ဂျကာတာ၊ ဒီဇင်ဘာ-၂-၂၀၂၅
မျိုးဆက်(VOM)
အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေ ကြောင့် သေဆုံးသူဦးရေဟာ ၅၀၀ ကျော်အထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးသမားတွေဟာ ရေဘေးသင့်ဒေသတွေကို ရောက်ရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
အစိုးရ၏ သဘာဝဘေးအန္တရာယ်အေဂျင်စီ၏ အဆိုအရ မလက္ကာရေလက်ကြားပေါ်မှာ ဖြစ်ပေါ်လာတံ့ ရှားရှားပါးပါး ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေဟာ ပြည်နယ်သုံးခုကို ထိခိုက်စေခဲ့ပြီး လူပေါင်း ၁ ဒဿမ ၄ သန်း ရေဘေးသင့်ခဲ့ပါတယ်။
နောက်ထပ် လူ ၅၀၀ ပျောက်ဆုံးနေဆဲဖြစ်ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ အရှေ့တောင်အာရှရှိ အင်ဒိုနီးရှားမှာ မကြာသေးမီရက်တွေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသလို ထိုင်း၊ မလေးရှားနံ့ သီရိလင်္ကာတို့မှာလည်း ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ထောင်ကျော်ရှိလာပါတယ်။
အင်ဒိုနီးရှား အာချေး၊ မြောက်ဆူမာတြားနဲ့ အနောက်ဆူမာတြားပြည်နယ်တို့ဟာ အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
ရေကြီးရေလျှံမှုတွေဟာ ဆူနာမီဝင်လာတယ်လို့ အာချေးပြည်နယ် ပီဒီဂျာယာ ခရိုင်မှ ဒေသခံ အာရီနီ အမာလီယာကပြောပါတယ်။ “ကျွန်မရဲ့အဖွားပြောတာက ဒါဟာ အဆိုးရွားဆုံး၊ သူ့ဘဝမှာ အဆိုးရွားဆုံးပါပဲ” လို့ အမာလီယာက ဆိုပါတယ်။
ဒေသခံ အတော်များများဟာ အစားအစာအကူအညီကို စောင့်ဆိုင်းနေကြဆဲဖြစ်ပြီး တချို့က နှစ်ရက်သုံးရက်လောက် မစားရသေးဘူးလို့ ပြောပါတယ်။ အင်တာနက်ချိတ်ဆက်မှုနဲ့ သန့်ရှင်းတဲ့ရေလိုမျိုး အခြေခံလိုအပ်ချက်တွေ ရရှိဖို့အတွက် ဒေသခံတွေဟာ ကီလိုမီတာပေါင်းများစွာ လမ်းလျှောက်ရတယ်လို့ ပြောပါတယ်။
ဒေသန္တရအာဏာပိုင်တွေက Starlink စက်ပစ္စည်းတွေ ထောက်ပံ့ပေးထားတဲ့ အာချေးပြည်နယ် အလယ်ပိုင်းမှာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ တနင်္ဂနွေနေ့ညက ထောင်ပေါင်းများစွာသော လူတွေ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။
“လိုင်းမမိတာ ငါးရက်ရှိပြီ။ ကွန်ရက်ပြန်ကောင်းလာမလားဆိုပြီး မနေ့ကကတည်းက စောင့်နေတာ။ ဘန်ဒါအာချေးက အမေ့ကို ဖုန်းဆက်ဖို့ စီစဉ်ထားပေမယ့် အခုချိန်ထိ အမေ့ကို ဆက်သွယ်လို့ မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
Ref:BBC
Photo:Getty Images
