ဖြစ်တဲ့အတွက် ဒီကြားထဲမှာ ဘာမှ လုပ်ပေးစရာအကြောင်း မရှိဘူးလို့ ပြောလိုက်တယ်” လို့ သူက ပြောပါတယ်။
လူကုန်ကူးခံရသူတွေဟာ ဂန့်ဂေါနယ်ရှိ ပန်းထိပ်၊ စံပယ်၊ ဘီလင်း၊ ခေါက်ခူ၊ စမြိတ်၊ မင်းရွာ စတဲ့ ကျေးရွာ ခြောက်ရွာက လူငယ်တွေဖြစ်ပြီး ပွဲစားတွေဖြစ်တဲ့ ဦးဖိုးနီနဲ့ ဒေါ်စုမြတ်နိုင် (ခ) မမငယ် တို့က ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
“မမငယ် ဆိုတာက တရားဝင် အေးဂျင့် လုပ်နေတာမဟုတ်ဘူး။ မလေးရှားမှာ suprise box တွေ လုပ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်နေတာ။ မလေးရှားမှာ သူ့ကို သိကြတာတော့ မမငယ်အနေနဲ့ပဲ သိကြတယ်။ သူက ပန်းထိပ်ရွာသူပဲ။ သူ့အစ်မအရင်းကလည်း မလေးရှားမှာ ရှိတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး လူကုန်ကူးတာ လုပ်နေတာ” လို့ နောက်ထပ် ကူညီပေးနေသူ တယောက်က ပြောပါတယ်။
ပွဲစားတွေက မလေးရှားမှာ ဗီဇာသက်တမ်း နှစ်နှစ် ရအောင် ပြုလုပ်ပေးမှာ ဖြစ်သလို လစာ ၁၇ သိန်း၊ ၁၈ သိန်းနဲ့ အလုပ် လေးမျိုးလည်း ရမှာဖြစ်ပြီး နေဖို့၊ စားဖို့လည်း အကုန်စီစဉ်ပေးမယ်လို့ ဆိုကာ တယောက်ကို သိန်း ၉၀ နဲ့ ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပထမတသုတ်မှာ ယောင်္ကျားလေး တယောက်နဲ့ မိန်းကလေး သုံးယောက်၊ ဒုတိယတသုတ်မှာ ယောင်္ကျားလေး သုံးယောက်နဲ့ မိန်းကလေး တယောက်၊ တတိယတသုတ်မှာ ယောင်္ကျားလေးချည်းပဲ ၁၇ ယောက် ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပထမဆုံးပို့တဲ့ လေးယောက်မှာ ပွဲစားရဲ့ သားနဲ့ သမီးလည်း ပါတယ်။ သူတို့ကတော့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့ မိန်းကလေးနှစ်ယောက်ကတော့ ရောင်းစားခံလိုက်ရတယ်။ အသက် ၁၆၊ ၁၈ အရွယ်လေးတွေ။ မကောင်းတဲ့ နေရာကို ပို့ခံရတော့မယ် ဆိုတာလည်းသိရော အဲဒီနေရာကနေ ရအောင် ထွက်ပြေးလာကြတယ်။ အခု သူတို့အမေရဲ့ အသိမိတ်ဆွေဆီမှာ ရောက်နေတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ အဲဒီ မိန်းကလေးနှစ်ယောက်ဟာ မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အထောက်အထားတွေ မရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး မြန်မာနိုင်ငံဘက်ကို ပြန်လာနိုင်ဖို့အတွက်လည်း လမ်းခရီး လုံခြုံရေးပိုင်း အခက်အခဲတွေ ရှိနေတာကြောင့် ပြန်လာနိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ အဲဒီ မိန်းကလေး နှစ်ယောက်ရဲ့ မိခင်ဖြစ်သူက “ကျွန်မ မိတ်ဆွေတွေက ခေါ်ထားတယ် ဆိုပေမယ့် အခုအခြေအနေကလည်း မလုံခြုံသေးပါဘူး။ ပွဲစားတွေကလည်း နေတဲ့နေရာ သိနေတော့ သူတို့ကို လိုက်ချောင်းနေတယ်လို့ ပြောတယ်။ ဓာတ်ပုံတွေလည်း လိုက်ရိုက်တယ်တဲ့။ ဘာလုပ်မလို့လဲတော့ မသိဘူး။ ရတဲ့နေရာမှာ အလုပ် ဝင်လုပ်ရင်လည်း အဲဒီအလုပ်မှာ ဆက်ပြီးမလုပ်ရအောင် နှောင့်ယှက်တာမျိုးလည်း ရှိတယ်။ သူတို့ မလေးရှားကို ရောက်ခါစတုန်းကလည်း ဂိုထောင်လို နေရာမျိုးမှာ နှစ်လလောက် ပိတ်လှောင်ခံထားရတာ။ အဲဒီနေရာကနေ လွတ်အောင် ထွက်ပြေးလာရတာ” လို့ သူက ပြောပါတယ်။
ဒါအပြင် ၎င်းဆီကိုလည်း messenger ကနေတဆင့် စာတွေပို့ကာ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး ခြိမ်းခြောက် တောင်းခံနေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ကျွန်မကလေး တယောက်စာအတွက် သိန်း ၉၀ ကို သူတို့ စိုက်ပေးထားတာ ရှိတယ်။ အလုပ် လုပ်ရင်း ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ ပြောထားတာ။ အဲဒီပိုက်ဆံရယ်၊ နောက် မလေးရှားကိုသွားရင်း လမ်းမှာ အဖမ်းခံလိုက်ရတာ ရှိတော့၊ အဲဒီမှာ အဝတ်အစားတွေ ကျန်ခဲ့တော့ သူတို့က အဝတ်အစား ပေးထားတယ်။ အဲဒီ အဝတ်အစားဖိုးတွေလည်း ပြန်တောင်းတယ်။ မပေးရင် ရပ်ရွာလူကြီးကနေတဆင့် ယာတွေသိမ်းမယ်။ ကလေးတွေကိုလည်း မကောင်းတဲ့နေရာ ပို့ပစ်မယ်လို့ပြောတယ်” လို့ သူက ပြောပါတယ်။
ဒုတိယအသုတ်မှာ လူကုန်ကူးခံလိုက်ရတဲ့ ယောင်္ကျားလေး သုံးယောက်နဲ့ မိန်းကလေး တယောက်ကတော့ မလေးရှားမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပြီး ဥပဒေအရ တရားမဝင် ဝင်ရောက်မှု ဖြစ်တဲ့အတွက် အဲဒီနိုင်ငံက လူဝင်မှုကြီးကြပ်ရေးရဲ့ တရားစွဲဆိုမှုနဲ့ ထောင်ဒဏ် သုံးလ ချမှတ်ခံလိုက်ရတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာတော့ သူတို့တွေဟာ လွတ်ရက်စေ့ပြီ ဖြစ်တဲ့အတွက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်ပြီး မလေးရှားနိုင်ငံမှ တာဝန်ရှိသူတွေက မြန်မာပြည်ဘက်ကို ပြန်လည် လွှဲအပ်ဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ထောင်ချခံလိုက်ရတဲ့ မိန်းကလေးတယောက်ရဲ့ မိခင်ဖြစ်သူက “ကျွန်မသမီးက ဇွန်လ ၂၆ ရက်နေ့မှာ ရွာကထွက်သွားတာ။ ဒီကြားထဲ အဆက်အသွယ်မရတော့ ပွဲစားတွေကို မေးတော့ ရှိတယ်၊ လုံခြုံတဲ့နေရာမှာထားတာ၊ ဖုန်းမကိုင်ရလို့ ဆိုတာပဲ ပြောတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ကျမှ သမီးက ဖုန်းဆက်တယ်။ သူထောင်ကျတော့မယ်၊ ပိုက်ဆံ သိန်း ၉၀ ကိုသာ ပြန်တောင်းတော့လို့ ပြောတယ်။ သူဖမ်းခံရတာ ပွဲစားတွေက လာလည်းမတွေ့ဘူးတဲ့။ အဲဒီတော့မှ သူလူကုန်ကူးခံရတယ် ဆိုတာကိုပါ သိရတာ” လို့ ပြောပါတယ်။
ဒါကြောင့် ပွဲစားတွေဆီမှာ ပိုက်ဆံ ပြန်တောင်းခဲ့ပေမယ့် မရခဲ့ဘဲ ကြိမ်းမောင်း ပြောဆိုမှုတွေကိုသာ ခံခဲ့ရပြီး ၎င်းရဲ့ သမီးဖြစ်သူကို မကောင်းတဲ့ နေရာကို ပို့ပစ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
“ကျွန်မတို့က ကိုယ့်ကလေးတွေလည်း ဒုက္ခရောက်ရတယ်။ ပိုက်ဆံလည်း ဆုံးရတယ်။ ခြိမ်းခြောက်၊ ဆဲဆိုတာလည်း ခံရတယ်။ အဲဒီလို ဖြစ်နေတာ။ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကလည်း အားမကိုးရဘူး” လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကူညီပေးနေသူက နောက်နောင်မှာ အခုလို ဖြစ်စဉ်မျိုးတွေ ထပ်မဖြစ်ရစေဖို့ ပြည်သူတွေအနေနဲ့ အစစအရာရာ သတိပြု ဆင်ခြင်စေချင်တယ်လို့ ပြောပါတယ်။
လက်ရှိ အချိန်ကာလဟာ ပြည်ပကို တရားဝင် သွားရောက်ဖို့တောင် မလွယ်ကူတဲ့ ကာလဖြစ်ပြီး ပွဲစားတွေက ဒါကို အခွင့်ကောင်းယူ အသုံးချနေတာကြောင့် တရားမဝင် နည်းလမ်းနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက်ဖို့ထက် မိသားစုနဲ့ ရှိနေတာသာ အကောင်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။
Photo – CJ
