လှိုင်သာယာမှာ ကားဆင့်တိုက်မှုဖြစ်ပြီး သုံးနှစ်ကလေးအပါအဝင် နှစ်ယောက်သေ၊ နှစ်ယောက် ဒဏ်ရာရ

နိုဝင်ဘာ ၂၄ ၊ ၂၀၂၅
CC (VOM)
ရန်ကုန်တိုင်း ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၊ အလယ်ရွာ မှတ်တိုင်အနီးမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ ၊ မနက် ၁၀ နာရီကျော်လောက်က ကားဆင့်တိုက်မှုဖြစ်ပွားပြီး ကလေးငယ်တယောက်အပါအဝင် နှစ်ယောက် သေဆုံးပြီး နောက်ထပ်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ မှန်လုံကားတစီးက နောက်ထပ်ကားသုံးစီးနဲ့ ဆိုင်ကယ်ဘေးတွဲ သုံးစီးကို ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ ယာဉ်ဆင့်တိုက်မှုကြောင့် ဆိုင်ကယ်ဘေးတွဲမောင်းသူ အမျိုးသား နဲ့ အသက် သုံးနှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
” မှန်လုံကားက ဘရိတ်ပေါက်ပြီး ဘေးကကားတွေနဲ့ ဆိုင်ကယ်ဘေးတွဲတွေကို ယာဉ်ဆင့်တိုက်မှု ဖြစ် တာပေါ့။ အဲဒီမှာ ဆိုင်ကယ်ဘေးတွဲတစီးက မောင်းသူသေတယ်။ လိုက်ပါစီးနင်းတဲ့ ခရီးသည်ရဲ့ ကလေးငယ်သေဆုံးသွားတယ်။ ကလေးလေးက ယောကျ်ားလေးပါ ။ဒဏ်ရာရရတဲ့သူကတော့ အမျိုးသမီးတယောက်နဲ့ ယောကျ်ားလေး တယောက်ပါ။ အဲဒီနေရာက ဆီဆိုင်တွေ ကားတွေ နဲ့ရှုပ်နေတာ ။ ” လို့ ကရုဏာတွဲလက် ရှင်ရေးနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဦးက ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေ နဲ့ သေဆုံးတဲ့ ကလေးငယ် ၊ အမျိုးသားတယောက် အလောင်းကို ဆေးရုံကို ပို့ဆောင်ထားကြောင်း ၊ ယာဉ်ဆင့်တိုက်မှုဖြစ်ပွားခဲ့တဲ့ မှန်လုံကားယာဉ်မောင်းကိုလည်း ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ ၊ နေ့လယ် ၂ နာရီ ၃၅ မိနစ် လောက်ကလည်း ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် ၊ မော်တင်ယာယီစျေးရပ်ကွက် ၊ ကျောက်လမ်းပေါ်မှာ Light Truck ကားတစီးက လမ်းဘေးရပ်နေသူတွေကို ဝင်တိုက်မိပြီး နှစ်ယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ရန်ကုန် ၊ သုဝဏ္ဏ မြို့ဦးစေတီအနီး နဲ့ ကမာကြည်တံတားအကြားမှာ ကျောင်းကြို/ပို့ကားမှ ဆိုက်တွဲကို ဝင်တိုက်မိပြီး အမျိုးသမီးတယောက် သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
နိုဝင်ဘာ ၅ ရက်ကလည်း သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊တဆယ်တောင်၊တဆယ့်လေးရပ်ကွက်၊ (၁၃) ဂတ်ဆိုင်အရှေ့မှာ အမျိုးသမီးတယောက် ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ကားသမားကတော့ ထွက်ပြေးတိမ်းရှောင် သွားတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဦးစန်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW