ဂျကာတာ၊ ဒီဇင်ဘာ-၄-၂၀၂၅
ရတီ(VOM)
အရှေ့တောင်အာရှ နိုင်ငံလေးနိုင်ငံမှာ လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ပြီးနောက် မိုးရွာသွန်းမှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွေကြောင့် ရေကြီးရေလျှံမှုဒဏ်ခံနေရတဲ့ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုများပြားလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
အင်ဒိုနီးရှားမှာ ကြာသပတေးနေ့ကနေ သောကြာနေ့အထိ အလယ်အလတ်မှ ပြင်းထန်တဲ့ မိုးရွားသွန်းမှုတွေ ဖြစ်လာမယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေ စတင်နေပေမယ့် ပြီးခဲ့တဲ့ အပတ်က ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်စေလောက်တဲ့အထိ မဆိုးရွားသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ယခင်ရေဘေးကြောင့် ကြာသပတေးနေ့အထိ သေဆုံးသူဦးရေမှာ ၇၇၆ ယောက်ရှိပြီး ဝေးလံခေါင်သီပြီး လက်လှမ်းမမီတဲ့ ဒေသတွေရှိ ဒေသခံတွေဟာ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေဆဲဖြစ်ပါတယ်။လူ ၅၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်ကြုံနေပါတယ်။
“ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် လက်ရှိမိုးလေဝသ သတိပေးချက်အပေါ် ကျွန်မတို့ ကြောက်နေကြပါတယ်။ မိုးရွာပြီးရင် ရေတွေပြန်မကျဖြစ်မှာ စိုးရိမ်တယ် ” လို့ မြောက်ဆူမာတြား ပန်ဒန်ရှိ ခိုလှုံရာနေရာတခုမှာ နေထိုင်နေရတဲ့ အသက် ၅၄ နှစ်အရွယ် ဆာဘန်ဒီက ဆိုပါတယ်။
သီရိလင်္ကာမှာတော့ အနည်းဆုံး လူ ၄၇၉ ယောက် သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကာ သမ္မတက နိုင်ငံတကာ အကူအညီ တောင်းခံထားရပါတယ်။ အိမ်တွေ၊ စက်မှုလုပ်ငန်းတွေနဲ့ လမ်းတံတားတွေ ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံအထိ လိုအပ်မည်ဟု ခန့်မှန်းထားပြီး သုံးနှစ်တာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းမှ ပြန်လည်နိုးထနေရတဲ့ ခက်ခဲတဲ့ ကာလတခုဖြစ်ရှိနေပါတယ်။
အာရှတစ်ဝန်းမှာ ရာသီအလိုက် မုတ်သုံမိုးရွာသွန်းမှုကြောင့် လယ်သမားတွေအတွက် အကျိုးရှိပေမယ့် မကြာသေးမီကာလတွေအတွက်ူ ရာသီဥတုပြောင်းလဲမှုကြောင့် ဒေသတွင်းမှာ ထိခိုက်မှုတွေ ပိုမိုဆိုးရွားလာပါတယ်။
ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တဲ့ မကြုံစဖူး မုန်တိုင်း နှစ်ခုကြောင့် သီရိလင်္ကာ၊ ဆူမားတြား၊ ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ အစိတ်အပိုင်းတွေနဲ့ မလေးရှားမြောက်ပိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စိန်ခေါ်မှုဖြစ်စေခဲ့ပါတယ်။
Ref:CNA
Photo:AFP
