သူတို့အိမ် အခန်း – ၃၄

ဆူးငှက်
ဟိုဟိုသည်သည် နေရာတွေရောက်ဖူးလား
———————————————-
ငယ်စဉ်ကတည်းက လူကြီးတွေနှင့် နေရာတကာ လိုက်တတ်တော့ အငြိမ့်၊ ဇာတ်၊ တီးဝိုင်း၊ ဘုရားပွဲ၊ ဆိုင်းပွဲကအစ လက်ဖက်ရည်ဆိုင် နှင့် ဘောလုံးပွဲတွေလည်း ရောက်ဖူးနေသည်။ ဒါဖြင့် လူကြီးတွေနှင့် ဆိုတော့ ဟိုဟိုသည်သည် တွေလည်း ရောက်ဖူးမှာပေါ့ဟု မေးစရာရှိပါ၏။ ဟုတ်ကဲ့ ကျွန်တော့် ဦးလေးများ အစ်ကိုများက စည်းရှိပါသည်။ သူတို့ကိုယ်နှိုက်က လူပျိုလူလွတ်များ ဖြစ်သော်လည်း မိသားစုအသိုင်းအဝန်းကြီးနှင့် နေထိုင်ကြရသည့် အပြင် တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေချည်းမို့ ဟိုဟိုသည်သည် ဟော့ဟော့ရမ်းရမ်း မရှိကြတာ သေချာပါသည်။ သို့သော် တစ်ခုတော့ ရှိပါသည်။ သူတို့အားလုံး၏ ၇၀ရာခိုင်နှုန်းကတော့ နေညိုလျှင်တော့ လေပြိုတတ်ကြပါ၏။ ထို့ကြောင့် ဗထူးကွင်းက ဘောလုံးပွဲ အပြီးလို အချိန်မျိုးဆိုလျှင် လေပြိုချိန်မို့ အပြန်မှာ လမ်းသင့်သည့် မင်္ဂလာဈေးဘားသို့ ဝင်တတ်ကြပါသည်။
ထိုစဉ်က အရက်ကိုလည်း အစိုးရ၏ ကော်ပိုရေးရှင်း ၄ လက်အောက်ရှိ ဆိုင်များကသာ ရောင်းချခွင့် ရှိသည်။ ပြည်တွင်းဖြစ်နိုင်ငံခြားအရက်ဟုခေါ်သော ရမ်၊ အိုးဘရမ်ဒီ၊ ဘရမ်ဒီ စသော အရက်များကိုလည်း စားပွဲရုံကြီးများတွင် လိုင်စင်ဖြင့် ရောင်းချရသည်။ ကျွန်တော့် အစ်ကိုတွေ ဦးလေးတွေကတော့ အရက်ဖြူပဲပေါ့။ ထို့ကြောင့် ဗထူးကွင်းက ပြန်လျှင် မင်္ဂလာဈေး မြောက်ဘက် ၇၃လမ်းပေါ်က မင်္ဂလာဘားရှေ့ စက်ဘီးလေး ထိုးလိုက်ကြသည်။ ကျွန်တော့်ကိုတော့ အထဲကို မလိုက်စေဘဲ စက်ဘီးနား ရပ်စောင့်ခိုင်းသည်။ မကြာပါ အလွန်ဆုံးကြာ နာရီဝက်ပေါ့၊ ဆေးပေါလိပ်လေး လက်ကြားညှပ်၊ လက်ညှိုးလေးကို လျှာနှင့်တို့ကာ ထွက်လာပါသည်။ တစ်ခါတရံ လူစုံလို့ ဝိုင်းထိုင်ကြမည် ဆိုလျှင် ကျွန်တော့်ကို မသောက်တတ်သည့် အစ်ကိုများ၏ စက်ဘီးနှင့် ပြန်နှင့် ခိုင်းပါသည်။ ထို့ကြောင့် အစ်ကိုတွေ ဦးလေးတွေနှင့် မင်္ဂလာဘား သာမက၊ အိမ်နားက ဥယျာဉ်တန်းဘား၊ ထိုင်စိန်ကဖေးအရှေ့ဘက်က ၂၉လမ်းဘား၊ ၃၆လမ်းဘား၊ ပိုက်ကျုံးဘား၊ ၁၉လမ်းဘက်က ညောင်ပင်ဈေးဘား၊ ရဟိုင်းဈေးဘား စသည်တို့လည်း ရောက်ဖူးသည်။
ထို့ပြင် တစ်နှစ်လျှင် တစ်ကြိမ်လောက်တော့ ဦးလေးများ အစ်ကိုများက လူစုပြီး ယဉ်ပျံထန်းတော၊ အိမ်ရှေ့မင်း ထန်းတော၊ တံခွန်တိုင် ထန်းတောများသို့လည်း သွားကြပါသေး၏။ ထိုအခါ မသောက်တတ်သည့် အစ်ကိုများပါ ထန်းရည်ချိုနှင့် အမဲသားသုတ် အမြီးစားဖို့ လိုက်ပါကြသည်။ ထိုစဉ်ကာလက ဘူတာကြီး အနီး ၇၈လမ်းပေါ်က ဧဝရတ်ဟော်တယ်က နာမည်ကြီးပေါ့။ ပြည်တွင်းဖြစ် နိုင်ငံခြားအရက်များ ရသည်။ မန္တလေး၏ ကြေးရတက်များ ထိုင်လေ့ရှိသည်။ ထိုလိုနေရာမျိုးတော့ ဦးလေးများ အစ်ကိုများလည်း မရောက်ဖူးလို့ ကျွန်တော်လည်း မရောက်ဖူးခဲ့။ ရုံတော်ကြီးက စားပွဲရုံ အချို့ကိုလည်း တစ်နှစ် တစ်ခေါက်လောက် ရောက်ဖူးကြပါသည်။ အမျိုးထဲက မင်္ဂလာဆောင်ရှိလျှင် ကာလသားကြေးခဲဖိုးရသည်ကို ထိုစားပွဲရုံများတွင် တောက်တောက်ကြော်၊ ကုန်းဘောင်ကြီးကြော်၊ ဝက်စတူး နှင့် ငါးခေါင်းဟင်းရည်မှာကာ ၂၉လမ်းဘားက မှောင်ခို တောပုလင်းလေး စာပွဲအောက် ဖွက်ပြီး စားသောက်ကြခြင်း ဖြစ်သည်။
မြတ်လေး ကောလိပ်ဂျင် ပရိသတ်
————————————–
ဟိုဟိုသည်သည် အပျော်အကြူး မလွန်ခဲ့ကြသည့် ဦးလေးများ အစ်ကိုများက လူပျိုလူလွတ်များမို့ ရုပ်ရှင်ကိုလည်း ကားလဲတိုင်း မလွတ်တမ်း ကြည့်ကြတာလား၊ ဒီလိုလည်း မဟုတ်။ မြန်မာကားမှာ အဓိက မင်းသားရွေးကြသည်။ မင်းသမီးကို မရွေးလှ။ ဦးလေးများက မြတ်လေး၊ ကောလိပ်ဂျင်နေဝင်း နှင့် ကျော်ဆွေ ကြိုက်သည်။ အစ်ကိုတွေက ညွန့်ဝင်း ပရိသတ်၊ ဝင်းဦးတောင် သိပ်မစွဲလှ။ အစ်မတွေက ညွန့်ဝင်း၊ ဝင်းဦးပေါ့။
ကျွန်တော် သတိထားမိ သလောက် ဦးလေးတွေ အစ်ကိုတွေ အစ်မတွေရော ရုပ်ရှင်ကို မက်မက်ကပ်ကပ် မရှိကြလှ။ အင်္ဂလိပ်ကား ဆိုရင်တော့ ဦးလေးတွေ အစ်ကိုတွေက ကောင်းဘွိုင်ကားလိုမျိုး၊ စစ်ကားလိုမျိုး ကြိုက်ကြသည်။ ဒါလည်း ပွဲတိုင်းမကျော် ခဲ့ကြ။ သူတို့ ပွဲတိုင်း မကျော်သော အခါ ကပ်ပါး ကျွန်တော်လည်း ရုပ်ရှင်တွေနှင့် ထဲထဲဝင်ဝင် မရင်းနှီးလှပေ။ သူတို့ကြိုက်၍ အကြိမ်ကြိမ် ကြည့်ခဲ့ကြသော ဇာတ်ကားက ဆိုင်းတန်းရုံတွင် တစ်ဝက်ခ အဖြစ်ပြန်ပြလျှင် ကျွန်တော့်ကို မဖြစ်မနေခေါ်ပြီး သူတို့လည်း ပြန်ကြည့်သည်။ ရုပ်ရှင်ရုံက အပြန်မှာ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ထိုဇာတ်ကားအကြောင်း အသစ်ပမာ ပြန်လည် စားမြုံ့ပြန်ကြတော့ တစ်ကြိမ်သာ ကြည့်ဖူးသော ကျွန်တော်လည်း ဇာတ်ဝင်စကားတွေကိုပင် အလွတ်ရလာ သည်။ ဘာတဲ့….
“ရန်ကုန်ဆိုတာက ဒွေးလေးရေ …၊ သွားသုတ်သုတ် လာသုတ်သုတ်နဲ့ လူတွေကလည်း တကုပ်ကုပ်နဲ့ လက်လှုပ်ခြေလှုပ် အလုပ်လုပ် နေရတယ် … ဒါမှလည်း ပါးစပ်လှုပ်နိုင်မှာ မဟုတ်လား … ဒွေးလေးရေ …””
ရွာအပြင်ဘက် စိုက်ခင်းယာကွက် စည်းရိုးနဘေး မြေလမ်းလေးအတိုင်း မင်းသားမြတ်လေးက ဇာတ်ရံမင်းသမီးကြီး ဒေါ်ဂျမ်းစိန်နှင့် လမ်းလျှောက်ရင်း စကားပြောလာသည်။ မင်းသားက ထန်းလက်ဦးထုပ်ကို ဆောင်းကာ ဖျဉ်အင်္ကျီ လက်ရှည် စတစ်ကော်လံနှင့် ပုဆိုးကို တိုတို ဝတ်ထားသည်။ စကားလုံး၏ လေယူလေသိမ်း အဖြတ်အတောက် နှင့်အတူ ပုခုံးကို စည်းချက်ကျကျ မြှောက်ရင်း လမ်းလျှောက်၏။ ပရိသတ်အားလုံးမှာ ရုပ်ရှင် ဇာတ်လမ်းထဲ နစ်မြောနေသည်။ “မြို့ခင်းသာကျောက်ခဲ” ကရော … ဘာဖြစ်ဦးမှာလဲ။ ရုပ်ရှင်ရုံတစ်ရုံလုံး အပ်ကျသံ ကြားရလောက်အောင် ငြိမ်သက်နေ၏။
ကျွန်တော်လည်း မင်းသား၏ စကားလုံး အနိမ့်၊ အမြင့်၊ အဖြတ်အတောက်နှင့်အတူ ရင်ခုန်သံစည်းချက် က ကိုက်ညီလှိုက်မောနေရာမှ ခုံအောက်ချထားသော ခြေထောက်အောက်သို့ အေးစက်စိုစွတ်သော အတွေ့အထိကို ရုတ်ချည်းခံစားလိုက်ရသည်။ ပိတ်ကားမှ အလင်းရောင်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်တော့ ရေစီးကြောင်းတစ်ကြောင်းက တွန့်လိန်ကောက်ကွေ့ စီးလာသည်။ နောက်ဘက် ခုံတန်းဆီမှလည်း ချိုးချိုးချွတ်ချွတ်နှင့် တရဲှရှဲအသံကို ကြားရ၏။ ရုတ်ခြည်း ခြေထောက်မ,တင်လိုက်ရသည်။ ရုပ်ရှင်ပြသချိန်တစ်ဝက် လောက်မှာ မိမိခြေထောက်အောက် ရောက်လာသော ရေစီးကြောင်းက ရေဗူးမှောက်ကျတာ မဖြစ်တန်ရာ။ တရှဲရှဲအသံနှင့်အတူ ခပ်စူးစူးအနံ့ ကြောင့် ကလေးတစ်ယောက်၏ ကျင်ငယ်တော့ ဟုတ်ပုံမရ …။ ရုပ်ရှင်အရသာ ပျက်မှာစိုးသဖြင့် အိမ်သာအထိ မထွက်နိုင်သည့် ခပ်ရွတ်ရွတ် ခပ်ကြမ်း ကြမ်း မိန်းမတစ်ယောက်ပဲ ဖြစ်လိမ့်မယ်။
““ဝါး … ဝါး … ဝါး …””
(ဖြန်း …၊ ဖြန်း၊ ဖြန်း)
““တိတ် … တိတ် …၊ မငိုနဲ့ အခုတိတ် …၊ အားလပ်ချိန်ပေးတော့ ဝယ်ကျွေးမယ်၊ အခု မတိတ်ရင် ထပ်ရိုက်ဦးမှာ …””
ရှေ့ဆုံး ငါးမူးတန်းမှလည်း ရုပ်ရှင်ဇာတ်ကားကောင်းချိန်မှ ကလေးက စူးစူးဝါးဝါး ငိုပြန်သည်။ မအေလုပ်သူက တဖြန်းဖြန်း ရိုက်ရင်း အငိုတိတ်စေ၏။
အသံထွက် ရုပ်ရှင်ရုံကြီးမှာ
—————————–
ကျွန်တော်တို့ ငယ်စဉ်က ဆိုင်းတန်းနေပြည်တော် အသံထွက် ဓာတ်ရှင်ရုံကြီးတွင် ရုပ်ရှင်ကြည့်ကြရသည်။ ထိုစဉ်က မန္တလေးတွင် ရုပ်ရှင်ရုံ ၉ ရုံရှိသည်။ လက်ဆည်ကန်က ဝင်းလိုက်ရုံ၊ သံလမ်းက တော်ဝင်ရုံ၊ တရုတ်တန်းက ရွှေနဂါးရုံ၊ ကျုံးထောင့်က မစိုးရိမ်ရုံ၊ ၈၁လမ်း ရေစင်ကြီးနားက မြို့မရုံ၊ ၈၃ လမ်း နေသူရိန်ဝင်းမြောက်ပေါက်က မြို့ဂုဏ်ရောင်ရုံ၊ ညောင် ပင်ဈေးက မျိုးမြင့်ရုံ၊ ဆိုင်တန်းက နေပြည်တော်ရုံ၊ ဒေးဝန်းက ရတနာပုံရုံတို့ဖြစ်၏။
ထိုရုံများ အနက် ဝင်းလိုက်က အကောင်းဆုံး အခမ်းနားဆုံးဖြစ်သည်။ ရုံက သန့်ရှင်းသည်။ တည်ဆောက်ပုံ ကောင်းသည်။ ကျယ်ဝန်းသည်။ နိုင်ငံခြား ဇာတ်ကား အများဆုံးပြသ၏။ မြို့လယ်ရုံများ ဖြစ်သော တော်ဝင်၊ ရွှေနဂါး၊ မြို့ဂုဏ်ရောင်၊ မြို့မတို့လည်း မဆိုးလှ။ မစိုးရိမ်ကလည်း အိန္ဒိယဇာတ်ကားများ အပါအဝင် နိုင်ငံခြားကားများ ပြသ၏။ ရုံအနေအထားက ကျယ်ဝန်းသည်။ မျိုးမြင့်၊ ဆိုင်းတန်း၊ ရတနာပုံတို့ကား မြို့ပတ်ရုံများဖြစ်၏။ ထိုစဉ်က ရုပ်ရှင်ရုံများ၏ တန်းတူ အရည်အချင်း တစ်ခုမှာ ပိုးသတ်ဆေးစော်နံခြင်းနှင့် ကြမ်းပိုးကိုက်ခြင်းတို့ ဖြစ်သည်။ ဝင်းလိုက်ကတော့ အတော်အတန် သန့်ရှင်းပါ၏။
သို့သော် ထိုစဉ်က မန္တလေး လူဦးရေနှင့် ထို ၉ရုံ ဆိုသော အရေအတွက်မှာ မနည်းမများမို့ နေ့စဉ် ၄ ပွဲစလုံး လူစည်ကားနေသည်။ မြန်မာကား First day, First Show ဆိုလျှင် ခါးတောင်းကျိုက်၍ တိုးပေ၊ ခွေ့ပေတော့။ လူတစ်ကိုယ်စာ ဝင်သာရုံ ၁၅ ပေခန့် ရှည်သည့် သစ်သားလှောင်အိမ် အပေါက်ဝထဲ ဝင်ခွင့်ရရန် တကျိတ်တခဲ တိုးကြရသည်။ သက်ဆိုင်ရာ လုံခြုံရေးကလည်း ကြိမ်ဖြင့် တဖြန်းဖြန်းရိုက်၊ ရုံထဲရောက်တော့ လူတစ်ကိုယ်လုံး ချွေးသံတရွှဲရွှဲနှင့် စုတ်ပြတ်သတ်။ စနစ်တကျ တန်းစီဝင်စေသော လုံခြုံရေးအစောင့်အကြပ် များစွာနှင့် ရုပ်ရှင်ရုံမှာတော့ တန်းစီလူတန်းကြီးက တစ်ခါတစ်ရံ ပြပေါက်နီးပါး ရှည်လျားသည်။
ရုပ်ရှင်ကြည့်ပြီး ပြန်လာပြန်လျှင်လည်း ထိုဇာတ်ကားအကြောင်း တစ်ပတ်နီးပါး ပြောမဆုံးတော့။ မြို့ပတ်ရုံများ ဖြစ်သည့် မျိုးမြင့်လို၊ နေပြည်တော်လို၊ ရတနာပုံလို ရုံများ၌ ကလေးကငို သေးကစို၊ တနံနံ တစော်စော်ဖြစ်သော်လည်း တိုးဝှေ့ကာ တကျိတ်တခဲ အားပေးကြရသည်။
ဟိုတုန်းက ဓာတ်ရှင်ရုံတွေ
——————————
ယခင်က မန္တလေးတွင် အယ်လ်ဖင်စတုန်း ရုပ်ရှင်ရုံက ကနဦးအစ ဖြစ်ပေမည်။ ထိုရုပ်ရှင်ရုံက ယခု ၂၆ ဘီလမ်း (အာဇာနည်လမ်း) ဘက် မျက်နှာမူထားသည်။ အော်တိုတယ်လီဖုန်းရုံး (ယခင်ကြေးနန်းရုံ) တောင်ပေါက်နှင့် ဓားလွယ်ခုတ်လောက် နေမှာပေါ့။ ယခုအခါ အဆင့်မြင့်ရုပ်ရှင်ရုံနှင့် ဈေးဆိုင်ခန်းများ အသစ်အဖြစ် တည်ဆောက် ထားသော မစိုးရိမ်ရုံနေရာက ယခင်ရှိဖူးသည့် ရုပ်ရှင်ရုံမှာ ‘သီပေါ ‘ ရုံဟု ဆိုသည်။ ဇာတ်ပွဲများ၊ ကပွဲများလည်း ရုံသွင်း ကပြခဲ့ကြသည် ဆို၏။ အယ်လ်ဖင်စတုန်း ရုံပျက်ပြီးသောအခါ နောက်ကျောရှိ ရွှေတိုက်ဝန်မင်း နေထိုင်ရာဝင်းအတွင်း ရွှေတိုက်ရုံဟူ၍ ရုပ်ရှင်လည်းပြ၊ ဇာတ်ပွဲ၊ ဆပ်ကပ်ပွဲများ လည်း ရုံသွင်းသော ရုံတစ်ရုံရှိခဲ့သည်။ ၁၉၆ဝ ကျော်ဝန်းကျင်က ရုပ်ရှင်ပြသနေစဉ် ပြိုကျ ပျက်စီးသွားခဲ့သည်။ ပုလဲငွေရောင်ရပ် ၈၃လမ်းနှင့် ၈၆ လမ်းကြား၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား တောင်ငူမင်းသား ဝင်းတွင်လည်း ရုပ်ရှင်တစ်ရုံ ရှိခဲ့ဖူးသည်။ ပုလဲစီနီမာဟု ခေါ်တွင်ကြောင်း သိရသည်။ ၁၉၆ဝခန့်က ဖျက်သိမ်းခဲ့သည် ဆို၏။
အလားတူ ၈၄ လမ်း ကွမ်းခြံရပ်တွင် ‘အောင်စီနီမာ’ ဟူသော ရုပ်ရှင်ရုံတစ်ရုံလည်း ရှိခဲ့ဖူးသည်။ ဖျက်သိမ်းခဲ့ သည်မှာ ကြာပေပြီ။ ယခု မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံက ယခင် ‘မြန်မာညွန့်’ ရုပ်ရှင်ရုံဟု အမည်တွင်ခဲ့သည်။ မြန်မာညွန့်ကလည်း မီးလောင်ပြီး နောက်ပိုင်း မြို့ဂုဏ်ရောင် ဖြစ်ခဲ့သည် ဆို၏။ မြို့ဂုဏ်ရောင် ကလည်း ၁၉၈၄ မီးကြီးတွင် ပါသွားခဲ့သည်။ မြို့မရုပ်ရှင်ရုံကို ယခင်က ‘ပါရမောင့်ရုံ’ ဟု ခေါ်ခဲ့ကြ၏။ ယခင်က အိန္ဒိယဇာတ်ကားများ အပြများခဲ့သည်။ ၁၉၈၄ ခုနှစ် မီးကြီးတွင် လောင်ကျွမ်းခံရကာ ယခုအခါ မန္တလေး၏ ပထမဆုံး အဆင်မြင့် ရုပ်ရှင်ရုံသစ် ဖြစ်ခဲ့သည်။ ရွှေနဂါးရုပ်ရှင်ရုံသည် ယခင်ကတည်းက မူလထုံးစံအတိုင်း ရှိခဲ့ပြီး ၁၉၈ဝ ဝန်းကျင်က လေနီကြမ်းဒဏ်ဖြင့် အမိုးများ လန်ကာ ပျက်စီးခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်နီးပါးက ရုပ်ရှင်ရုံအဖြစ်မှ ယခုအခါ စူပါမတ်ကက်နှင့် ကွန်ဒိုကြီး ဖြစ်သွားသည်။ မျိုးမြင့်ရုပ်ရှင်ရုံမှာလည်း ယခုအခါ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်မှ ကိုယ်ပွားသတင်းစာတိုက် ဖြစ်နေပြီ။
ဆိုင်းတန်းရပ်ရှိ ဆိုင်းတန်းနေပြည်တော ်ရုပ်ရှင်ရုံကို သက္ကရာဇ် ၁၃၁၈ ခု ပြာသိုလပြည့်ကျော် (၄) ရက် (၅) ရက် (၆) ရက်နေ့များတွင် မန္တလေးစာရေးဆရာအသင်းက ကြီးမှူး ကျင်းပသော ဂင်္ဂါမာလ ရေသည် ပြဇာတ်ဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်က မီးဘေးသင့်ခဲ့ပြီး နောက်တော့ အဆင့်မြင့် ရုပ်ရှင်ရုံကြီး အဖြစ် မြန်မာရုပ်ရှင်ကား များပြသ သည်။ တော်ဝင်ရုပ်ရှင်ရုံမှာ ယခင်က မြန်မာကားသစ်များ ပြသခဲ့ ပြီးယခုအခါ ဖျက်သိမ်းပြီးပြီ ဖြစ်သည်။ အနောက်ပြင်ရှိ ရတနာပုံ ရုပ်ရှင်ရုံမှာလည်း ပိတ်သိမ်း ထားသည်မှာ ကြာပေပြီ။ မြို့လယ်ရှိ ဝင်းလိုက် ရုပ်ရှင်ရုံမှာကား ၁၉၄၈ ခုနှစ်တွင် ဝင်းမင်းဝင်းကုမ္ပဏီမှ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတွင် ရုပ်ရှင်ရုံကြီးများ အပြောင်းအလဲနှင့်အတူ ရှေးယခင်ကတည်းက စွဲစွဲမြဲမြဲ သုံးစွဲခဲ့သော ‘ဓာတ်ရှင်ရုံ’၊ ‘ဓာတ်ရှင်’ ဟူသော အသုံးအနှုန်းလည်း ပျောက်သလောက် ဖြစ်သွားခဲ့၏။ ဘာသာ သာသနာအပေါ် ကိုင်းရှိုင်း အလေးထားလွန်းသော မြို့မို့ ‘မဟာမုနိ ရုပ်ရှင်တော်မြတ်’ ဟူသော ဘွဲ့တော်ကြောင့် ရုပ်ရှင်ဟူသော စကားလုံးကို ‘မဟာမုနိ’ ကိုယ်တော်ကြီးနှင့် တန်းတူထား၍ သုံးနှုန်းရန် မဝံ့ရဲကြ။ ထို့ကြောင့် ‘cinema’ ကို ရုပ်ရှင်ဟု မသုံးနှုန်းဘဲ ‘ဓာတ်ရှင်’ ဟု မြန်မာဆန်စွာ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW