ဆူးငှက်
မြန်မာ ကောဇာသက္ကရာဇ် ၁၃၁၃ ခုနှစ်အကူး မြန်မာသင်္ကြန်သည် ခရစ်နှစ် ၁၉၅၁ ခုနှစ်၊ ဧပြီလဖြစ်သည်။ ၁၃၁၃ ခုနှစ်၊ တန်ခူးလဆန်း ပထမပတ်သည် အတာသင်္ကြန်ကာလ ဖြစ်၏။ ထိုနှစ်သင်္ကြန်တွင်လည်း မန္တလေးမြို့၌ပင် နိုင်ငံတော် သမ္မတကြီးနှင့်အတူ (ထိုစဉ်က) နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် မိသားစုပါ၊ ပါဝင်ဆင်နွှဲကြသည်။ တိုင်းရင်းသားမျိုးနွယ်များပါ တပျော်တပါး ပါဝင်ဆင်နွှဲသဖြင့် မန္တလေးသင်္ကြန်သမိုင်း၌ “ပြည်ထောင်စုသင်္ကြန်” အဖြစ် ထင် ရှားခဲ့သည်။
ထို့ကြောင့် ယခင်နှစ် ၁၃၁၂ ခုနှစ်(၁၉၅၀) သင်္ကြန်က ငြိမ်းချမ်းရေးသင်္ကြန်။ ယခုနှစ် ၁၃၁၃ (၁၉၅၁) သင်္ကြန်က ပြည်ထောင်စုသင်္ကြန်အဖြစ် (၂)နှစ်ဆက်တိုက် ဆင်နွှဲခဲ့ခြင်းဖြစ် သည်။
မန္တလေးမြို့၏ ယခုထက်တိုင် လူကြီးသူများ ပြောစမှတ်ပြုခဲ့သော အလွန်စည်ကားလှ သည့် သင်္ကြန်များဖြစ်သည်။ ၁၃၁၃ ခုနှစ် (၁၉၅၁) ပြည်ထောင်စု သင်္ကြန်တွင် မန္တလေးမြို့မှ မြို့သူမြို့သားများက မည်သူမျှ တိုက်တွန်းစေခိုင်းချမှတ်ခြင်းကြောင့် မဟုတ်ဘဲ။ စုစည်းသင်းပင်းဖွဲ့ကာ သင်္ကြန် မတိုင်မီကပင် ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ အမျိုးသမီး ရေသဘင်များအဖြစ် ဝင်းလိုက်မယ်၊ ဟော်နန်းသူဇာ၊ နန်းရှေ့သူဇာ၊ မြနန်းနွယ်၊ ရွှေမန်းမေ၊ စိမ်းလဲ့လဲ့၊ ဝါဝါ၀င်း၊ မြသဇင်၊ လှမျိုး နွယ်၊ လှပျိုဖြူ၊ မြဝတီ၊ လှလှရီ၊ ရဲဝတ်ရည်၊ ငြိမ်းချမ်းမယ်၊ လှသဇင်၊ မင်္ဂလာမယ်၊ နွဲ့သဇင်၊ ရှုတိုင်းယဉ်၊ မြစိမ်းနွယ်၊ ဆင်းသိင်္ဂီ၊ လှသက်ဝေ၊ ပွဲညွန့်ယဉ်၊ နန်းညွန့်ခင်၊ ပုလဲသူဇာ၊ အုန်းရေ သဘင်၊ မန်းသူခင်ခင်၊ မြမာလာ၊ လှဒေဝီ၊ မျိုးမြင့်ခင်၊ မန်းရှင်မယ်၊ နွဲ့ယဉ်ယဉ်၊ ရွှေစဉ်မယ်၊ ပင့်ကူသူဇာ၊ မြသဇင်၊ ဒို့ခေတ်သူဇာ၊ စန်းငွေရောင်၊ ဂုဏ်မြင့်သူ၊ မြကေသီ၊ ကျောင်းသူမယ်၊ မနှင်းပွင့်၊ ချစ်ပန်းနွယ်၊ လင်းရောင်မယ်၊ ဆိုင်းတန်းရဲတပ်မယ်၊ မြဝတ်ရည်၊ ရေနန်းသူဇာ၊ ကြည်တင်မယ်၊ မန်းရွှေပြည်၊ ရွှေမန်းပျိုဖြူ စသည်တို့ ဖြစ်၏။အမျိုးသား အလှပြယာဉ်များမှာ မဟာနွယ်၊ ခင့်ဖူးစာ၊ ထီလာမောင်၊ ဥတ်္တရတိုင်း စစ်ဌာန ချုပ်၊ စံပြမယား၊ စတားမောင်၊ နန်းမြင့်မောင်၊ ဒို့လယ်သမား၊ ဘီအီးမောင်၊ လမ်းရုံးမောင်၊ ဟဲ…ဟဲ…ဟဲ၊ ရွှေစင်မောင်၊ ခင်တို့မောင်၊ ရွှေနန်းမောင်၊ ကြယ်နီရောင်၊ ပွဲခွန်မောင်၊ ထီလာရေသဘင်၊ မျိုးမြင့်ခင်၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ရေသဘင်၊ ရွှေမန်း မဟာရေသဘင်အဖွဲ့ချုပ်၊ ရွှေမန်းဗဟိုရ်မီးသတ်၊ မန်္တလေး ပြင်ဦးလွင်တက္ကစီ၊ ပျိုတို့မောင်၊ နေပြည်တော်၊ ဘီအိုစီရေသဘင်၊ ပြည်ထောင်စုလှေယာဉ်(နန်းရှေ့)၊ ဆေးရုံမောင်၊ ပုလဲမောင်၊ ခင့်မိတ်ဆွေ၊ ဝင်းစိုစို၊ တက်္ကသိုလ်၊ ချစ်သွေးညီ၊ နန်းရှေ့မောင်၊ ရဲဂုဏ်ရောင်၊ ကြယ်တာရာ၊ ပျို့မောင်တော်၊ ကျောင်းတော်ဗဟို၊ ဘုရင့်မောင်၊ ရွှေမန်းတော်၊ မြို့မနှင့် စောင်းကောက် (အမရပူရ A.M.B.A မော်တော်ယာဉ်အသင်း) ရေသဘင်အဖွဲ့တို့ ဖြစ်သည်။
မန္တလေးပြည်ထောင်စု သင်္ကြန်၌ အလှပြရေသဘင်အဖွဲ့များ ပါဝင်ဆင်နွှဲကြရာတွင် ပြည်ထောင်စု သွေးစည်းညီညွတ်ရေးနှင့် အမျိုးသားရေးလက္ခဏာများကို မတိုင်ပင်ကြရဘဲ အသင်းများ အဖွဲ့အများစုက စိတ်ပါလက်ပါ လိုလားဖော်ညွှန်းသည့် အမှတ်လက္ခဏာများဖြင့် အလှပြယာဉ်များကို ဆင်ယင်ခဲ့ကြ၏။ မန္တလေးပြည်ထောင်စု သင်္ကြန်၌ အလှပြရေသဘင်အဖွဲ့များ ပါဝင်ဆင်နွှဲကြရာတွင် ပြည်ထောင်စု သွေးစည်းညီညွတ်ရေးနှင့် အမျိုးသားရေးလက္ခဏာများကို မတိုင်ပင်ကြရဘဲ အသင်းများ အဖွဲ့အများစုက စိတ်ပါလက်ပါ လိုလားဖော်ညွှန်းသည့် အမှတ်လက်္ခဏာများဖြင့် အလှပြယာဉ်းများအား ဆင်ယင်ခဲ့ကြ၏။ မဟာနွယ်အသင်းက မြန်မာမှုရိုးရာ ပန်းကနုတ်များ ဖြင့် ဟင်္သာရုပ်ကြီးကို ကားခေါင်း၌ အချိုးကျလှပစွာ ပြင်ဆင်ထားသည်။ မန္တလေးရှေးဟောင်း သုတေသန ပန်းချီဆရာ ဦးအုန်းမောင်က ပုံစံထုတ် ရေးဆွဲဖန်တီးခဲ့ခြင်းဖြစ်သည်။
နာမည်ကျော် ထီလာမောင်အသင်းကြီးကို ပန်းချီဆရာ ဦးဘသက်က ဒီဇိုင်းထုတ်ကာ ရေးဆွဲ ပြင်ဆင် ပေးခဲ့သည်။ ဆန်းသစ်သော ကနုတ်ဟန် ခေတ်ပေါ်ဒီဇိုင်းက ကားဘေးမှသည် ကားနောက် ဖျား၌ အမြီးပမာ ကော့တက် အုပ်မိုးထား၏။ ထိုအမြီးအောက် စင်မြင့်တွင် ရွှေရောင် သီဟာ သနပလ္လင် ပါရှိသည်။ ကားခေါင်း၌ နန်းမြင့်မျှော်စင် ဆင်ယင်ထား၏။ ကားတစ်စီးလုံး မီးသီး များဖြင့် ထွန်းညှိထားသည်။ ဆန်းသစ်လှပ တင့်တယ်မှုဖြင့် ထီလာမောင်က သရဖူဆောင်းခဲ့ သည့် နှစ်လည်း ဖြစ်သည်။ မြန်မာတို့၏ လွတ်လပ်ရေး အားမာန်နှင့် အမျိုးသားအမှတ် လက္ခဏာဖြစ်သော ဥဒေါင်းရုပ်များဖြင့် ခြယ်သပြင်ဆင်ထားသော အသင်းများမှာ မန္တလေး တက္ကသိုလ်မှ တက္ကသိုလ်မောင်၊ နေပြည်တော် ကြယ်နီရောင်နှင့် ချစ်ဆွေညီအသင်းတို့ ဖြစ် သည်။ တက္ကသိုလ်မောင်က ကားတစ်စင်းလုံး အစိမ်းရောင် လွှမ်းနေပြီး၊ ကားနဘေးတွင် ဒေါင်းတံဆိပ်အောက်ခံ၌ တက္ကသိုလ်ဟူသော စာလုံးအဝါကို ကြီးမားထင်ရှားစွာ ရေးဆွဲထား သည်။ ကားဦး၌ ကြော့မော့စွာ လည်ဆန့်ကာ တွန်ကြူးပြီး၊ ခြေတစ်ဖက်မြှောက်၍ အမြီးစု ဆန့်တန်းအားယူနေသည့် ဥဒေါင်းရုပ်လုံးကို စက်ဝိုင်းအကွင်းနှင့် လှပစွာ ဆင်ယင်ထား၏။
“နေပြည်တော်” အသင်းက ရွှေဝါရောင် ဥဒေါင်း ဦးခေါင်းကြီးက ကားဦးကို အုပ်ထားပြီး ရွှေဝါရောင် ဒေါင်းတောင်များကို ကားဘေးအချိုးကျစွာ စီခြယ်ထားသည်။ “ချစ်သွေးညီ”အသင်းက အစိမ်းနုရောင် ဥဒေါင်းရုပ်ကြီးဖြင့် သဘာဝနှင့် နီးကပ်စွာ ကားတစ်စင်းလုံးအား ဆင်ယင်ထားသည်။ “ကြယ်နီရောင်” အသင်းက ကားဦးတွင် ငါးမြှောင့်ကြယ်ရုပ်လုံးကြီးကို ကန့် လန်ဖြတ် တပ်ဆင်ပြီး၊ ဘေးတစ်ဖက်တစ်ချက်မှ ဥဒေါင်းရုပ်လုံး(၂)ကောင်က ဝန်းရံထားသည်။ အလားတူ “ခင်တို့မောင်” အဖွဲ့က “ကြိုးကြာ” ရုပ်လုံးကြီးကို ကားတစ်စင်းလုံး ငုံထားပြီး “ရွှေမန်းမောင်” က ချိုးဖြူရုပ်ကြီး ကားဦး၌ တပ်ထားသည်။ “ဘုရင့်မောင်” က ဧရာမ ရှင်ဘုရှင်ကြီး ကို ကားရှေ့၌ ချိတ်ဆွဲကာ ဘေးတစ်ဘက်တစ်ချက်မှ တိုင်ဆင်းနဂါးရုပ်လုံးကြီး (၂)ကောင်က ခြံရထား၏။ “ထီလာရေသဘင်” အဖွဲ့က ကရဝိက်ရုပ်လုံးကြီးကို အတောင်၊ ကိုယ်လုံး၊ အမြီးပါ မကျန် မြန်မာမှုများဖြင့် လှပစွာ ပြင်ဆင်ထားသည်။ မေမြို့(ပြင်ဦးလွင်) မန္တလေး ပြေးဆွဲသော M M.T.A မော်တော်ယာဉ်အဖွဲ့က ကားခေါင်း၌ ကြီးမားသော ဟင်္သာရုပ်လုံးကြီးနှင့် ပြင်ဆင် ထားသည်။ ဆိုင်းတန်းရပ်မှ ပန်းချီဆရာ ဦးလှပေါ်(ငှက်နီ လက်ဖက်ခြောက်)၏ လက်ရာဖြစ် သည်။
ခြင်္သေ့ရုပ်လုံးများဖြင့် ပြင်ဆင်ထားသော အသင်းများမှာ မန္တလေး အမျိုးသားကျောင်းမှ “ကျောင်းတော်ဗဟို” ပျိုတို့မောင် အဖွဲ့နှင့်၊ ဈေးချိုမောင်အဖွဲ့တို့ ဖြစ်သည်။ “ကျောင်းတော်ဗဟို” က မန်္တလေး ဗဟိုအမျိုးသားကျောင်း၏ အမှတ်လက္ခဏာဖြစ်သော ခြင်္သေ့ဆောင်ကို ဖော်ညွှန်း ကာ ကြီးမားသော “ခြင်္သေ့” တစ်ကောင် ရုပ်လုံးကို ကားဦး၌ တပ်ထားသည်။ ပျိုတို့မောင်က ခြင်္သေ့နှစ်ကောင်နှင့်၊ “ဈေးချိုမောင်” ကမူ ထူးခြားစွာဖြင့် မြန်မာမှုခြင်္သေ့မဟုတ်ဘဲ သဘာ၀ ခြင်္သေ့ ခြူးရုပ်၊ ရုပ်လုံးကြီးဖြင့် ပြင်ဆင်ထား၏။အခြားထူးခြားသော အပြင်ဆင်များမှာ ရွှေနန်းမောင်က ကားတစ်စင်းလုံး အဖြူရောင် ဖြင့် ရှင်းလင်းလှပစွာ ခြယ်သထားပြီး အဖြူရောင် ငွေခရု ရုပ်လုံးကြီးကို ကားခေါင်းပေါ် တင်ထားခဲ့သည်။ ရွှေစဉ်မောင်ကလည်း အဖြူရောင်ပေါ်တွင် အပြာနုရောင် ရေလှိုင်းနှင့် အမြောက်(၂)လက် ဆင်ထားသော တိုက်သင်္ဘောပုံဖြင့် ဆင်နွှဲသည်။ ပုလဲမောင်က ငါးရုပ်ကြီး (၂)ကောင် အလယ်မှ ရွှေကလပ်ဖြင့် တင်ထားသော ပုလဲလုံးကြီးနှင့် ပြင်ဆင်ထားသည်။ “နန်းမြင့်မောင်” က အမြောက်ကြီး(၄)လက်နှင့် တိုက်သင်္ဘောပုံကြီးဖြစ်သည်။ နန်းရှေ့မှပင် “ပြည်ထောင်စု နန်းရှေ့လှေယာဉ်တော်” အမည်ဖြင့် လှေကြီးပုံကို ယခင်နှစ်အတွင်း ပြင်ဆင် ကာ ဆက်လက်ဆင်နွဲှသည်။ ကားဦး၌ ဗိုလ်ချုပ်အောင်ဆန်းပုံကြီးက ခံ့ခံ့ညားညား…။ အာကာသယာဉ်ပုံဒီဇိုင်းနှင့် ထူးထူးခြားခြား အသင်းကား နာမည်ကလည်း ထူးခြားလှ၏။ “ဟဲ … ဟဲ … ဟဲ …”တဲ့။
ထိုနှစ်က လူပြောအများဆုံး ထူးထူးခြားခြား အသင်းတစ်သင်းမှာ ဧရာမ ကျားခေါင်း ကြီးနှင့် “ဥတ္တရတိုင်းစစ်ဌာနချုပ်” အသင်း အလှပြယာဉ်ဖြစ်သည်။ တိုင်းစစ်ဌာနချုပ် အမှတ် တံဆိပ် ကျားခေါင်းကြီးကို ပကတိအရှိ ပုံစံအတိုင်း ကားခေါင်းတစ်ခုလုံး ငုံကာ တည်ဆောက် ဆင်ယင်ထားသည်။ နန်းတွင်းမှ အထွက်တွင် မုခ်ပေါက်တံခါးပေါက်နှင့် မဆန့်သဖြင့် အပြင် ရောက်မှ ပြန်လည် တပ်ဆင်ရသည်ဟု ဆို၏။ ပြည်ထောင်စုသင်္ကြန်ကို သိရှိသူတိုင်းက ယခု အချိန် “ကျားခေါင်းကြီး” နှင့် သင်္ကြန်ဟု ပြောစမှတ် ပြုကြသည်။
“ပြည်ထောင်စုသင်္ကြန်” နှင့် ပတ်သက်၍ တခြား ပြောစမှတ်တစ်ခုမှာ မန္တလေး သင်္ကြန်၏ အထင်ကရ ပညာရှင်ကြီးများဖြစ်သော မြို့မငြိမ်း၊ ပန်းချီဦးဘသက်၊ ဦးကိုရင် (ဦးလေးရင်)၊ ဦးကိုလေး၊ တယောကိုကံ၊ တာပလာကိုထွန်းရင်၊ မီးပညာရှင် ဦးဘရှင်တို့သည် ပင်မမူလလက်ဟောင်း မြို့မအသင်း ဦးစီးဦးကိုင် မြို့မအသင်းသားဟောင်းများ ဖြစ်သော်လည်း ထိုနှစ်က မြို့မအသင်းနှင့် အဆင်မသင့် ခွဲခွာကာ ဦးကိုလေး၏ တောင်မြို့ A.M.B.A မော်တော် ယာဉ်အသင်းကို ဦးစီးပြီး စောင်းကောက်ပုံ အလှပြယာဉ်ကြီးဖြင့် ဆန်းသစ် ထူးခြားစွာ ရေသဘင်ပွဲ ဆင်နွှဲခဲ့သည်။
မန္တလေး ပြည်ထောင်စု သင်္ကြန်၌လည်း တစ်မြို့လုံး အုံးခြိမ့်ညံမျှ ဆင်နွှဲကြသောအခါ ဆရာမြို့မငြိမ်း က မိတ်ဆွေ တောင်မြို့ ဦးကိုလေးနှင့် တွဲဖက်ပြီး သံယောဇဉ်ကြီးသော မြို့မအသင်းသား လက်ဟောင်းကြီးများနှင့်အတူ အသင်းတစ်သင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
တူရိယာပစ္စည်းများကို တီးမှုတ်တတ်ကျွမ်းသူများက ဂီတအနုပညာအပေါ် နားမလည်နိုင် ကြသောအခါ ဂီတကို “ကကြီး” ပုတ်လောက် ရေးပြတောင် မသိနိုင်သည့် သာမန်ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာများဖြင့် သူလုပ်ချင်သော ဂီတအနုပညာအား ဖန်တီးပြမယ်ဟူသော မာနစိတ်ဖြင့် ဗြဗြ စောင်းကောက်အသင်းကြီးကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နှဲဆရာကြီး အမရပူရ ဆရာထပ်၏ အကူအညီဖြင့် ဝါးပလွေများကို သုံးစွဲကာ အုပ်စုဖွဲ့ သံစဉ်ခွဲပြီး လေ့ ကျင့် တီးမှုတ်စေခဲ့၏။ မြန်မာဖြစ် ဝါးပလွေ (၆၀) လက်၊ ဘူးခြောက်အတွင်း၌ မန်ကျည်းစေ့ များ ထည့်လှုပ်ရသော စည်း၊ ရေစည်ပိုင်းအား ရာဘာပြား ကြက်ထားသည့် စည်တိုနှင့် နိုင်ငံ ခြား တူရိယာပစ္စည်းဆို၍ ကလယ်ရီနက် တစ်ချောင်းသာ ပါဝင်၏။
ယခင်နှစ်ကတည်းက နာမည်ကြီးလှသော “ဝင်းလိုက်မယ်” အဖွဲ့မှ ချောမောလှပခေတ် ဆန်လှသော “ရတနာနတ်မယ်” အသွင်သင်္ကြန်မယ်နှင့် သူနိုင်ကိုယ်နိုင် အပြိုင်နွှဲနိုင်ရန် သီချင်း များလည်း ရေးစပ်ထား၏။ ရတနာနတ်မယ်အသွင် သင်္ကြန်မယ်က ဝင်းပဖြူအိ လုံးကြီး ပေါက်လှ ဘိုဆန်ဆန်အလှ၊ သူမ၏ ခေတ်မီမီ ဘိုဆန်ဆန်အကများနှင့် မြိုင်မြိုင်ကြီး တီး မှုတ်ကခုန်နိုင်ရန် ဆရာမြို့မငြိမ်းက ဂီတဖွဲ့စည်းသီချင်းများ ရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လည်း “ပြည်ထောင်စုသင်္ကြန်” နှစ်က ဆရာမြို့မငြိမ်းတို့၏ အမြင်ဆန်း၊ အသွင်ဆန်း၊ အသံဆန်း၊ ဂီတဆန်းများနှင့် စောင်းကောက်အလှပြယာဉ်ကြီးနှင့် ဝင်းလိုက်မယ်ကား နာမည်ကြီးလှပါဘိ။
တစ်ဖက်က မြို့မအသင်းကလည်း အပြာနု၊ အစိမ်းနုများ ငြိမ့်ငြိမ့်စီးစေသော ရေလှိုင်းပုံ ရေခံထည်နှင့် ကားခေါင်းတွင် ငန်းရုပ်လုံးကြီး ဆင်ယင်ထားသော ရှုမဝဦးကြီးငွေ၏ ဒီဇိုင်း အလှပြယာဉ်ကြီးနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲပြန်ကာ၊ ဧည့်ခံအမျိုးသမီး၊ အသင်းတစ်သင်း၌ မြို့မနှင့် စောင်းကောက်ကြီးတို့ ဆုံ၍များ ရောက်လာလျှင် အစဉ်အလာအရ မြို့မကို ဦးစားပေးရလျှင်လည်း တစ်ဖက်အသင်းက ဆရာမြို့မငြိမ်းနှင့် ဝါရင့် ဂီတပညာရှင် ကြီးများ ဖြစ်ပြန် …။
စောင်းကောက်ကြီးအား ဦးစားပေးပြန်လျှင်လည်း တစ်ဖက် အစဉ်အဆက် သမ္ဘာနှင့် ဝါနှင့် မြို့ကျက်သရေဆောင် အသင်းကြီး ဖြစ်ပြန်နှင့်၊ ဆုံးဖြတ်ရ ခက်ကြလှသည်ဟု ဆို၏။ မြို့မက ရှေ့ကဝင် စောင်းကောက်က နောက်ကလိုက် …၊ စောင်းကောက်က ရှေ့ကဝင်… မြို့မက နောက်ကလိုက်နှင့် အပြိုင်အဆိုင် ဆင်နွှဲကြသည့်နှစ်ဟု ဆို၏။
“ဝင်းလိုက်မယ်” ၌ မြို့မနှင့် စောင်းကောက် ဆုံ၍များ ရောက်လာလျှင် နှစ်သင်းစလုံး မျက်နှာပူစရာ ဖြစ်ကြရတော့သည်။ ဘယ်သူ့ကို ဦးစားပေးရလေမည်မသိ။
စောင်းကောက်အလှပြယာဉ်ကြီးပေါ်မှ ဝါးပလွေများ၊ ဘူးသီးခြောက်စည်းများ၊ ရာဘာ ပြားကြက်ရေစည်ပိုင်း စည်တိုများဖြင့် အုပ်စုဖွဲ့ တေးသံသာညက်ညက်တွင် ကလယ်ရီနက်၏ တေးသွား အဝင်အထွက် အလူးအလိမ့်များတွင် ဝင်းလိုက်မယ်မှ ရတနာနတ်မယ်က ဆိုက အလှုပ်အရှား ယဉ်ယဉ်လေးနှင့် သြဘာသံမစဲ ကပြခဲ့သည်ဆို၏။
ဆူးငှက်
××××× ×××××
(ဆက်ရန်)
